ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြ၀င်း အငြိမ်းစားယူ
သျှမ်းသံတော်ဆင့်
မန္တလေးတိုင်း ပြင်ဦးလွင်မြို့(မေမြို့)၌ ဖွင့်လှစ်ထားသော နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ ကျောင်းအုပ် ကြီး ဗိုလ်ချုပ်မြ၀င်းသည် မကြာသေး ခင်က ရာထူးမှ အနားယူလိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက် တစ်ခု အဆိုအရ သိရသည်။
ဇန္န၀ါရီလလယ်ပိုင်းက မြန်မာစစ်တပ်အတွင်း အလယ်အလတ်အဆင့်ရှိ တပ်မှူးများ ရာထူးနေရာ အပြောင်းအ လဲပြုလုပ်သည်။ မြန်မာစစ်တပ်အတွင်း ရာထူးနေရာ အပြောင်းအလဲများ ပြုလုပ်ခဲ့ရာတွင် ဗိုလ်မှူးကြီးနှင့် ဒု-ဗိုလ်မှူးကြီးအချို့အား နည်းဗျူဟာမှူးများ အဖြစ် လည်းကောင်း ဗိုလ်မှူးချုပ် ၀င်းသိန်းအား အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် ဒုတိုင်းမှူးအဖြစ် လည်းကောင်း ပြောင်းရွေ့စေခဲ့ခြင်းဖြစ်သည်။
၎င်းကိုယ်တိုင် နှုတ်ထွက်စာတင်ခဲ့ခြင်းကြောင့် ရာထူးမှအနားပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လစ်လပ်သွားသည့် ကျောင်းအုပ်ကြီး ရာထူးတွင် အစားထိုးခန့်အပ်မှု အခြေအနေကိုမူ မသိရှိရသေးကြောင်း အဆိုပါ သတင်းရပ် ကွက် က ပြောသည်။
အဆိုပါ ဗိုလ်ချုပ်မြ၀င်း အငြိမ်းစားယူခြင်း နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
Ref; သျှမ်းသံတော်ဆင့် (01 ဖေဖော်ဝါရီလ 2010)
အပစ်အခတ်ရပ်စဲရေး ဆက်ထိန်းသွားလိုကြောင်း မွန်ပြည်သစ် ပြောကြား
ဝီရ - ခေတ်ပြိုင်
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့်နောက်ပိုင်း နအဖစစ်အစိုးရနှင့် တင်းမာမှု ပိုများလာခဲ့ပြီး ရရှိထားသည့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားရန် နအဖစစ်အစိုးရ၌ တာဝန်ရှိကြောင်း မွန်ပြည်သစ်ပါတီက ပြောကြ
ားလိုက်သည်။
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က “နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတာကြောင့် နအဖနဲ့ ကျနော်တို့ပါတီအကြားမှာ တင်းမာမှုတွေ ပိုများလာတယ်။ ဒါပေမယ့် စစ်ရေးအရ ဖိအားပေးတာမျိုး ရှိခဲ့ရင်တော့ ကျနော်တို့ဘက်ကလည်း ပြန်ကာကွယ်ရလိမ့်မယ်။ ငြိမ်းချမ်းရေးကို ကျနော်တို့ဘက်က စဖျက်မှာတော့ မဟုတ်ဘူး။ ဒါကြောင့် ဒါကို ထိန်းသိမ်းသွားဖို့က နအဖဘက်မှာလည်း တာဝန်ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားတို့၏ လိုလားချက်အတိုင်း ပြန်လည်ပြင်ဆင်သုံးသပ်ခြင်းမရှိဘဲ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပခဲ့ပါက လွတ်လပ်မှုနှင့် တရားမျှတမှု ရှိမည်မဟုတ်၍ ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း မွန်အမျိုးသားနေ့ အခမ်းအနားတွင် နိုင်ထောမွန်က ပြောကြားလိုက်သည်။
Ref; ခေတ်ပြိုင် (01 ဖေဖော်ဝါရီလ 2010)
Rest of your post
Tuesday, February 2, 2010
သတင်း မှတ်စု (၀၁၊ ၀၂၊ ၁၀)
Posted by
ဖိုးညို
at
9:38 AM
11
comments
Labels: သတင်း
မွန်ပြည်သစ်က ဘာကြောင့် နယ်ခြားစောင့်တပ် ငြင်းလဲ
ကျော်ခ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၈ မိနစ် အင်တာဗျူး
ချင်းမိုင် (မဇ္ဈိမ) ။ ။ယခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဇန်နဝါရီလ ၃ဝ ရက်နေ့သည် ၆၃ နှစ်မြောက် မွန်အမျိုးသားနေ့ ဖြစ်သည်။
သို့သော် မွန်တိုင်းရင်းသားများသည် ၎င်းတို့၏ စာပေ၊ ဘာသာစကားနှင့် ယာဉ်ကျေးမှုများကို လွတ်လပ် စွာ ထိန်းသိမ်း မြှင့်တင်နိုင်ခွင့် မရရှိကြောင်း မွန်ပြည်သစ်ပါတီ-NMSP မှ နိုင်ငံခြားရေးဌာန တာဝနှ်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။
မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တခန်းတကဏ္ဍမှ ကျိုးစားနေသည့် မွန်ပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်ရပ်သည်။
သို့သော် စစ်အစိုးရနှင့် နိုင်ငံရေးအရလွတ်လပ်စွာ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။ စစ်အစိုးရကမူ နယ်ခြား စောင့်တပ် BGF အသွင်ပြောင်းရန်သာ တိုက်တွန်းနေသည်။ မွန်ပြည်သစ်ပါတီကလည်း ယင်းကို ငြင်းဆို ထားသည်။
မွန်တိုင်းရင်းသားများနှင့် မွန်ပြည်သစ်ပါတီ၏ လက်ရှိ ခံစားချက်နှင့် နိုင်ငံရေးအရ ရပ်တည်မှုများကို သိရှိ နိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန ဒုတာဝန်ခံ နိုင်ခြေးမွန်ကို မေးမြန်းထားသည်။
--------------------------------------------------------------------------------------------------------------
လက်ရှိအခြေအနေမှာ မွန် စာပေ၊ ဘာသာစကားကို ထိန်းသိမ်း ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် နေတာတွေကို ရှင်းပြပေးပါ။ ခက်အခဲ အတားအဆီးတွေရော ရှိပါသလားခင်ဗျာ။
မွန်အမျိုးသားစာပေနဲ့ပတ်သက်ပြီး မွန်ပညာရေးကျောင်းတွေတော့ရှိတယ်။ အဲဒါတွေ နဲ့ပတ်သက်ပြီး တချို့ရွာတွေမှာတော့ ဖိနှိပ်ထားတာတွေ၊ အနှောက်အယှက်ပေးတာမျိုးတွေရှိတယ်။ မွန်စာသင်တဲ့ မွန် ကျောင်းဆရာ/ဆရာမတွေကို အနှောင့်အယှက်ပေးတာရှိတယ်။ သူတို့အနေနဲ့ ဘာရည်ရွယ်ချက်နဲ့လုပ် တာလဲဆိုတာတော့ ကျနော်တို့လည်း နားမလည်ဘူးပေါ့။
မွန်ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ရော လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရရဲ့လား။ ထိန်းသိမ်း စောင့်ရှောက်ခွင့်တွေ ရှိလား။
ယဉ်ကျေးမှုပိုင်းမှာ ဆိုရင်လည်း ကျနော်တို့ကတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်တာပေါ့။ ထိန်းသိမ်း စောင့်ရှောက် သင်ကြားတဲ့နေရာမှာတော့ လွတ်လပ်တယ်လို့တော့ ပြောလို့မရဘူးဗျာ။ တခါတလေကြ တော့လဲ ကျနော်တို့ ပြည်နယ်ထဲက တချို့ရွာတွေမှာ လမ်းဆိုင်းဘုတ်ကအစ မွန်လိုထည့်ထားရင် မြန်မာ လိုပြန်ပြီးတော့ ထည့်ခိုင်းတာမျိုးတွေ ရှိတယ်။ သာဓကအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မွန်အမျိုးသားတွေရဲ့ အထိန်းအမှတ် နေရာမျိုးတို့၊ မွန်ရှေးဟောင်းပြတိုက်တို့ ဘာတို့ဆိုရင်လည်း ပြောင်းပစ်လိုက်တာမျိုး ပေါ့နော်။ မွန်စာကိုလည်း လုံးဝမရှိတော့အောင် သူတို့လုပ်တာမျိုးတွေ ရှိတယ်။
အဲဒီအတားအဆီးတွေ ပပျောက်အောင် နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ။ စီးပွားရေးအရ ဘယ်လို အခြေအနေမျိုးတွေ ရှိနေဖို့ လိုအပ်တယ်လို့ ယူဆလည်း။
ဒါကတော့ ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ မည်သည့် အမျိုးသားမဆို ပေါင်းစည်းပြီးတော့ အားလုံး ညီညီ ညွတ်ညွတ်နဲ့ပေါ့နော် အမျိုးသား သဘောတူညီချက် တခုအနေနဲ့ နိုင်ငံတော်တခုကို တည်ထောင်လာခဲ့ရင် တော့၊ သူမနာ ကိုယ်မနာပေါ့လေ။ အဲလို အခြေအနေမျိုးဆိုရင်တော့ ပိုပြီးတော့ကောင်းမှာပေါ့နော်။
မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ် BGF ကို လက်မခံဘူးလို့ သိရတယ်။ ဘာကြောင့် လက်မခံ နိုင်တာလည်းဆိုတာ အကျဉ်းချုံးရှင်းပြပေးပါ။
အဲဒီ ဘော်ဒါဂတ် (BGF) ကိစ္စကို ကျနော်တို့ ပါတီအနေနဲ့ လက်မခံဘူးဆိုတဲ့မူ ချထားတာပေါ့နော်။ သဘောမတူဘူးလို့ လူကြီးတွေကလည်း ပြောတယ်ပေါ့။ ဘာကြောင့်လည်း ဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ (ဖက်ဒရယ်မူ) ပေါ့နော်။ ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့မူတွေနဲ့ အရမ်းကြီး ကွာခြားနေတာ တွေ အများကြီး ရှိတာပေါ့။ အုပ်ချုပ်မှုပိုင်းမှာ တပ်မတော်ကလည်း အော်တို (Auto) ၂၅ ရာခိုင်နှုန်း ယူထားတယ်။ ဘယ်နိုင်ငံမှာမှ မတွေ့ဘူးသေးဘူး။
အဲဒီ့ ပြုပြင်ပြောင်းလဲသင့်တာတွေ မပြောင်းလဲပဲနဲ့ ဒီအတိုင်း သွားမယ် လုပ်ထားတယ်။ နောက်ပြီးတော့ ကျနော်တို့ အတွက် ရှေ့အလားအလာပေါ့နော်။ အနာဂါတ် ရပ်တည်မှုဆိုတာက အခြားတိုင်းရင်းသား တွေနည်းတူ ကျနော်တို့ မွန်တိုင်းရင်းသား တရပ်လုံး လိုအပ်နေတာပါ။ အဲဒါကြောင့် ကျနော်တို့လိုချင်တဲ့ ဆွေးနွေးရေးတို့ဘာတို့ မရှိဘူးဆိုရင်တော့ ကျနော်တို့အတွက်တော့ လက်မခံဘူးပေါ့နော်။ အဲဒါကတော့ ကျနော်တို့ပြည်သူတွေကလည်း တောင်းဆိုထားတာပါပဲ။ အဲဒါကြောင့် ၂ဝဝ၉ နှစ်ကုန်ပိုင်းလောက်မှာ ဘောဒါဂါတ်ကိစ္စ ငြင်းပါယ်လိုက်တာပါ။
အဲဒီလို ငြင်းပယ်လိုက်တဲ့အတွက် စစ်ပွဲတွေ ဖြစ်မလာနိုင်ဘူးလား။ နအဖ ဘက်က ဘယ်လိုပုံစံမျိုးနဲ့ ဖိအားပေးလာတာမျိုးတွေ ရှိလဲ။
လောလောဆယ်တော့ မဖြစ်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ အပစ် အခတ်ရပ်ဆဲရေးကို ဆက်လက် ထိန်းထားဖို့တော့ ရည်ရွယ်ထားပါတယ်။ သူတို့ဘက်ကလည်း စစ်ရေး အရတော့ ဖိအားပေးတာတို့ ဘာတို့မရှိသေးပါဘူး။ နဂိုနေမြဲအတိုင်းပဲ ရှိပါသေးတယ်။
အကယ်၍ နအဖ စစ်တပ်က အင်အားသုံး အကျပ်ကိုင်လာရင်ရော ပြန်ခုခံဖို့ အဆင်သင့် ဖြစ်နေလား။ ဘာတွေ ပြင်ဆင်ထားတာရှိလဲ။
ဒါကိုတော့ ကျနော်တို့ အနေအထားအရ ပြောလို့မဖြစ်ပါဘူး။
နအဖကို မွန်ပြည်သစ်ပါတီရဲ့ လူအင်အားစာရင်းပေးရတယ်လို့ သိရတယ်။ အဲဒီလိုပေးရတာဟာ မွန်ပြည်သစ်ပါတီရဲ့ သီးခြားဖြစ်တည် လွတ်လပ်မှုကို ထိခိုက်တယ်လို့ မယူဆဘူးလား။
ဒါကတော့ နှစ်တိုင်းပေးနေကြပါ။ အပစ်ခတ်ရပ်စဲရေး စလုပ်တုန်းကလည်း ကျနော်တို့က အဲဒီစာရင်း ဇယားတွေပေးတယ်။ အများအားဖြင့်တော့ ၁ နှစ်တခါတော့ တောင်းတယ်။ ကျနော်တို့ကလဲ ပေးတယ်။ ဘာမှတော့ ထူးထူးထွေထွေ မရှိပါဘူး။
မွန်ပြည်သစ်ပါတီက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ဘဝတူ မဟာမိတ်တွေနဲ့ လက်တွဲ သွားမယ်လို့ ဖော်ပြထားလေ့ရှိတယ်။ အပစ်မရပ်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရင် နအဖ က ညိုငြင်ပြီး အပစ်ရပ်ထားတာ ပျက်သွားမှာ ထည့်စဉ်းစားထားပါသလား။
အဲဒါလည်း ခက်ခက်ခဲခဲပဲဗျာ။ အဲဒီလိုစဉ်းစားမိတာတို့ မစဉ်းစားမိတာတို့ကျတော့ အထက်က လူကြီးပိုင်း က ပိုပြီးတော့ သိကြပါလိမ့်မယ်။ ကျနော်တို့က အောက်ချေပိုင်းကျတော့ နားမလည်နိုင်သေးဘူးပေါ့နော်။
နအဖ စစ်အစိုးရက အတည်ပြုထားတဲ့၂ဝဝ၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အာမခံနိုင်မယ်လို့ထင်လား။
ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျနော်တို့ တိုင်းရင်းသားအခွင့်အရေးတွေကြတော့ အာမခံနိုင် တယ်လို့တော့ မယူဆပါဘူး။ အကျဉ်းချုံးပြောရရင်တော့ အဲဒီအခြေခံဥပဒေကျတော့ ကျနော်တို့ ဖက်ဒရယ် (Federal) မူနဲ့ လုံးဝကွာခြားနေတာတွေ အများကြီးပါနေတယ်လေ။ အဲဒါကြောင့်ကျနော်တို့က လက်မခံခြင်း ဖြစ်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။
ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့ ကျနော်တို့အထက်က လူကြီးတွေက ဘာမှ မဆုံးဖြတ်သေးဘူး။ မပြောသေးဘူးခင်ဗျ။ အဲဒါကြောင့် အဲဒီကိစ္စ ပြောလို့မရသေးပါဘူးခင်ဗျ။
(ကိုဝိုင်းတည်းဖြတ်သည်)
Ref; http://www.mizzimaburmese.com
Posted by
ဖိုးညို
at
8:47 AM
0
comments
Labels: အင်တာဗျူး
ရွေးကောက်ပွဲကို မျှော်ကြည့်ခြင်း
ညိုထက် (လမ်းသစ်ဦး)
၂၀၁၀ သို့ ၀င်ရောက်ခဲ့ပြီ။ ၂၀၁၀ သည် စစ်အုပ်စုမှ လူသိရှင်ကြား ထုတ်ပြန်ကြေငြာထားသည့် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ သွားရန် ညွှန်ပြထားသည့် လမ်းပြမြေပုံ၏ အဆင့် ၅ ကို အကောင်အထည်ဖေါ်ရမည့် နှစ် ဖြစ်သည်။ လမ်းပြမြေပုံ အဆင့် ၅ ဆိုသည်က “ရွေးကောက်ပွဲ”
၂၀၁၀ တွင် ရွေးကောက်ပွဲဖြစ်မည်လား …။ စစ်အုပ်စုရေးဆွဲထားသည့် လမ်းပြမြေပုံက အမှန်တကယ်ပင် အဆင့် ၅ သို့ ရောက်ရှိခဲ့ပြီလား … ဆိုသည်များကို ကျနော်က စဉ်းစားနေမိသည်။ အမှန်တကယ်အဖြစ်အပျက်များ၏ ဖေါ်ပြချက်များက စစ်အုပ်စုအနေဖြင့် လမ်းပြမြေပုံ အဆင့် ၅ ကို လက်တွေ့အကောင်အထည်ဖေါ်ရန် ပြင်ဆင် ချက်များက နှောင့်နှေးလွန်းလှသည်။ အခြေအနေ အရပ်ရပ်ကို တွက်ချက်ကြည့်သောအခါ စစ်အုပ်စု၏ လမ်းပြမြေပုံ နောက်ဆံငင်နေသည်။
၂၀၀၈ ခုနှစ်က ညောင် ၂ ပင် ညိလာခံထွက် စစ်ဗိုလ်တမတ်သား အခြေခံဥပဒေကို အနေကဇာတင်ပွဲ လုပ်သည်။ လူထုဆန္ဒခံယူပွဲ။ ၎င်းသည် လမ်းပြမြေပုံ၏ အဆင့် (၄) ဖြစ်သည်။ ထိုလူထုဆန္ဒခံယူပွဲလုပ်စဉ်က ဗမာပြည် အောက်ပိုင်းကို “နာဂစ်မုန်တိုင်း” မွှေနေသည့်အချိန်ဖြစ်ပြီး တပြည်လုံးအတိုင်းအတာအရ ပူဆွေးသောက ရောက်နေရချိန်ဖြစ်သည်။ ဆွေမျိုးကျွတ်၊ ရွာလုံးကျွတ် အစုလိုက် အပြုံလိုက် သေကြေပျက်စီးနေရသည့် “နိုင်ငံ တော် သောကဗျာပါဒ”ကို ပမာမပြု၊ အမှုမထားပဲ လူထုဆန္ဒခံယူပွဲကို စစ်အုပ်စုမှ ဇွတ်အတင်းအဓမ္မ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကိုယ့်ဆွေမျိုးအလောင်းပင် ကိုယ်ပြန်မကောက်နိုင်ဖြစ်နေရသည့် ဗမာပြည်လူထုသည် ကိုယ်ချင်းစာ တရား ခေါင်းပါးလွန်းလှသည့် စစ်အုပ်စု ရေရှည်အာဏာထိန်းချုပ်ရေးအတွက် စီရင်ထားသည့် အခြေခံဥပဒေကို ထောက်ခံဖို့ မဲရုံသို့သွားခဲ့ရသည်။ မဲရုံများနှင့် အပြိုင် နာဂစ်အလောင်းများက မြစ်ပြင် ချောင်းရိုးတလျောက် ဘောလောပေါ်။ ဗမာပြည်လူထုက မျက်ရည်စက်လက်ဖြင့် ထောက်ခံမဲထည့်ခဲ့ရသည်။
ထိုသို့ဖြင့် အခြေခံဥပဒေအား ဗမာပြည်လူထုတရပ်လုံးမှ ထောက်ခံမဲအများစုပေးပြီး အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုမှ လူသိရှင်ကြား ကြော်ညာသည်။ ၉၀၊ မေ တွင် NLD အား ထောက်ခံမဲပေးသည့် ရာနှုန်းထက်ပင် အခြေခံဥပဒေကို ပိုမိုထောက်ခံခဲ့ကြောင်းလည်း စာရင်းဇယားဖြင့်ချပြသည်။ လမ်းပြမြေပုံ အဆင့် (၄) အောင်မြင် စွာ ပြီးဆုံးခဲ့ပြီဟုလည်း ၀ါဒဖြန့်သည်။ လမ်းပြမြေပုံ၏ အဆင့် (၅) ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဖြစ်ကြောင်းလည်း တရားဝင်ထုတ်ပြန်သည်။
သို့သော် ….
အမှန်တကယ်အဖြစ်အပျက်များနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်များကို ချိန်ထိုးကြည့်မိသည်။ ၂၀၀၈ တွင် လမ်းပြမြေပုံအဆင့် (၄) ပြီးဆုံးသည့်အတွက် ၂၀၀၉ ခုနှစ် တခုလုံးသည် လမ်းပြမြေပုံ အဆင့် (၅) လက်တွေ့ အကောင်အထည်ဖေါ်ရန် ပြင်ဆင်ရမည့်နှစ်ဖြစ်သည်။ စစ်အုပ်စုအနေဖြင့် ပြင်ဆင်မှုများလုပ်ခဲ့သည်။ သို့သော်လည်း ထင်သာမြင်သာသည့် လက်တွေ့အဖြစ်အပျက်များက မရှိ။
စစ်အုပ်စုအနေဖြင့် သူ့အုပ်စုကို ကိုယ်စားပြုပါဝင်ရမည့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအစုအဖွဲ့ ယနေ့တိုင် ချမပြနိုင်သေး။ ထိုကိစ္စတွင် စစ်အုပ်စုကြား လိပ်ခဲတည်းလဲဖြစ်နေသည်ဟု သတင်းများထွက်နေသည်။ ကြယ်ပွင့် ဖြုတ်၍ ဘောင်းဘီချွတ်ရမည်ကိစ္စကို အမြီးတစ်နေခြင်းဖြစ်သည်ဟု သိရသည်။ စစ်အုပ်စုကြား သံသယ တိမ်လိပ် တို့က ထူထဲနေပုံရသည်။ မူလက ၂၀၁၀ တွင် ပွဲထုတ်မည်ဟု တစ်ပေးခံထားရသည့် ကြံ့/ဖွံ့ သည်လည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသည့်အပြင် ယခုတိုင် နိုင်ငံရေးအစုအဖွဲ့ပုံသဏ္ဍာန်ဖြင့် ပွဲထုတ်သည်ကို မတွေ့ရသေး။ မီဒီယာ မျက်နှာစာမှပင် ပျောက်နေသည်။ လူမြင်ကွင်းတွင်လည်း မတွေ့ရ။
ရွေးကောက်ပွဲ အမှန်တကယ် လုပ်မည်ဆိုလျင် ယခုကဲ့သို့သော ၂၀၁၀ နှစ်ဦးပိုင်းတွင် မုချတည်ရှိပြီးဖြစ်ရမည့် ပါတီများ မှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မရှိသေး။ ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် အရိပ်အရောင်ဟူ၍ ဗိုလ်သန်းရွှေမိန့်ခွန်းနှင့် ဂျပန်သတင်းစာမှ ကောလဟာလသာ ရှိသေးသည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟုဆိုသော စစ်အုပ်စု၏ ထုတ်ပြန်ချက်ကို ထောက်ခံချက်ပေးမည့် ပကတိဘာဝများက မှေးမှိန်ေ၀၀ါးလွန်းလှသည်။ နှောင့်နှေး ကြန့်ကြာလွန်းလှသည်။
ရွေးကောက်ပွဲ အကြိုကာလဟု ဆိုရမည်ဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း ထွက်ပေါ်လာသည့် နိုင်ငံရေး အဖြစ်အပျက်များတွင် စစ်အုပ်စု၏ လမ်းပြမြေပုံ အဆင့် (၄) အမှန်တကယ်အောင်မြင်ပြီးစီးမှုရှိ၊ မရှိ ပြန်လည် သုံးသပ်ဖွယ်ရာ အဖြစ်အပျက်များလည်း ရောပြွန်းပါလာသည်။ အခြေခံ ဥပဒေ အမှန်တကယ် အတည်ပြု နိုင်ခဲ့ပြီလော။
၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဗမာပြည်လူထုမှ တခဲနက်မဲပေးခြင်းခံခဲ့ရသည့် NLD က အခြေခံဥပဒေပါ အချို့သော အချက်အလက်များကို ပြင်ဆင်မှုလုပ်ပါက ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေငြာလိုက်ဖြင်းဖြင့် စစ်အုပ်စု၏ လမ်းပြမြေပုံကို နောက်ဆံငင်စေခဲ့သည်။ NLD မပါပဲ ရွေးကောက်ပွဲကျင်းပမည်ဆိုပါကလည်း လူသူလေးပါး လေးစားသည့် ရွေးကောက်ပွဲဖြစ်လာနိုင်ဖွယ်မရှိ။ ထို့အပြင် အပစ်ရပ်အဖွဲ့အစည်းများနှင့် ပတ်သတ်သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးပေါ်လစီကလည်း တစ်နေသည်။ အခိုင်အမာအဖွဲ့အစည်းများ၏ ထောက်ခံမှုကိုမရ။ ပင်လုံစာချုပ်ကို ပြန်ကိုင်သူက ကိုင်သည်။ အခြေခံဥပဒေပါ နယ်နိမိတ်ကိစ္စအပါအ၀င် တိုင်းရင်းသားအခွင့်အရေးတွေကို ပြင်ဆင်ပေးဖို့တောင်းသူက တောင်းသည်။ ရွေးကောက်ပွဲဝင်မည် မဟုတ်ဟု ထုတ်ပြန်သူက ထုတ်ပြန်သည်။ ကိုးကန့်ကို စစ်ခင်းသလို စစ်ခင်းလို့ရမည့် အဖွဲ့များလည်းမဟုတ်။ လတ်တလော အထိတော့ ချွတ်နင်း၍ ၀င်နေသည်။ ထိုသို့ဖြင့် လမ်းပြမြေပုံသည် (၄) နှင့် (၅) ကြား ၀င်္ကဘာ ဖြစ်သွားရတော့သည်။
စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဗမာပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုက ဖိနှိပ်မှုဒဏ်ကို ဆက်လက်၍ ခံရမည်သာဖြစ်သည်။ လုပ်ဖြစ်သည်ဆိုလျင်လည်း ဒရွတ်ဆွဲ၍ လုပ်ပေလိမ့်မည်။ ဖြစ်ပေါ်လာမည့် အစိုးရသစ်ဆိုသည်ကလည်း ၉၁ ဌာန အုပ်ချုပ်ရေးလောက်ပင် အသုံးဝင်မည်မဟုတ်။ အဓိက လုပ်ရမည်မှာ “သူ့ တီးကွက် အတိုင်း မ က နှင့်” ကိုယ့် က မည့် တီးကွက်ကို ကိုယ့်ဘာသာ ဖန်တီးရေး ပင်ဖြစ်သည်။
ညိုထက် (လမ်းသစ်ဦး)
Posted by
ဖိုးညို
at
8:38 AM
0
comments
Labels: ဆောင်းပါး