Wednesday, August 26, 2009

မှော်ကသိုဏ်း

သုအိုင်စံ
(၂၅/၀၈/၂၀၀၉)

ဧရာဝတီဟာ
ရေငန်တွေကို ပြန်အန် မထုတ်နိုင်သေးဘူး
စပါးပင်တွေမှာ အားအင်မရှိသေးဘူး
များပြားလှတဲ့ မိဘမဲ့ခလေးတွေဟာ
အစားစားရဖို့ အရေး အချင်းချင်း ကြီးကြပ်ရှာကျွေးနေရရှာတယ်
အရေးကြီးလွန်းလှတဲ့ မူလတန်းကျောင်းတွေဟာ
ရေကြီးသွားခဲ့တဲ့ အရပ်မှာ ပြန်ပေါ်မလာသေးဘူး
နာဂစ် အလုပ်အကျွေးပြုသွားတဲ့ ၁၁ ဘီလီယံနဲ့ 
ရွာအသစ်အုပ်စုလေးတောင် ပြန်မတည်နိုင်ဘူးလားကွာ။

မိုက်တွင်းနက်နက်နဲ့ တူးထားတဲ့ လှိုဏ်ဂူနက်နက်ထဲမှာ
ပြည်သူတွေ ခူးစားနိုင်တဲ့ သီးရွက်သီးနှံ မရှိဘူး
စစ်အတ္တအတွေးအခေါ်နဲ့ အသစ်လှလှအရေးပေါ် ဆောက်ထားတဲ့မြို့မှာ
ပြည်သူတွေသောက်ဖို့ ကော်ဖီဆိုင် မရှိဘူး
လုပ် ပင်း စားနေတဲ့ စီးပွားရေး သံသရာမှာ
ပြည်သူတွေဟာ မုန့်ဟင်းခါးလေးတောင် အကြွေး မစားနိုင်ဘူး
တခြားဖက်မှာ မြင်းဆေးတွေ ထောင် သောင်း သိန်း နဲ့ ချီထုတ်နေပေမဲ့

ဖျားတဲ့အခါ ကွီနင်းလေး တောင် ဆောင်မသိမ်းထားနိုင်တဲ့ ဆေးရုံမှာ
ခလေးအုပ်တွေ အထွေးလိုက် အထုပ်လိုက် တုပ်ကွေးမိနေရဲ့
ဆရာဝန်တွေက ရေကြည်ရာ မြက်နုရာ ရွက်လွှင့်သွားကြတဲ့အခါ
ဟောဒီ ရေမွဲ မြေမွဲ အဟောင်းအနွမ်းမြေမှာ
ရောဂါတွေ ပွဲတော်လို သောင်းကျန်းနေတာ မဆန်းပါ။

ငါတို့ ထဲမှာကလည်း
အပ်ကွက်နဲ့ ဘ၀ပျက်သွားတဲ့ ကောင်တွေလည်းရှိရဲ့
ခွချက်နဲ့ အမြတ်ထွက်သွားတဲ့ ကောင်တွေလည်းရှိရဲ့
အပြီးသတ် end gameကို အနီးကတ် ထိန်းကစားမဲ့ဗျူဟာလိုပြီ
ဗျူဟာများစွာ ဆွဲခဲ့ပါရဲ့
ဘူတာထဲ ရထား ရောက်မလာတဲ့ ဖြစ်စဉ်တွေနဲ့ 
စောင့်နေသူ ပရိသတ်ကြီးဟာ ခြေညောင်း ဗိုက်ဆာ ရင့်ရော် အိုမင်း
ချခင်းထားတဲ့ ဘ၀သံလမ်းများကို အဆွေးမခံကြနဲ့ ဟေ့
ထပ်ရင်းရမဲ့ ဘ၀မာန်အားများကို ဖြည့်ခဲ့ပါ။

ရှေ့ထွက်မိုင်း ၂ လုံးကြားထဲက ပေါ်တာလို
ကရင်ရွာအိုလေးမှာ ငါနေတယ်
အစိုးရတပ်တွေလည်း ဆုတ်ပြေးသွားကြပြီ
သူပုန်တပ်တွေလည်း ဆုတ်ပြေးသွားကြပြီ
မင်းတို့ ပြုတ်ကျကျန်ခဲ့တဲ့ လက်ပစ်ဗုံး
ဘယ်ရွာသားတွေမှ စားသုံးလို့ မရဘူးကွာ
မင်းတို့ မြှုပ်နှံခဲ့တဲ့ အလောင်း ပုတ်နံ့ တထောင်းထောင်းနဲ့ ရွာပတ်တယ်
အစိုးရတပ်သားတွေက
ငါ့သမီးကို နမ်းရှိုက်ဖို့ ခေါ်သွားတယ်
သူပုန်တပ်သားတွေက
ငါ့သားကို အထမ်းလိုက်ဖို့ ခေါ်သွားတယ်
ငါကတော့ နှမ်းငပိ လုပ်ဖို့ နှမ်းစိုက် ကျန်ခဲ့တယ်
ဆန်လုပ်ဖို့  တမံတုတ် စပါးစိုက် ကျန်ခဲ့တယ်
ခရစမတ်အလှူမှာ ကျွေးမဲ့ ၀က် ကြက်တွေ ငါမွေးထားခဲ့ပေမဲ့
စစ်ကပူလာတဲ့အခါ မင်းတို့ တွေကိုပဲ ငါ ပေး ပေးစား လိုက်ရတယ်
မင်းတို့ အခွေပြန်ပြန်ရစ် နားထောင်တဲ့ ပြည်တွင်းစစ် တောင်ကုန်းတောင်ရိုးပေါ်မှာ
ငါလိုကောင် အဖိုးအိုဟာ ရိုးအစွာ လူဖြစ်ရှုံးခဲ့တာ နှစ် ၆၀ ကြာပြီ။


အမှားဦးနှောက်ပျက်လမ်းစဉ်နဲ့ တောက်လျှောက် တည်ဆောက်လာတာ
အများသုံးသောက်မဲ့ ရေချမ်းစင်လေးတောင် မဖြစ်လာဘူးဆိုတော့
နွားတသိုက် နေရီညိုမှာ ခြံသွင်းသွားသလိုမျိုး
ဘားတိုက်တွေဆီကို ပြန်ဆင်းသွားပါတော့ ဗိုလ်ချုပ်တို့ရေ…

ပြည်သူ့ ဆန္ဒတွေကိုတော့ လူထုသံအမတ်ခန့် ပေါ့ကွာ။

သုအိုင်စံ

အပြည့်အစုံသို့...

ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
သြဂုတ်၂၅ ရက်၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ ဖဆပလ၊စံပြ၊ကန်တော်ကလေး၊ဒဂုံ၊မြောက်ဥက္ကလာပ နှင့်ဗဟန်း
မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် ဆေးမှုတ်၍တောင်းဆိုသည့် လှုပ်ရှားမှုများ
ပြုလုပ်ခဲ့ပါသည်။ ပြည်သူများနှင့်လူငယ်ထုမှလည်း နအဖစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အားမတရား
ထောင်ချရန် လုပ်ကြံဇာတ်ခင်း၍ကြိုးစားနေခြင်းကို တတ်နိုင်သည့်နည်းလမ်းများဖြင့် ကန့်ကွက်ရှုတ်ချသွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

On AUG 25th, Generation Wave did a graffiti and spray paint action for the release of Daw Aung San Suu Kyi. Actions happened at key crowded places in Yangon, Burma: PhaSaPaLa, San Pya, Dagon, Bahan & North Oakkalarpa Townships. We also want to encourage people and especially youth of Burma to do all they can to take actions for the release of Daw Aung San Suu Kyi.

အပြည့်အစုံသို့...

Monday, August 24, 2009

a life of Burmese migrants






အပြည့်အစုံသို့...

Saturday, August 22, 2009

မှော်ကသိုဏ်း

(၂၂/၀၈၊၂၀၀၉)
သုအိုင်စံ

အရိန္ဒမာတို့ ယိမ်းနွဲ့ ပါးတို့လို
ရာဇ၀င်တွေ အခြံအရံနဲ့  ရှင်သန်ခဲ့ရတာမဟုတ်ဘူး။
ငါ့ဘ၀သမိုင်းစာအုပ်ကို
ငါ့ပထမဆုံးခုတ်ချက်နဲ့ ရေးသားပုံဖော်ဖို့ 
ဓါးအိမ်ထဲကခုန်ထွက်လိုက်တယ်။တိုက်ဓါး။

ရေးချိန် ဖတ်ချိန် မရခဲ့တဲ့ ဗဟုသုတလေးနဲ့ 
သွေးချိန် သချိန် မရခဲ့တဲ့ ပင်ကိုရည်လေးနဲ့ 
တိုက်ရင်းနဲ့ ထက်ခဲ့၊ တိုက်ရင်းနဲ့ ပဲ့ခဲ့
လောကက ခုတ်ပစ်ရမှာတွေ သိပ်များတယ်။

ငါ့ ဓါးရိုးမှာ ငါ့ လက်ဗွေရာ ပဲရှိရဲ့
ငါ့ဓါးသွားမှာ ရန်သူ့ သွေးဟာ နီကျင်စွန်းကပ်နေတယ်။

ရေဆေးမ၀ယ်နိုင်လို့ ရေနဲ့ပဲ ရေးလိုက်ရတဲ့ ပန်းချီကားတွေ
ဆီဆေးတွေ ပိုလျှံနေလို့ အဆီအစ် ဗိုက်ရွှဲနေတဲ့ ပန်းချီကားတွေ
လောကပြတိုက်ထဲက ပန်းချီဟာ နရီ ကာရန် ဆေးစပ်မှန်ရင် မကောင်းဘူးလား
တယောက် အရောင် တယောက် နှိုက်မခိုးနဲ့
တယောက် ဘောင် တယောက် ရိုက်မချိုးနဲ့
မတော်တဆ စိုက်ပျိုးခံရတဲ့ လူ့ ဖြစ်တည်ခြင်းမှာ
လူက လူကို ကိုးကွယ်စရာ လိုလို့ လား
ကိုယ့် ခါးရိုး ကိုယ် အားကိုးတဲ့ ကောင်တွေချည်းပဲ ဟေ့ကောင်။

ရဲဘော်ရိုင်ယန်ကို မေ့လိုက်တော့ကွာ
ငါတို့မှာ စားစရာမရှိတော့ဘူး
ဒါမှမဟုတ်...စားမဲ့လူတောင်မရှိတော့ဘူး
ဒီလိုလည်းမဟုတ်သေးဘူးဆိုရမလား
ဥပဒေအစဉ်အလာတွေနဲ့ပဲ
ကုနေတာကြာလာတဲ့ ကင်ဆာဟာ ရင့်ခဲ့ပြီ။

သရက်ထောင်မှာ ရေးခဲ့တဲ့ကဗျာတပုဒ် လွတ်မြောက်ရေးကဗျာလောကကို အုပ်ချုပ်တယ်
ရဲရင့်နဲ့ရဲသီဟ မောင်းခဲ့တဲ့ လေယာဉ်ပျံတစင်း လွတ်မြောက်ရေးကောင်းကင်နံရံကို ထိမှန်တယ်
စစ်ငြိမ်းအေး ရေးခဲ့တဲ့ ပန်ချီကားတချပ် လွတ်မြောက်ရေးပြတိုက်မှာ ကပ်ထားတယ်
ရဲနည်ရေးခဲ့တဲ့ တေးတပုဒ် လွတ်မြောက်ရေးသံစဉ် notes နဲ့ယက်လုပ်တယ်
တိုးအောင်လွင် လက်ထဲက ကြေးနန်းတရွက် လွတ်မြောက်ရေး ဆိုက်ဘာနဲ့ဖော်ခဲ့တယ်
လွတ်မြောက်ရေးကို ပုံဖော်အသက်သွင်းဖို့ တော်လှန်ရေးဆိုတာ ခရီးပြင်းချီအောင်ပွဲခံရတယ်
မောင်ချောနွယ်က ကိုဖော်ဝေးရေ ကျနော် နောက်မဆုတ်တော့ဘူးလို့ ကြွေးကြော်ခဲ့တယ်၊ ရေးခဲ့ ရင်းခဲ့တယ်၊
မောင်ချောနွယ်ဟာ မောင်ချောနွယ်ဖြစ်ခဲ့တယ်။ဒါပဲ။

သေနေတဲ့ အေကေစက်လတ်တလက်လို
ဘ၀ကို (လေးလေးနင့်နင့်) ထမ်းထုတ်သွားကြ အနောက်အရပ်ဆီ (လေးလေးနက်နက်)
ဘာဆက်လုပ်ရမယ်ဆိုတာကို မသိတဲ့ အများအတွက်ဗျူဟာတွေနဲ့
ဘာဆက်လုပ်ရမယ်ဆိုတာကို သိတဲ့ ငါ့အတွက်ဗျူဟာတွေနဲ့ ၊
အခွင့် အရေးကို siege မလုပ်နိုင်တော့ကွဲပြဲ
အချစ်လေးကို keep မလုပ်နိုင်တော့ အသဲကွဲ၊
ပြည်သူ့ သွေးကို lead မလုပ်နိုင်တော့ ဟိုလွှဲဒီလွှဲ၊

ရွက်ကျပင်ပေါက်လို ရောက်လေရာမှာ ချစိုက်ပေမဲ့၊ ဘ၀ဟာပေါက်ဖို့ သေချာရဲ့လား
အကြိမ်ကြိမ် ပြောင်းရွှေ့ စိုက်ပျိုးခံရတဲ့ သစ်ပင်များစွာ၊ ဥယျာဉ်မှားကြီးထဲမှာတိုင်ပတ်ရွာလည်
မြန်မာနိုင်ငံရဲ့လွတ်မြောက်ရေးကုန်သည်များ။

မြေပုံတချပ်နဲ့ ပထ၀ီဘာသာရပ် မဖြစ်ဘူး၊
ရာဇ၀င်တစနဲ့  သမိုင်းဘာသာရပ်မဖြစ်ဘူး၊
ဗေဒင်ဟောစာတမ်းတရွက်နဲ့  နက္ခတ်တာရာကို ရမ်းဟောလို့မရဘူး၊
ဟော့ကင်းပြောတာကို လက်ညိုးထောင်ခေါင်းငြိမ့်ခဲ့၊ ဟော့ကင်း ပြန်ပြင်တာကို ခေါင်းငြိမ့် လက်ညိုးတောင်ခဲ့၊
ဖောက်ထွက်တဲ့ ကိုယ်ပိုင် ဦးနှောက်လေး တည်ထောင်ကြည့်ရအောင်လား၊
သမိုင်းကတော့ တော်လှန်ရေးတခုနဲ့ လွပ်လပ်ရေးကို ပုံဖော်မွေးခဲ့တယ်။

လိမ္မော်ရောင်တွေ မှိန်မှောင်ပျောက်နေတဲ့ လိမ္မော်သီးတွေ
ဘယ်ကိုမှမရောက်တဲ့ ဟိုင်းဝေးလမ်းမ အစုတ်ကြီးပေါ်က
စစ်တလဘတ်ကြီးအုပ်ကာထားတဲ့ ထရပ်ကားကြီးထဲမှာ
လူမိုက်မျက်ခွက်နဲ့  G3 ၄ လက်က ကင်းစောင့်လို့ 
အမိမြေ...
ရှည်ရှည်လျားလျား စစ်ကားတန်းကြီးတွေ
ဖုန်တထောင်းထောင်းနဲ့ မြန်မာပြည် အလယ်ကြောကို မောင်းတက်လာတယ်
နွား ကျွဲ ခွေး လူ ကြောင် အကုန်ရှောင်၊ မာဖီးယား ဆေးကြောင်တဲ့လမ်းစဉ်နဲ့
ဒီလိုနဲ့...
လူချမ်းသာ မြို့ ၁ မြို့ ဖြစ်လာတယ် လူဆင်းရဲ ရွာ ၁၀၀ ပျက်သွားတယ်
အဲဒီဖိနှိပ်မှု ရေပြင်ထဲမြုပ်သွားတဲ့ ဘ၀တွေ
ဘယ်ဘုရားသခင်ရဲ့ ရင်ပြင်မှာ သွားပေါ်ခဲ့ပါသလဲ
စစ်ကားတန်းကြီးဟာ ပျဉ်းမနားမြို့ကို အဖြတ်
မြို့လေးဟာ တဆတ်ဆတ်တုန်ခါ
ကဗျာဆရာ လက်ထဲက ခွက်ဟာကျကွဲ
စာရွက်ပေါ် ဓါးသွားတွေ ညီညာပြန့်ကြဲလို့
တွေးဆရေးထားတဲ့ကဗျာကို သွေး ဇ နဲ့ဖတ်လိုက်တဲ့အခါ
မင်းဟာ...တော်လှန်ရေး...ပေါ့ကွာ။

ငါက တောမီးအလယ်ခေါင်က ခွေးငယ်လေး တကောင်လို
မင်းက ရေခဲမုန်တိုင်းထဲ ညှပ်ပိတ်မိနေတဲ့ မီးသတ်လေယာဉ် တစင်းလို
ကမ္ဘာဟာ
တဟုန်းဟုန်း ဒေါသတကြီးလောင်နေတဲ့မီးကို
တ၀ုန်းဝုန်း လောလတကြီးလျှံနေတဲ့ရေနဲ့ မငြိမ်းသတ်နိုင်ခဲ့ဘူး
လူဟာ
လိုလိုလောလောဆာနေတဲ့ဗိုက်ကို ပိုပိုပေါပေါလျှံနေတဲ့အစာနဲ့ မဖြည့်နိုင်ခဲ့ဘူး
အရူးသစ္စာအတ္တနဲ့ ဥပေက္ခာအက ကို ကခဲ့ အခဲ့ တယ်။

သုအိုင်စံ

အပြည့်အစုံသို့...

Thursday, August 20, 2009

အစောကြီးထဲကသိပီးသားပါ နအဖရယ်

ဥပဒေကိုလုပ်ချင်သလိုလုပ်နေသော နအဖစစ်အာဏာရှင်များအကြောင်းကို ပြည်သူတွေကအစောကြီးထဲကသိပီးသားပါ။
မပြောချင်လို့ကြည့်နေတာကို ဟုတ်လှပီထင်ပီးကန်းတက်နေခြင်းဖြစ်ပါသည်။ မကြာခင် ပြည်သူလူထုကြီးနှင့် သမိုင်းရာဇ၀င်ဒဏ်သင့်မူကို နအဖမှခံရတော့မည်ဖြစ်ကြောင်း..............

အပြည့်အစုံသို့...

Tuesday, August 18, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက် ရန်ကုန်မြို့ခံများ မကျေနပ်ကြ

ဧရာဝတီ၊ သြဂုတ်လ ၁၈ ရက် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်လိုက်သည့် စီရင်ချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့ခံ ၂၅ ဦးအား မေးမြန်းကြည့်ရာ ၂၁ ဦးမှာ လုံးဝ ကျေနပ်မှု မရှိ၊ လွှတ်သင့်သည် ဟု ဖြေကြား ကြပြီး ၄ ဦးမှာ ထောင်ဒဏ် ၃ နှစ် ချခံရခြင်းထက် ၁၈လ အကျယ်ချုပ် နေရသည်က တော်သေးသည်ဟု ဖြေဆိုကြသည်။

အဆိုပါ စစ်တမ်းငယ်ကို ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ကောက်ခံခဲ့ရာ အဆင့်မြင့် အစိုးရ၀န်ထမ်း ၅ ဦး၊ စာပေသမား၊ အယ်ဒီတာ ၅ ဦး၊ စီးပွားရေးလုပ်ငန်းရှင် ၅ ဦး၊ နေ့စားအလုပ်သမား ၅ ဦးနှင့် တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၅ ဦးတို့ပါဝင်ဖြေဆို ကြခြင်းဖြစ်သည်။

အများစုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်သောကြောင့် ထောက်ထားခြင်း အားဖြင့် ပြစ်ဒဏ်လျှော့ချခြင်း မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာ ဖိအားများကြောင့်သာ ယခုကဲ့သို့ လျှော့ပေါ့ပေး သည်ဟု ထင်ကြောင်း ပြောကြသည်ဟု သိရသည်။

“အားလုံးနီးပါးက ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ တကယ်ထောက်ထားတယ်ဆိုရင် အစကတည်းက ဒီလို ဘယ်ဆက်ဆံမလဲ၊ နိုင်ငံတကာက ဖိအားတွေကြောင့်ခုလို လုပ်လိုက်တာပဲလို့ ပြောတယ်၊ တချို့ကလည်း အစိုးရရဲ့ သဘောထား ပြောင်းလဲလာပြီလို့ တွက်လို့ မရနိုင်သေးပါဘူးလို့ ပြန်ဖြေကြတယ်၊ ၁ ယောက်ကပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ်လက်တွဲပြီး နိုင်ငံရေးလုပ်ချင်လာတာလည်း ဖြစ်နိုင်တယ်လို့ ဖြေတယ်” ဟု အဆိုပါ စစ်တမ်းငယ်ကို ပြုစုသူ သတင်းထောက်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည် သြဂုတ် ၁၁ နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၃ နှစ် ချလိုက်သည်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် တနှစ် ခွဲသို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ် ၍ လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက်မဖြစ်စေ ရေးအတွက် လည်းကောင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆိုသည်။

အကျယ်ချုပ် ၁ နှစ်ခွဲကာလ အတွင်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စွာ နေထိုင်ပါက ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်တွင် ပါရှိသည်။

ရန်ကုန်မြို့ခံ ရှေ့နေတဦးကလည်း ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် အပြစ်ပေးပြီးမှ နိုင်ငံတော် အကြီးအကဲက ညှာတာထောက်ထားသည်ဟု ဆိုကာ ပြစ်ဒဏ်တ၀က် လျှော့ပေါ့၍ နေအိမ်တွင် အကျယ်ချုပ် နေထိုင်စေခြင်းမှာ ကျေနပ်စရာမရှိကြောင်း ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က အပြစ်မှမရှိဘဲ။ မပြစ်မရှိတဲ့သူကို ပြစ်ဒဏ်ချတာ ကျေနပ်စရာမကောင်းဘူး၊ မလုပ် သင့်တဲ့ ကိစ္စပါ။ အပြစ်မရှိတဲ့သူကို အပြစ်ပေးပြီးတော့မှ ထောက်ထားတဲ့ အနေနဲ့ လျှော့ပေါ့ပေးတယ် ဆိုပြီး ကျေးဇူးတင်ခံချင်ပါတယ် ဆိုတော့ ဘယ်လိုကျေးဇူးတင်ရမလဲ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် စစ်အစိုးရသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ရမည့်ဟု ကန့်သတ်ခံထားရခြင်းမှာ စစ်အစိုးရက ချုပ်ကိုင်လိုခြင်းနှင့် ၎င်းတို့ လိုသလို ပြုမူဆောင်ရွက်နိုင်ရေး အတွက် ဖြစ်သည်ဟု သုံးသပ်မိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲပြီးလျှင်လည်း ပြန်လွှတ်ပေး လိမ့် မည်ဟု မမျှော်လင့်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် ၀န်ထမ်းတဦးက ဆိုသည်။

“အရင်အကျယ်ချုပ်နေရတဲ့ အခြေအနေထက်ပိုပြီး ကျပ်တည်းလိမ့်မယ်ထင်တယ်၊ ၁၈ လပြည့်ခါနီးရင်လည်း နောက်ထပ် တမျိုးမရိုးတဲ့ ပြဿနာရှာဦးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး” ဟု သူက ပြောသည်။

အင်းစိန်ထောင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင် ၇ နှစ်ချ မှတ်ခံထားရသည့်အဓိက တရားခံ မစ္စတာ ယက်ထောအား သြဂုတ် ၁၆ ရက်နေ့က ပြန်လွှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁ နှစ် ခွဲ ချမှတ်၍ ဆက်လက် ထိန်းသိမ်းထားခြင်းအပေါ် ပြည်သူလူထုက မကျေမနပ်ဖြစ်နေကြသည်။

“သူတို့က ဇာတ်ထောင်ပြီးသားဖြစ်နေတော့ ဆက်ကရတာပေါ့ဗျာ။ ကျနော့်အမြင်ပြောရရင်တော့ သူတို့မှာ ဇာတ်ညွှန်းရှိပြီးသားပဲ။ အံ့သြစရာမရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို မတရားလုပ်လို့ လူတွေ ဒေါသ ဖြစ်ရုံ၊ မကျေမနပ်ဖြစ်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ဘူး ဆိုတာလည်း သူတို့က တွက်ထားပြီးသားပဲ” ဟု ရန်ကုန်အခြေစိုက် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်ခြင်း အပေါ်တွင် ဥပဒေပါ ပြဌာန်းချက်များ နှင့် ညီညွတ်ခြင်းမရှိသည့်အပြင် လူ့အခွင့်အရေးကိုပါ ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ပြင်းထန် စွာ ကန့်ကွက်ကြောင်း သြဂုတ် ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။

အပြည့်အစုံသို့...

ပြည်တွင်းအင်အားစုတွေနဲ့ ဆွေးနွေးမှုမရှိပဲ အကျိုးမဖြစ်နိုင်ဟု ဒေါ်စု ဝေဖန်

ဗွီအိုအေ၊ သြဂုတ်လ ၁၈ ရက် ၂၀၀၉

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ကိုယ့်နိုင်ငံအတွင်းမှာ အချင်းချင်း အရင်ညှိနှိုင်းဖို့လိုတယ်လို့ ပြောလိုက်တဲ့အကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မနေ့က ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရှုတ်သိမ်းရေးအတွက် လုပ်ဆောင်တာမှာ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက် က အချက် ၂ချက် ပြန်ပြောခဲ့တယ်လို့ မနေ့က သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

“ပထမ အချက်က Interaction လုပ်ဖို့ ဆိုတာ အဲဒါက ပြည်တွင်းမှာ အရင် လုပ်ရမှာ။ တခြားနိုင်ငံနဲ့ အရင်လုပ်ရမှာ မဟုတ်ဘူး။ ပြည်တွင်းမှာ interaction မဟုတ်ဘဲနဲ့ တခြားနိုင်ငံနဲ့ လုပ်လို့ ဘာမှ အကျိုးမရှိဘူးဆိုတာကို သူရှင်းပြတယ်။ နောက်တခုက saction နဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်ကတည်းက ဆက်ဆံရေး ၀န်ကြီးနဲ့ တွေ့နေတဲ့ ကာလမှာ အဲဒီတုန်းက ထုတ်ခဲ့တဲ့ သူတို့ရဲ့ အကြောင်းကြားစာရှိတယ်လေ။ confrontation တို့ out of devastation တို့ sanction တို့ blockage တို့ ဒါတွေကို မလုပ်တော့ပါဘူး၊ ရှုတ်သိမ်းပါတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့မယ်ဆိုပြီး ဟိုတုန်းက စာထွက်တယ်။ အဲဒီကတည်းက ဆွေးနွေးတဲ့အခါမှာ သူက ပြောတယ်တဲ့ sanction နဲ့ ပတ်သက်လို့ နှစ်ဘက် ပူးတွဲ သဘောထား ထုတ်ပြန်လိုတယ်။ နှစ်ဘက် ပူးတွဲပြီးတော့ sanction တွေ ရှုတ်သိမ်းအောင် ဆောင်ရွက်လိုတယ်လို့ အဆိုပြုခဲ့တယ်တဲ့။ အဆိုပြုတာတွေကို ပထမပိုင်းမှာ သဘောတူသယောင် ရှိပြီး နောက်ပိုင်း မလုပ်နိုင်ဘူးလို့ အဲဒါကို သူ ဂျင်မ် ၀က်ဘ် ကို သူရှင်းပြခဲ့တယ်တဲ့”

အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်သူတဦးအဖြစ် အမေရိကန် နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ထင်ရှားသူတဦး ဖြစ်တဲ့အပြင်၊ အခုလို သူ့ရဲ့ ပြောဆိုမှုတွေ အများအမြင်မှာ ထင်ရောင်ထင်မှား ဖြစ်နိုင်စရာရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုတွေ ရှုတ်သိမ်းပေးရေးအတွက် သဘောတူသယောင်ယောင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေတာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ထိုင်းနိုင်ငံက သတင်းစာ ရှင်းလင်းပွဲအပါအ၀င် နိုင်ငံတကာ သတင်းမီဒီယာတွေထဲမှာ ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်မေးမြန်းခဲ့တဲ့အကြောင်း ပြောပြပါတယ်။

“ကျွန်တော်က ဒီနေရာမှာ မေးပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းကြားတာကတော့ ယိုးဒယားမှာ ဂျင်မ် ၀က်ဘ်က ရှင်းတာလည်း ကြားတယ်၊ နောက် လန်ဒန်က သတင်းစာ တစောင်မှာလည်း Tourism Sanction ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်သိမ်းလိုတယ်လို့ ရေးတယ်လို့ ကြားတယ်။ အဲဒါကို ကျွန်တော်တို့က ပြောတော့။ သူက သူ အဲဒီလို လုံးဝ မပြောခဲ့ဘူးတဲ့၊ သူပြောတာက sanction နဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မယ်၊ ရှုတ်သိမ်းဖို့ သဘောထားကိုလည်း ပူးပေါင်း ထုတ်ပြန်မယ်၊ ဒါပူးပေါင်းဆောင်ရွက်ပါ့မယ်ဆိုတာကို သူအဆိုပြုခဲ့တဲ့ အကြောင်းကို သူရှင်းပြပါတယ်။ အဓိကက သူမပြောဘူး၊ သူပြောတဲ့ sanction က အစိုးရနဲ့ အာဏာပိုင်းတွေနဲ့ ရှုတ်သိမ်းဖို့လိုရင် ပူးပေါင်းပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်ဖို့ အဆိုပြုတယ်၊ သူက ဒါပဲ ပြောပြခဲ့တာတဲ့။”

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးတွေကြောင့် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ အရေးယူရေး မူဝါဒတွေကို ချမှတ်ကျင့်သုံးလာခဲ့တာပါ။ ဒီလို ပိတ်ဆို့မှုတွေကြောင့်လည်း မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ ဂျင်မ် ၀က်ဘ်က မြင်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်းပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စစ်အစိုးရအပေါ် အတိုင်းအတာတခုအထိ သြဇာသက်ရောက်မှု ရှိတဲ့ တရုတ်နိုင်ငံကို နိုင်ငံတကာ ၀ိုင်းဝန်း ဖိအားပေးကြဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက သြဇာ သက်ရောက်မှု ရှိတယ်၊ အင်အားကြီး နိုင်ငံမို့ ကြောက်ရွှံ့ရတယ်ဆိုတဲ့ ပုံစံမျိုး အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောခဲ့တာနဲ့ ပတ်သက်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင် သဘောထားခြင်း ကွာခြားနေတာကို တွေ့ရပါတယ်။

“အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ တချို့အချက်တွေ ပြောတယ်။ ဥပမာ သူတခုပြောတာက ဂျင်မ်ဝက်ဘ် က ပြောတယ်တဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပတ်သက်ပြီး နိုင်ငံကြီးမို့ စိုးရိမ်ထိတ်လန့် သဘောမျိုးကို သူက အဲဒါကို ပြောတယ်တဲ့။ ဒီစကားလုံးကို သူ လုံးဝ လက်မခံနိုင်ဘူး။ သူ့အနေနဲ့တော့ တရုတ်ကို အိမ်နီးနားချင်း ကောင်းအဖြစ် မိတ်ဆွေနိုင်ငံအဖြစ်၊ သူဒီလိုပဲ သဘောထားတယ်တဲ့။ စောစောကလို ပြောတဲ့စကားလုံးမျိုးကို သူ့အနေနဲ့ မကြိုက်ဘူးဆိုတာကို သူရှင်းပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က တဆက်တည်း ဒါနဲ့ ပတ်သက်ပြီး ပြောတာက ကမ္ဘာပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် သြဇာရှိတာက တခု၊ အမေရိကန်၊ နောက်ပြီး အိမ်နီးနားချင်းက အိန္ဒိယ၊ တရုတ် ဒီနိုင်ငံတွေနဲ့အတူ အဆင်ပြေပြေ မိတ်ဆွေအဖြစ်ပဲ ကျွန်တော်တို့ ဆက်ဆံလိုတယ်လို့ သူအဲဒီလို ပြောပြခဲ့တယ်တဲ့။”

အပြည့်အစုံသို့...

KNU က ခွဲထွက်များ ပြန်လည် ပူးပေါင်းမှု ကြိုးပမ်းသွားမည်

မဇ္ဈိမ၊ သြဂုတ်လ ၁၈ ရက် ၂၀၀၉

မဇ္ဈိမ (ချင်းမိုင်)။ ။ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ KNLA တပ်ရင်းအချို့က KNU သို့ DKBA တပ်ဖွဲ့ဝင်များ ပိုမို၍ ပြန်လည် ပူးပေါင်းလာနိုင်မည့် နည်းလမ်းများကို ဆွေးနွေး ရှာဖွေလျက် ရှိသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူးတာဝန်များအတိုင်း တာဝန်ထမ်းဆောင်ခွင့် ပေးနိုင်ရေးအတွက် တပ်မဟာ (၆) နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့အကြား ဆက်သွယ်ညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်။

“သူတို့ ပြန်လာမယ်ဆိုလို့ရှိရင် တပ်စုမှူးအဆင့်ကနေ တပ်စိပ်မှူးအဆင့်အထိ လျှော့ချလိုက်မယ် ဆိုလို့ရှိရင် ဒါမဖြစ်နိုင်ဘူးပေါ့။ သူတို့ဘက်မှာလည်း ထိခိုက် မနစ်နာအောင် တပ်စိပ်တစိပ်နဲ့ ပြန်လာလို့ရှိရင် တပ်စိပ်မှူးပေါ့။ တပ်စုတစုနဲ့ ပြန်လာလို့ရှိရင် တပ်စုမှူးပေါ့။ အကြမ်းမျဉ်းတော့ ဒီလိုသဘောထားရှိတယ်” ဟု အမည်မဖော်လိုသူ KNLA အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ယခု အစီအစဉ်အား တပ်မဟာ (၆) နယ်မြေအခြေစိုက် တပ်ရင်း ၃ ခုမှ အခြားတပ်ရင်းတခုဖြစ်သော တပ်ရင်းအမှတ် ၁၈ နှင့် ဆွေးနွေးနိုင်ခြင်း မရှိသေးသော်လည်း တပ်မဟာ (၆) တပ်မဟာမှူးထံသို့ တင်ပြထားသည်။

“ကျနော်တို့ လက်ရှိ ကရင်အချင်းချင်းက ပဋိပက္ခ ဖြစ်တဲ့နေရာမှာ အကြမ်းဖက်နည်းနဲ့ လက်နက်ကိုင် တိုက်နေခိုက်နေလို့ ဆုံးတော့မှာ မဟုတ်ဘူးလေ။ လက်ရှိအောက်ခြေမှာတော့ ဖြစ်ရှိနေတဲ့ အနေအထားအရ ဒါကိုလုပ်မယ်၊ အစီအစဉ်ရှိတယ် ဆိုတာကိုတော့ ခရိုင်နဲ့ တပ်မဟာကို အသိပေးတယ်။ အပေါ်ကတော့ ဆိုးတယ် ကောင်းတယ်လို့ ဘာမှ မပြောသေးဘူး” ဟု သူက ဆက်ပြောသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်သို့ တင်ပြလာလျှင် သုံးသပ်ပြီး သင့်တော်ပါက ဦးဆောင် အကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်း KNU ဒုဥက္ကဌက ပြောသည်။

“ကျနော်တို့ ဘာမှမသိရသေးဘူး။ ခရိုင်တခုဆီမှာ DKBA ကိစ္စနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖို့ ကော်မတီ တခုစီ ရှိတယ်။ ဗဟိုကို တင်ပြရင် သုံးသပ်ပြီးတော့ သင့်တော်မယ် ဆိုလို့ရှိရင် အဲဒီအတိုင်း လုပ်ပေါ့ဗျာ။ နောက်ပြီး ကျနော်တို့က အကြံပေးမယ်၊ ဉာဏ်ပေးမယ်။ ရှေ့ဆောင်မယ်၊ လမ်းပြမယ်ပေါ့ဗျာ” ဟု ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါက မဇ္ဈိမကို ပြောသည်။

DKBA အရာရှိတဦးကမူ ယင်းအစီအစဉ် ဖြစ်မြောက်ရန် ခက်ခဲမည်ဟု ထင်ကြောင်းနှင့် သို့သော် နှစ်ဖက် အထက်လူကြီးများ၏ သဘောတူ စီမံခန့်ခွဲမှုကို လိုက်နာကြမည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်ကတော့ အဲလောက် အခြေအနေအထိ ဖြစ်လာနိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ မခန့်မှန်းနိုင်ဘူး။ သူတို့အခြေအနေအရနဲ့ လက်ရှိအခြေအနေ။ ပြည်တွင်း အခြေအနေရော။ သူတို့နေထိုင်နေရတဲ့ ပြည်ပ အခြေအနေ အဖက်ဖက်မှာလေ။ အဲဒီသူတို့ လူကြီးပိုင်းမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေရင် အောက်ခြေကတော့ ပြောစရာမလိုဘူး”ဟု သူက ပြောသည်။

ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် DKBA သည် ကရင်အမျိုးသားအစည်းအရုံး KNU မှ ၂၀၀၄ ခုတွင် ခွဲထွက်ခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် အခြေစိုက်ထားသည်။

အပြည့်အစုံသို့...

Monday, August 17, 2009

စစ်အစိုးရ အာဏာလွှဲပြောင်းရေး လျှို့ဝှက်လုပ်ကိုင်နေ

အာအက်အေ၊ သြဂုတ်လ ၁၆ ရက် ၂၀၀၉

ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ် အာရုံစိုက်နေချိန်မှာ မြန်မာစစ်အစိုးရက ကြားဖြတ်အစိုးရကို အာဏာလွဲဖို့အတွက် အခြေခံလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် လုပ်ကိုင်နေတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရပါတယ်။

တချိန်တည်းမှာပဲ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အရွေးခံဖို့ တာဝန်ပေးထားတဲ့ ဝန်ကြီးတွေ အဆင့်မြင့်အရာရှိတွေကိုလည်း စည်းရုံးရေးလုပ်ငန်းတွေ အမြန်လုပ်ခိုင်းနေတယ်လို့ သိရပါတယ်။


လာမဲ့စက်တင်ဘာလမှာ လက်ရှိ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရ ဖွဲ့ဖို့ အလားအလာ ရှိတဲ့အကြောင်း နေပြည်တော် ဝန်ကြီးတဦးက ထုတ်ဖော် ပြောကြားပါတယ်။ စက်တင်ဘာလမှာ ကြားဖြတ်အစိုးရ ဖွဲ့ကောင်း ဖွဲ့နိုင်တယ်လို့ စက်မှု(၁) ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းက မကြာခင်က နေပြည်တော်မှာ ကျင်းပတဲ့ စက်မှု(၁) ဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ ခုလို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

ကြားဖြတ်အစိုးရကို ဘာကြောင့်ဖွဲ့တယ်၊ ဘယ်သူက ဦးဆောင်မယ်၊ ဘယ်သူတွေပါဝင်မယ်၊ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမယ် စတဲ့ အသေးစိတ်ကိုတော့ ဝန်ကြီးဦးအောင်သောင်းက အစည်းအဝေးမှာ ရှင်းရှင်းလင်းလင်း ပြောဆိုမသွားဘူးလို့ စုံစမ်းသိရပါတယ်။ ဝန်ကြီးဦးအောင်သောင်းဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးမှာ ဝန်ကြီးချုပ်နေရာအတွက် လျာထားခံရသူ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင်ထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည် ဖော်ရေးအတွက် ကြိုတင် ဆောင်ရွက်တဲ့ လုပ်ငန်းမှန်သမျှကို စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်တယ် ဆိုပြီး မှတ်ယူရမယ်လို့ ၂ဝဝ၈ ခုနှစ် စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ မှာ ပြဌာန်းထားပါတယ်။ ဒါကြောင့် လက်ရှိစစ်အစိုးရကို ဖျက်သိမ်းပြီး ကြားဖြတ် အစိုးရဖွဲ့မယ်ဆိုလည်း ဖွဲ့နိုင်ခွင့်ရှိနိုင်တယ်လို့ ဝါရင့် မြန်မာရှေ့နေတဦးက ပြောပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၂ မှာ လက်ရှိ စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်ခင်ထိ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆက်လက် ကျင့်သုံး ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားတဲ့အတွက် စစ်အစိုးရရဲ့ လက်ရှိ အနေအထားဟာ တရားဝင် မကြေညာပေမဲ့ ကြားဖြတ်အစိုးရ သဘောဆောင်နေတယ်လို့ပါ အဲဒီ ရှေ့နေက ထောက်ပြပါတယ်။၊

စစ်အစိုးရအနေနဲ့ စက်တင်ဘာလမှာ ကြားဖြတ်အစိုးရဖွဲ့ဖြစ်တယ်ဆိုရင် ဒီကြားဖြတ်အစိုးရ တာဝန်က ၂ဝ၁ဝ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အဓိက တာဝန်ယူရမှာ ဖြစ်တဲ့အတွက် ပထမအကြိမ် လွှတ်တော်ခေါ်ပြီး စစ်အစိုးရဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုချိန်မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ ကြားဖြတ်အစိုးရကို အာဏာလွှဲပြောင်းရေး လျှို့ဝှက်လုပ်ကိုင်နေတာတွေနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က သုံးသပ် တင်ပြထားပါတယ်။

အပြည့်အစုံသို့...

Saturday, August 15, 2009

ဂျွန်ယက်တောကို မနက်ဖြန် ပြန်ပို့မည်

မဇ္ဈိမသတင်းဌာန
စနေနေ့၊ သြဂုတ်လ 15 ရက် 2009 ခုနှစ် 20 နာရီ 18 မိနစ်
နယူးဒေလီ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ယခုနှစ် မေလဆန်းတွင် တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ မစ္စတာ ဂျွန်ယက်တောအား လူသားချင်း စာနာသည့် အနေဖြင့် မနက်ဖြန်တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်သည်။သူ၏ ကျန်းမာရေး အခြေအနေအရ မြန်မာနိုင်ငံတွင် ထောင်ဒဏ် ၇ နှစ် ကျခံရမည့်အစား အမေရိကန်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့ကြောင်း တပ်တွင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။

''ကျန်းမာရေး အခြေအနေအရ စဉ်းစားပြီး လူသားချင်း စာနာတဲ့ အနေနဲ့ မစ္စတာယက်တောကို နေရပ်ရင်း နိုင်ငံဆီ ပြန်ပို့ဖို့သဘောတူခဲ့တယ်'' ဟု သတင်းရပ်ကွက်က ဆိုသည်။ သူ့ကို မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ဆီနိတ်တာအမတ် မစ္စတာဝက်ဘ်နှင့် ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်သည်။မစ္စတာဝက်ဘ်၏ ခရီးစဉ် မတိုင်ခင်ကတည်းက အာဏာပိုင်များ အနေဖြင့်လွှဲပြောင်းပေးရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မစ္စတာဝက်ဘ်နှင့် မြန်မာအာဏာပိုင်များ တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။တားမြစ်ဧရိယာအတွင်း ရေကူးခဲ့မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေများအရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မစ္စတာ ယက်တောအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံရန် တရားရုံးက ပြီးခဲ့သည့် အင်္ဂါနေ့တွင် စီရင်ချက်ချခဲ့သည်။မစ္စတာယက်တောနှင့် အမှုတွဲတူ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမနှင့်အတူနေသူ ပါတီဝင် နှစ်ဦးကိုလည်း နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်၃နှစ်ချမှတ်ခဲ့သည်။သို့သော်လည်း အဆိုပါ ထောင်ဒဏ်အား ထက်ဝက်လျှော့ချကာ နေအိမ်တွင် ထိန်းသိမ်းထားရန်အတွက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အထူးညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

အပြည့်အစုံသို့...

Friday, August 14, 2009

Security Council Statement On Myanmar


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးပြန်လွတ်ပေးဖို့ စစ်အာဏာရှင်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်းတရားရုံးကစီရင်ချက် ချမှတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့နိုင်ငံရေးသက်ရောက်မူတွေကို ခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ အလေးအနက် စိုးရိမ်ကြောင်းကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။လုံခြုံရေးကောင်စီအဖွဲ့ဝင်၁၅ နိင်ငံကတညီတညွတ်ထဲထောက်ခံတဲ့ဒီကြေငြာချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးပါတီ လူမျိုးစုအဖွဲ့အစည်းတွေနဲ့အတူ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ စစ်အာဏာရှင်ကို တိုက်တွန်းထားပါတယ်။ ဒီကြေငြာချက်ကိုလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ဗြိတိသျှသံအမတ် Jhon Sawers ကသတင်းထောက်တွေကိုဖတ်ပြခဲ့ပါတယ်။

အပြည့်အစုံသို့...

Thursday, August 13, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် လူကြီးလေးဦးအား နေပြည်တော်မှ ဖိတ်ကြားထား။..။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် လူကြီးလေးဦးကို နေပြည်တော်က By Name နဲ့ဖိတ်ကြားထားတဲ့ အတွက်မနက်ဖြန် နေပြည်တော်ကို သွားပါမယ်။ ဖိတ်ကြားခံရတဲ့ လူကြီးတွေက ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း နဲ့ ဦးစိုးမြင့်တို့ ဖြစ်တယ်။ နေပြည်တော်မှာ ဘယ်သူနဲ့တွေ့မယ် ၊ဘာကိစ္စကြောင့် ဘယ်သူက ဖိတ်တယ်ဆိုတာတော့ အန်ကယ်မသိပါဘူး။ လူကြီးတွေပဲ သိပါမယ်။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အပြည့်အစုံသို့...

Statement+on DASSK's Trial August 11 2009

အပြည့်အစုံသို့...

နအဖအာဏာရှုးတွေနေတဲ့နေပြည်တော်မှာတစ်ကိုယ်တော်ဆန္ဒပြသူပြည်သူ့သားကောင်းတစ်ဦး

နစ်နေမန်းမှဖော်ပြပါသည်။
နအဖအာဏာရူး သန်းရွှေနဲ့  လက်ပါးစေတွရဲ့  ယုတ်မာပက်စက်မှုကြောင့် ပြည်သူလူထုက ချစ်မြတ်နိုးလေးစားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံပြီး မတရား ထိန်းသိမ်း လုပ်ကြံမှုအပေါ် မခံမရပ်နိုင်ကြတဲ့ ပြည်သူပေါင်း မြောက်မြားစွာထဲကနေ ရဲဝန့် စွာနဲ့  လက်တွေ့ ကျကျ ပြောဆိုရဲတဲ့ ပြည်သူ့ သားကောင်းတစ်ဦး ပေါ်ထွက်ခဲ့ပါတယ်။
သြဂုတ်လ (၁၁) ရက်နေ့  မနေ့ တစ်နေ့ က နံနက် (၉) နာရီ၊ (၁၅) မိနစ်အချိန်ခန့် မှာ နေပြည်တော်၊ ပေါင်းလောင်း ကိုးလမ်းထိပ်မှာ ကဗျာဆရာ (ကို) ညီဗလ ဟာ “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ရဲဝန့် စွာနဲ့  အာဏာရူးနအဖတွေရဲ့  မတရား ကလိမ်ကကျစ်ကျမှုကို ဆန့် ကျင်ဆန္ဒပြခဲ့ပါတယ်။

ထိုကဲ့သို့  လွတ်လပ်စွာ ရဲရဲဝန့် ဝန့် နဲ့  ဆန္ဒပြသူ ပြည်သူ့ သားကောင်း ကဗျာဆရာ (ကို) ညီဗလ ကို သူရဲဘောကြောင်ကြတဲ့ နအဖလက်ပါးစေတွေက ချက်ချင်းဘဲ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒီလို မိမိရဲ့  ခံစားမှုနဲ့  ဖြစ်ပျက်နေမှုအပေါ် အမှန်အတိုင်း ထုတ်ဖေါ်ပြောကြားရဲတဲ့ ကဗျာဆရာ (ကို) ညီဗလ ကို အထူးလေးစားရပါကြောင်း မှတ်တမ်းတင် ပြောကြားလိုပါတယ်။ မြန်မာပြည်သူတွေ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့  တစ်ရာတစ်ထောင် စုပေါင်းဖွဲ့ ပြီး တစ်ပြိုင်နက် အင်တိုက်အားတိုက်သာ ယခုလို အခြေအနေမှာ အာဏာရူးနအဖကို ဆန့် ကျင်တော်လှန်ကြမယ်ဆိုရင် “အောင်ပွဲဆိုတာ တိုက်ရဲသူအတွက် ဖြစ်တယ်” ဆိုတဲ့ အဆိုစကားက မြေကြီးလက်ခတ် မလွဲ ဖြစ်မှာပါ။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည် ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းနှင့် ဆက်သွယ်မေးမြန်းချက်။..။

ဒီမိုဝေယံထံမှဖော်ပြပါသည်။
အန်ကယ်တို့ ဒီနေ့ နေ့လည် ၃နာရီခွဲကနေ ၄နာရီခွဲအထိ ဒေါ်စုနေအိမ်မှာ အန်ကယ်တို့ ရှေ့နေ ၄ဦးတွေ့ခွင့် ရခဲ့တယ်။ အဓိကကတော့ မနေ့က စီရင်ချက်ချတဲ့ အမိန့်ကို ဆွေးနွေးပြီး အယူခံဝင်ဘို့ဖြစ်တယ်။ ဒေါ်စုက မနေ့က စီရင်ချက်ဟာ တရားမျှတမှုမရှိဘူး စဉ်းစားသုံးသပ် စီရင်ချက်တွေဟာ ယုတ္တိမရှိဘူးလို့ ပြောဆိုပါတယ်။
နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်ချမှတ်ထားတဲ့ စည်းကမ်းအချက်အလက် ၈ချက်မှာ မရှင်းလင်းတဲ့ အချက်အလက်တွေ အများကြီးပါတယ်။ အဲ့ဒီအချက်အလက်တွေကို အန်ကယ်တို့ရှေ့နေတွေက ရှင်းလင်းအောင် ဆောင်ရွက်ပေးပါ။ လိုအပ်ရင်သက်ဆိုင်ရာ အမိန့်ထုတ်တဲ့ ဋ္ဌာနကို မေးမြန်းပြီး ဆောင်ရွက်ပေးပါလို့ မှာလိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ဖတ်ပြတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီးဖြစ်လို့၊ တဦးအပေါ်တဦး အာဃာတများ မရှိစေရေးအတွက် ဆိုတာမျိုး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ အနှောင့်အယှက်မဖြစ်စေရေး ဆိုတာမျိုး၊ စာနာထောက်ထားညှာတာတယ် ဆိုတာမျိုးတွေကို ဒေါ်စုက မူအားဖြင့်လက်ခံပြီး တကယ် အလုပ်လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိကြောင်း အကောင်းမြင်ပြီး ပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်ထားတဲ့ စည်းကမ်းအချက်အလက် ၈ချက်ကတော့။
၁..။ ဒေါ်စုနေအိမ်၌ နေထိုင်ရမည်။
၂..။ခြံဥပစာအတွင်းသွားလာ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ရှိသည်။
၃..။ကျန်းမာရေးအတွက် ခွင့်ပြုထားတဲ့ ဆရာဝန် သူနာပြုတွေနဲ့ စစ်ဆေးကုသခွင့်ပြုတယ်။
၎..။ဧည့်သည်နဲ့ တွေ့ခွင့်ရှိတယ်။သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ တွေ့ခွင်ရှိတယ်။
၅..။မြဝတီ ၊မြန်မာ့အသံ၊ ရုပ်မြင်သံကြား ကြည့်ခွင့်ရှိတယ်။
၆..။ပြည်တွင်းထုတ် သတင်းစာ၊ဂျာနယ် ဖတ်ခွင့်ရှိတယ်။
၇..။မိမိလိုအပ်ချက်ကို စာဖြင့်ရေးသား ပြောဆိုခွင့်ရှိတယ်။
၈..။အဲ့ဒီခွင့်ပြုချက်အပြင် အခြားဆောင်ရွက်လိုတဲ့ ကိစ္စရှိရင် သက်ဆိုင်ရာ ခွင့်ပြုချက်ရှိမှ ဆောင်ရွက်ခွင့်ပြုမယ်လို့ ဖော်ပြပါရှိပါတယ်။
အဲဒီ့ ၈ချက်စလုံးမှာ မရှင်းလင်းတာတွေ အများကြီးရှိတဲ့အတွက် တိတိကျကျသိအောင် စုံစမ်းမေးမြန်းပေးပါလို့ အန်ကယ်တို့ကို မှာကြားလိုက်တယ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

အပြည့်အစုံသို့...

12-08-09 NEWS

news on Aug 12

အပြည့်အစုံသို့...

Tuesday, August 11, 2009

ယနေ့အခြေအနေ

သြဂုတ်လ ၁၁ ရက် ၂၀၀၉

ယနေ့ အင်းစိန်ထောင်ဝန်းကျင် လှုပ်ရှားမှုနှင့်ပတ်သက်၍ လှုပ်ရှားမှုအချို့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါလှုပ်ရှားမှုနှင့် ပတ်သက်၍ ကြိုတင်စီစဉ်မှုအချို့ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်အပါအ၀င် အခြားမြို့နယ်များမှအင်အား ၃၀၀ ခန့်သည် ဒေါ်စုအားထောင်ဒဏ်အပြစ်ချခဲ့ပါက အိမ်မပြန်ကြေး လှုပ်ရှားမှုပြုလုပ်ရန် စီစဉ်ခဲ့ကြကြောင်း ထောင်ဝန်းကျင်တွင်စတင် ရန်အခွင့်အလမ်း မရခဲ့သဖြင့် ဒေါ်စုအား အမိန့်ချလိုက်သည့်အချိန်တွင် ဆက်လက်ချီ တက်ရန်အစုအဖွဲ့အားဦး ဆောင်သည့် ကိုမြင့်စိုး(တွံတေး) နှင့်မလှသန်းတို့မှ အဖွဲ့ချုပ်ကိုချီတက်ကြမယ်ဟူ၍ အော်ဟစ်လှုံ့ဆော်၍ စတင်ချီတက်ခဲ့ကြသည်။

အင်းစိန်ဂုံးတံတားကျော်သည်ထိစီ တန်းလမ်းလျှောက်ခဲ့ကြရာ၊ ဘောလုံးကွင်းဒေါင့်အရောက်တွင် ဘယ်သွားကြမလဲ ဟုမေးကာ အသင့်စောင့်ဆိုင်းနေသော ရဲလုံထိန်းများက ကားပေါ်သို့အတင်းအဓမ္မဆွဲ တင်ခံခဲ့ကြရသည်။ ထိုအချိန်မှစ၍ လူအုပ်စုမှာ ကွဲသွားပြီးအချို့မှာ လိုင်းကားများ ပေါ်သို့တက်ပြေးခဲ့သည်။ ယဉ်ထိန်းရဲများမှ ကားများကို တားပေးပြီး လုံထိန်းများက ကားပေါ်ထိလိုက်၍ဖမ်းဆီးကာ ကားများပေါ်သို့ ဆွဲတင်ခြင်းခံခဲ့ရသည်။ အဆိုပါကားများဖြင့် တင်ဆောင်ခေါ်သွားခဲ့ပြီး လူရှင်းသည့်နေရာအရောက်တွင် သွားချင်ရာသွားကြတော့ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရာတွင် ပါဝင်သူများက ပြောပြသိ ရှိရပါသည်။ ရန်ကုန်၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ပဲခူးအနောက်ခြမ်းဘက်မှ အဖွဲ့ချုပ်အ ဖွဲ့ဝင်အချို့ သာမန်တက်ကြွလှုပ်ရှားသူများ သာမန်ပြည်သူများပါဝင်ခဲ့သည်။

အပြည့်အစုံသို့...

မြန်မာ့အသံက ဒေါ်အောင်ဆန်းစုကြည် အမိန့်ချသတင်းအား ကြေညာ

အပြည့်အစုံသို့...

မတရားအမိန့်ကိုဆန့်ကျင်ကြောင်း generation wave မှကြောငြာချက်ထုတ်

အပြည့်အစုံသို့...

စစ်ခွေးတွေမတရားစီရင်နေပီ

မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် အဓိကပုဂ္ဂိုလ်

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီခေါင်းဆောင်

ပြည်သူ့မေတ္တာခံယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို

ယနေ့(၁၁-၀၈-၀၉)ရက်နေ့တွင်

စစ်အာဏာရှင်တစ်စုကမတရားအမူစီရင်ချက်ကိုချမှတ်လိုက်ပါပီ။

အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ပီး

စစ်အာဏာရှင်အမိန့်အရထိုပြစ်ဒဏ်ကို

ပထမ ၁နှစ်ခွဲကို နေအိမ်အကျယ်ချုပ် ၁နှစ်ခွဲသတ်မှတ်ကြောင်း

ထိုတစ်နှစ်ခွဲကိုကောင်းမွန်စွာနေထိုင်ပါကကျန်ရှိသောတစ်နှစ်ခွဲကို

လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း

မတရားအမူစီရင်ပါသည်။
ကြေငြာချက်အသံဖိုင်

အပြည့်အစုံသို့...

မြန်မာနိုင်ငံအနီးငလျင်ပြင်းထန်စွာလှုပ်ခတ်သွား



ယနေ့မနက် ၂နာရီခွဲခန့် က ပျင်းအား ၇.၄ ရှိသော ငလျင်တစ်ခု လှုပ်သွားပါသည်။
မြန်မာ့ကမ်းရိုးတန်းဒေသများကို ဆူနာမီသတိပေးချက်ထုတ်ပြန်ထားပါသည်။ တိုက်ရိုက်သွားရောက်ကြည့်နိုင်ပါသည်။
အရေးကြီးပါသည်။ လက်ဆင့်ကမ်းကျပါ။
မြန်မာသတင်းဌာနမှာယခုအချိန်အိပ်ပျော်နေသောကြောင့်သတိပေးချက်ထုတ်ပြန်နိုင်လိမ့်မည်မဟုတ်ပါ။
Location Andaman Islands, India Region
Magnitude (Richter) 7.4
Lat/Lon 14.08, 92.97
Event date Mon, 10 Aug 2009 19:55 UTC

Calculation Details
Fault Lenght 79 km
Fault Width 22 km
Fault Height 1.58 m
Fault Angle 243.44 km
Bathymetry cell size 1.32 min
CPU Time 63 min

အပြည့်အစုံသို့...

FREE OUR MOTHER

ဒေါ်အောင်ဆန်းစုကြည်အားချွင်းချက်မရှိချက်ချင်းလွတ်ပေးရမည်။


ယနေ့နံနက် ၂နာရီခွဲခန့်တွင် အိန္ဒိယသမုဒ္ဒရာအတွင်း ပြင်းအား ၇.၆ ရှိသော ငလျင်တစ်ခု လှုပ်ရှားသွားပါသည်။ ထိုငလျင်အရှိန်ကြောင့်ဆူနာမီအရေးပေါ်သတိပေးချက်ကို ဆူနာမီစောင့်ကြည့်ရေးအဖွဲ့မှထုတ်ပြန်ခဲ့ပါသည်။ နံနက်၇နာရီခန့်တွင်ဆူနာမီသတိပေးချက်ပီးဆုံးကြောင်းပြန်လည်သတင်းရရှိပါသည်။
ဂျပန်နိုင်ငံတိုကျိုမြို့အနီးတွင်လဲ ပြင်းအား ၆.၄ရှိသော ငလျင်တစ်ခု မနက် ၄ နာရီခန့်ကလှုပ်ရှားသွားပါသည်။
တရုတ်ပြည်တွင်လဲမုန်တိုင်းဒဏ်သိမ့်သိမ့်တုန်ခံစားနေရပါပီ။
ကမ္ဘာမြေကြီးပါသိမ့်သိမ့်တုန်နေပါပီ စစ်အာဏာရှင်တို့လမ်းမှန်ကိုရွေးဖို့ရာ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိလွတ်ပေးရန်အကြောင်းသာရှိပါတော့သည်။
မတရားဖမ်းဆီးထားခြင်းခံနေရသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားချက်ချင်းလွတ်ပေးရန်တောင်းဆိုလိုက်သည်။
မတရားသည့်အမိန့်ဟူသမျှကို ကန့်ကွက်ပီးရှေ့သို့ဆက်လက်တိုက်ပွဲဝင်သွားမည်။
နိုင်ငံနှင့်လူမျိုးအတွက် ကျေးဇူးဆပ်ဖို့အချိန်တန်ပီ။
နိုင်ငံသားတိုင်းနှင့်တကွ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော မြန်မာ့တပ်မတော်ကြီးမှ
ဖခင်ဗိုလ်ချုပ်၏သွေးသားရင်းအားဥပဒေလက်လွတ်တရားမဲ့စီရင်နေသော စစ်အာဏာရှင်များကိုချေမှုန်းပီး
ကျေးဇူးဆပ်ရန်အချိန်တန်ပီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အပြည့်အစုံသို့...

Monday, August 10, 2009

သူရရွှေမန်း မြောက်ကိုရီးယားခရီးစဉ် မှတ်တမ်းဓာတ်ပုံများ


ဤနေရာတွင်တိုက်ရိုက်သွားရောက်ကြည့်ရှုပါရန်

အပြည့်အစုံသို့...

Sunday, August 9, 2009

"အမျိုးသားခေါင်ဆောင်ဒေါ်အောင်စုကြည်အားခုချက်ချင်းလွတ်"

(Generation Wave)မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ လူငယ်များသည်စစ်အစိုးရ၏မတရားဖမ်းဆီး ချုပ်နှောင်ခြင်းများကိုမမူပဲမနေ့က ၈.၈.၀၉ နေ့တွင် မြန်မာနိုင်ငံမြို့ကြီးများတွင်ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွတ်ဟုစာသားများပါရှိသော လက်ကမ်းစာရွက်များကို ဖြန့်ကျဲခဲ့ကျပါသည်။
သတင်းအပြည့်အစုံကို မျိုးဆက်သစ်လူငယ်များအဖွဲ့မှယခုလိုကြေငြာထားပါသည်။
(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)အဖွဲ့ဝင်လူငယ်များသည်
နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန်ကြိုးစားနေခြင်းကို
ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး ယနေ့သြဂုတ်လ၈ရက်နေ့ ၂၀၀၉တွင် ပြည် နတ္တလင်း
ပေါင်းတလည် ပေါက်ခေါင်း အောင်လံနယ်မြို့ နယ်အသီးသီးတို့
၏အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားရာဈေးများစသည့်နေရာ
တို့တွင်ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင့်  FREE DAW AUNG SAN SUU KYနှင့်
့ FREE BURMA စာတန်းပါစာရွက်စာတမ်းတို့ ကို ဖြန့် ကျဲခဲ့ခြင်းဖြစ်ပါသည်။


ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူပူးပေါင်းဆန့်ကျင်၍အရှိန်မြှင့်လှုပ်ရှားမှုများတွင်ပါ
ဝင်ဆင်နွှဲကြပါရန်အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
"အမျိုးသားခေါင်ဆောင်ဒေါ်အောင်စုကြည်အားခုချက်ချင်းလွတ်"
On Aug 8.2009 Generation Wave did pamphlet action today, Action happened at
key crowded places in Bago Division(Pyay ,Paungdale, Pukkaung) , Magwe
Divison (Aunlan) in Burma.
We also want to encourage people and especially youth of Burma
to do all they can to take actions for the release of Daw Aung San Suu Kyi.
“FREE OUR NATIONAL LEADER DAW AUNG SAN SUU KYI NOW!”

အပြည့်အစုံသို့...

Saturday, August 8, 2009

ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲ ပြောကြားတဲ့ ရှစ်လေးလုံး ကာလ အမှတ်ရဖွယ်ပုံရိပ်များ


SAW ကျောင်းမှာပြုလုပ်တဲ့ ၂၁ နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံ အခမ်းအနားမှာ
ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲ ပြောကြားတဲ့ ရှစ်လေးလုံးကာလ အမှတ်ရဖွယ်ပုံရိပ်များနဲ့
ရှစ်လေးလုံးလူထုတိုက်ပွဲမှ ရရှိတဲ့ သင်ခန်းစာများကို ရိုက်ကူးတင်ဆက်ထားပါတယ်။


နေ့သစ်စာမျက်နှာမှတဆင့် ထပ်ဆင့်ဖော်ပြပါသည်။

အပြည့်အစုံသို့...