Monday, July 27, 2009

အပြုခံတေးတစ်ပုဒ်ရဲ့ အဆုံးသတ်တီးလုံး

သုအိုက်စံ






အပြည့်အစုံသို့...

Saturday, July 18, 2009

မှော်ကသိုဏ်း

သုအိုင်စံ
(၁၉.၀၇.၂၀၀၉)

လူတယောက်ဖြစ်ဖို့  သူဘယ်လောက်ကျင့်ရမှာလဲ
လူတယောက်ဖြစ်လာရန် သူဘယ်လောက်အနစ်နာခံရမှာလဲ
ဗန်းမော်တင်အောင်ပြောတဲ့ ဘ၀တန်ဖိုးကို ယုံလို့ 
မျိုးဆက်တို့ တခုပြီး တခုချရင်း
လူဆန်သူဆန်တဲ့ ပျိုးခင်းလေးဆီ၊
စတေးတယ်လို့ မပြောရဘူး၊ ရွေးချယ်တယ်လို့ ပြောရမယ်လား
ပညာတတ် စကားလုံးဒသနတွေကြားက ငါတို့  ငတုံးငအ တွေ၊ ဘာဖြစ်လဲ။

တိုက်ကြားထဲ ဆိုက်ထားတဲ့ ညငှက်တစင်းဆီ
ရိုက်စားရဲတွေ ယင်းထနေတဲ့လောဘတွေနဲ့ ကပ်သီလာရဲ့
တရားဝင်ကောက်တော့အခွန်၊ အတင်းကောက်တော့ဘာလဲ၊
အမှောင်ထဲက ထမင်းတနပ်၊ ညငှက်တွေရဲ့တောင်ပံခတ်သံ
ပြင်းထန်လာပြီ။

ရိုးရိုးသားသား ခိုးစားမဲ့ သူခိုးဟာ ဆာလောင်နေတဲ့ အစာအိမ်ကို အားပြုပြီး
ကြောင်တကောင်လို မီးဖိုချောင်ထဲ ခုန်ဝင်လိုက်တယ်
ပြီးတော့...ထမင်းအိုးထဲက ထမင်းတုံးကိုနှိုက်
ကြောင်တကောင် ငါးကြော်ကိုက်ချီပြေးသလို ထွက်လာလိုက်တယ်
သိပ်တော်တဲ့ ဆားပုလင်းနှင်းမောင်ဟာ၊ သူခိုးကို ၅ နာရီအတွင်းမှာ မိအောင်ဖမ်းပြီး
၅ ရာတန် ၅ ရွက် ထုတ်ပေး၊ နောက်မလုပ်ဖို့ တားမြစ် အမှုပိတ်ပစ်ခဲ့တယ်
တိုး...တက်...နေ...ပါ...တယ်...ဆို...တဲ့...တိုင်း...ပြည်...ထဲမှာ၊
(p.s. ထမင်းခိုးခြင်းသည် အစစ်ဖြစ်၍ ငွေပေးခြင်းသည် အတုဖြစ်သည်။)

သင်လာတဲ့ သင်္ချာဟာ မှားခဲ့ပြီ
လူသတ်ဗုံးတလုံးထဲမှာ အမုန်းတရား ဘယ်နှရာခိုင်နှုန်း
စစ်ပွဲတခုထဲမှာ ငြိမ်းချမ်းရေး ဘယ်နှရာခိုင်နှုန်း
ယုံကြည်ချက်တခုထဲမှာ ဒါဏ်ခံနှုန်းအား ဘယ်လောက်
ကြိုးစားအားထုတ်မှုထဲမှာ အောင်မြင်မှု ဘယ်နှခု
ရလဒ်အဖြေထဲမှာ ပြုန်းတီးမှု ဘယ်နှခု
အတည်ပြုရခက်တဲ့ သီအိုရီအတုတွေကြား
မြင်လာတဲ့ အမြင်ဟာ ၀ါးခဲ့ပြီ
(လူ့ သမိုင်းဆန်ဆန်တော့ သူ့ အတိုင်းသူမှန်နေတာပေါ့ကွာ။)

နေဓါးလို ရေသွားလို လေအားလို
သတ်ကွင်းကို ဖြတ်ရင်းနဲ့ ထိုးတက်
ပဲ့ကြွေပေမဲ့ ဆက်ဝေနေတဲ့ မျိုးဆက်တွေ
.................................................
အောင်မြေမှာပွင့်တဲ့ ပိတောက်ပန်းတွေဝေလို့ 
ပြည်သူ့ ပီတိမျက်ရည်တွေနဲ့ သင်္ကြန်ရေပက်မယ်
ပြည်သူ့ လက်ခုပ်သံတွေနဲ့  မဏ္ဌာပ်လှည့်မယ်
(အနာဂတ်တိုင်း...အနာဂတ်တိုင်းမှာ)။

စစ်တပ်က စစ်တပ်ကို ပစ်သတ်ပြီး အသစ်စမယ် လို့ 
ကဗျာဆရာက အဝေးကကြပ်ပေးနေတယ်
ပြန်
ပြန်လာ
ပြန်လာကြ
ပြန်လာကြပါ
ပြန်လာကြပါဦး
ပြန်လာကြပါဦး ဒီကို
ဒီမှာ..၅ သန်းလောက်ဟာ မဟုတ်မဟတ်တွေနဲ့  အဆင်ပြေနေပေမဲ့
သန်း ၅၀ လောက်ဟာ ဒုက္ခတွေနဲ့  ရှင် သေ နေခဲ့တယ်၊ မင်းဘယ်မလဲ။

သံချောင်းဟာ ဓါးတလက်လောက်ပဲ တောင့်တ ခဲ့ပေမဲ့
ဓါးတလက်ဟာ သံချောင်းလက်ထဲမှာ အမြဲရှိမနေခဲ့ဘူး
မေခလာကယ်တဲ့ ဇါတ်လမ်းတွေကို မေ့ပြီး
သေချာတဲ့ ဘ၀လမ်းတွေပေါ် ရွေ့ ကြ
မီးပင်လယ်ကို ကိုယ်တိုင် လှော်ခပ်နေကြစဉ်။

ငါ့အိမ် ငါ့အမေ ငါ့ရွာ ငါ့ရွာသား၊ အားလုံး ရှင်ပျောက် သေပျောက် ပျောက်သွားကြပြီ
ငါမမြင်ဖူးသေးတဲ့ ငါ့ညီမလေးက ခလေးတယောက်နဲ့  ငိုပြတယ်
မင်းတောင်းတဲ့ မုန့် ဖိုးအတွက် သူပုန်ရဲ့ အိပ်မက်ဆိုးတွေပဲ ရင့်ခဲ့တယ်
ကောင်းကင်ကိုမော့ကြည့်ပြီး မျက်ရည်ကိုနှလုံးသားထဲ ငါသောက်ထဲ့ပစ်လိုက်တယ်
မင်းထွက်လာစရာမလိုဘူး၊ ငါပြန်ခဲ့မယ် ညီမလေး၊ ဒါ...ငါတို့ တိုင်းပြည်
ဒီစစ်ခွေးတွေကို အဆိပ်ကျွေးသတ်ဖို့ လေ့လာနေပါ။

ကျည်ဖူးကိုဖွင့် ယမ်းကိုသွန် ပြန်ပိတ်
သူလျှိုစိတ်တွေ ဒီသေနတ်ထဲလွှမ်း နေတယ်၊
စာအုပ်ကိုထုတ် အလယ်ကဆွဲဆုတ် သင်ရိုးညွှန်းတမ်းလုပ်
ဆရာယုတ်စိတ်တွေ ဒီကျောင်းခန်းထဲ ရမ်းနေတယ်၊
သဘောထားလွဲရုံနဲ့ ရထားလမ်းကို ခုတ်ခွဲရရောလား
ငါတို့ မှာ ရှေ့တန်းစခန်းရော နောက်တန်းစခန်းရော ပေါင်းမှ
ဒီသံလမ်းလေး ၂ ချောင်းပဲရှိတာ
ငါတို့ မှာ ယုံကြည်ချက်ရော တိုက်ပွဲရော ပေါင်းမှ
ဒီတော်လှန်ရေး ၁ ခုပဲရှိတာ
သောက်သုံးလည်းမကျ၊ မလုပ်တတ၊် ဘာမှမတိုက်တတ်တဲ့ ခေါင်းဆောင်တွေ
နောက်ဆုံးတွဲကနေ အပုတ်ချ အာရိုက် လိုက်ခဲ့ပါ
ရထားဟာ မျိုးဆက်သစ်အားတွေ တနင့်တပိုးနဲ့ သယ်ဆောင်ထိုးတိုက် လို့ ။

ဟုတ်ပါတယ်
အမှုန်အစလို(လက်ဖြာတဲ့ကြယ်) အတွက် သုံညလို စကြ၀ဠာဟာ ကျယ်ခဲ့တယ်
အရုးရင့် အရွယ်အို (ညနေကြယ်) တွေက
လူထုမေးခွန်းကို မှောင်အောင်ဖြေလို့ မဖြစ်ဘူး
အမေ့အပြုံးလေး တုတ်ကောက်နဲ့  ပုဂံလမ်းပေါ် လျှောက်နေတဲ့ဆီ
အမေ့မြေးလေး ကတုံးဆံတောက်နဲ့  မူကြိုတေးဆို ခုန်ပေါက်နေတဲ့ဆီ
လင်းလက်ခဲ့
ဖူးပွင့်တဲ့ ကြယ်ပျိုတွေက အမွေဆက်ခံ လင်းတောက်မယ်
ဒီ..စစ်ဖိနောင့်သံသည် ဂီတမဟုတ်ပါ။

ဓါးမြောင်တလက်လို ရောခ့်ကဗျာဆရာ ရောက်ချလာတယ်
ပြီးတော့...စားပွဲပေါ်ကို ညီမျှခြင်းတခု၊ မြွေဟောက်တကောင်လို ပေါက်ချလိုက်တယ်
(မနေ့ ကအကြောင်း + ဒီနေ့ အကြောင်း + မနက်ဖန်အကြောင်း = ဖတ်မရတော့ပါ) တဲ့
အရက်ပုလင်းတလုံးရဲ့ ရှေ့မှာ လ္ဘက်ရည်တခွက်ရဲ့ ရှေ့မှာ
မြို့ပြစိတ်ကျရောဂါဟာ မြို့ပြနံနက်နေရောင်လို အမောက်ထောင်လန်းဆန်းလို့ 
စာပေနယ်က အလုပ်ဖြုတ်ချိုးသတ်ခံလိုက်ရတဲ့ ကဗျာတွေနဲ့ 
ရွာလည် ပုတ်သိုးနေသော ဘ၀များ။

ဒီကိုလာပါ၊ ဖတ်ပါ မှတ်ပါ၊ ပြီးရင်ပြန်ထား၊ ငှားခွင့်မရှိ
အမျိုးသားစာကြည့်တိုက် ဖွင့်ထားပေးခဲ့ဖူးတယ်
တိုင်းပြည်မွဲတော့...ပိုးစားခြကိုက်နေတဲ့ အကျင့်စရိုက်တွေက
အမျိုးသားစာကြည့်တိုက်ကို ၀ိုင်းကိုက်စားလိုက်ကြပြီ
ကျောက်စာကို ရေးခဲ့တဲ့ ကျောက်တံတချောင်း
ဈေးကောင်းလို့  ရောင်းချိုးလိုက်ကြပြီ
ပိဋက ၃ ပုံ အာဂုံဆောင်ထားတဲ့ ရဟန်းတပါး
ပုန်ကန် စကားများလို့  ပစ်သတ်လိုက်ကြပြီ
စာကြည့်တိုက်ထဲကို စာရေးဆရာမလေး ၀င်လာတယ်
လာရှာတဲ့ ကိုးကားရမဲ့စာအုပ်ဟာ ပျောက်နေလေရဲ့
သူမသည် ၀တ္ထုကို ရှက်ပြုံးပြုံးသလို အဆုံးသတ်ခဲ့၏။

Gladiator ဖျော်ဖြေတာကိုပဲ ဟေးလားဝါးလား အပျော်လိုက်မနေကြနဲ့
Gladiator လို ကိုယ်တိုင်ဝင်တိုက် ဖျော်ဖြေရမဲ့ ဘဝ
တိုင်းပြည်ရဲ့ ရင်ထဲမှာ အတွင်းလူနာ လာလာလုပ်နေတဲ့ ဆရာဝန်တွေ
တိုင်းပြည်ရဲ့ အ၀င်အ၀မှာ အပြင်လူနာ လာလာလုပ်နေတဲ့ ရောဂါသည်တွေ
ကိုယ့်အသက်ရှူနှုန်းဟာ ကိုယ်ကုထုံး ကိုယ့်နှလုံးသားဟာ ကိုယ့်ဆေးဝါး
လောကဆိုတဲ့လေထုထဲ လူဆိုတဲ့သီချင်းဟာ ပီသခွင့်ဆိုတဲ့ဂီတလို
လင်းပကျုးရင့် အလံတလူလူလွင့်နေရမယ်၊
တခြမ်းပဲ့ ဗလောင်ဆူနေတဲ့ ရောမမြို့ကြီးထဲမှာ
မင်းရောငါရော ပက်လက်မျောနေတဲ့ သင်္ဘောပျက်ကြီးလို
ပင်လယ်ကိုယ်တိုင် ဖွဲ့ စည်းပုံပျက်နေတဲ့ မြန်မာပြည်ရဲ့ အဏ္ဏ၀ါခရီး
နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ရွက်လွှင့်လေတော့။

အာဇာနည်နေ့ 
ဘုရားလည်ပင်းကို ကြိုးကွင်းလာမစွပ်နဲ့ 
ကြိုးစင်ပျက်ကျ၊ ကြိုးပြတ်တတ်သည်
အာဇာနည်နေ့ ။

သုအိုင်စံ

အပြည့်အစုံသို့...

Saturday, July 4, 2009

ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလ အတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စစ်အစိုးရ ခွင့်မပြု

VOA/03 July 2009

မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အခုလက်ရှိ နေပြည်တော်မှာ ရောက်နေပြီး နိုင်ငံရေးပါတီ တချို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေပါပြီ။ မစ္စတာ ဘန်ကီမွန်း အနေနဲ့ သူဘယ်သူတွေနဲ့ တွေ့တယ်၊ အဓိက ဘာတွေ ပြောဆိုဆွေးနွေးတယ် ဆိုတာတွေ ကို ဒီခရီးစဉ်ကို ဘန်ကောက်ကနေ စောင့်ကြည့်နေတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မစ္စတာ ဘန်ကီမွန်း က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ တောင်းခံတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကနဦး တုံ့ပြန်ချက် ပုံက သိပ် အလားအလာ မကောင်းလှဘူးလို့ ဆိုရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာ တရား ရင်ဆိုင်နေရသူ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်ပြောတယ်ဆိုပြီး မစ္စတာ ဘန်ကီမွန်း က ဆိုကြောင်း နေပြည်တော်ကလာတဲ့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် မစ္စတာ ဘန် က အလွယ်တကူ လက်မလျော့ဘဲ သူ့ မေတ္တာ ရပ်ခံချက်ရဲ့ အရေးကြီးပုံကို အလေးအနက် ထပ်ပြောခဲ့ပြီး အကြောင်းပြန်ကြားမှာကို စောင့်နေတယ်လို့ သတင်းထောက်တွေကို ပြောကြောင်း အေပီသတင်းက ဆိုပါတယ်။

ရန်ကုန်ကို ဒီကနေ့ မနက်ပိုင်း ခရီးရောက်မဆိုက် မစ္စတာ ဘန်ကီမွန်း သတင်းထောက်တွေကို ပြောခဲ့တာကတော့ -

“အခုလုပ်ငန်းဟာ အင်မတန်ခက်ခဲတဲ့ လုပ်ငန်းတခုဖြစ်မယ် ဆိုတာ ကျနော်သိပါတယ်။ အပြောင်းအလဲ ဖြစ်ဖို့ဆိုရင် ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့ လိုတယ် ဆိုတာ ကျနော်သိပါတယ်။” လို့ ဘန်ကီမွန်းကပြောပါတယ်။

ဒါ့အပြင် သူ့ရဲ့ ရည်ရွယ်ချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ မစ္စတာ ဘန်ကီမွန်း ရဲ့ ခရီးစဉ် နဲ့ပတ်သက်ပြီး ဘာမှ သေသေချာချာ သိမထားဘဲ မနေ့က ရှေ့နေတွေနဲ့ တွေ့တဲ့အချိန်မှာမှ ခရီးစဉ်အကြောင်း သိတာလို့ ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရှေ့နေတွေ တွေ့တဲ့အချိန်မှာ ဒေါ်စု ပြောခဲ့တဲ့ သဘောထား တခုကိုတော့ ဦးဉာဏ်ဝင်း က အခုလို ပြန်ပြောပြပါတယ်။

“မနေ့က တွေ့တဲ့အချိန်မှာ ကျနော်တို့ထဲက ရှေ့နေတဦးက ဒေါ်အောင်ဆန်းစုကြည်ကို မေးတယ်။ မစ္စတာ ဘန် ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဒီအမှုအပေါ်မှာ အကျိုးသက်ရောက် နိုင်တယ်လို့ ထင်သလား လို့။ သူ လုံးဝ မစဉ်းစားဘူးတဲ့ ဒီအမှု အတွက်။ သူ စဉ်းစားနေတာ အမျိုးသား ရင်ကြားစေ့ရေးပဲ။ အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့က အဓိက ပဲတဲ့။ သူ့အမှုအတွက် သူ ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူးတဲ့။”

မစ္စတာ ဘန်ကီမွန်း ခရီးစဉ်ရဲ့ ရလဒ်တခု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သာ လွတ်မလာဘူး ဆိုရင်တော့ မအောင်မမြင် ဖြစ်ရတဲ့ ခရီးစဉ်တခု ဖြစ်လိမ့်မယ် ဆိုပြီး ပြောဆိုထားတာတွေ ကလည်း ရှိပါတယ်။ ဒါ့အပြင် နေအိမ်အကျယ်ချုပ် အခြေအနေ ပြန်ရောက်တာလို လွှတ်တာမျိုးဆိုရင်လည်း အကြီးအကျယ် မအောင်မြင်တဲ့ ခရီးစဉ် ဖြစ်လိမ့်မယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ထောက်ပြထားပါတယ်။

မြန်မာအာဏာပိုင်တွေ အနေနဲ့ အတွင်းရေးမှူးချုပ် နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မိမိတို့ တိုက်တွန်းတဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက လူထု ဆက်ဆံရေးဆိုင်ရာ လက်ထောက် အရာရှိ ဒရိတ် ၀ိုင်းဆက် (Drake Weisert) က အီးမေးကနေ တဆင့် ဗွီအိုအေ ကို ပြောပါတယ်။ ဒါဟာ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မှု ရှိနေတဲ့ကိစ္စရပ်တွေမှာ တိုးတက်မှုရဖို့ ပြင်ဆင်ထားတယ် ဆိုတာကို ပြသရမယ့် အခွင့်အလမ်းကောင်း တခု ဖြစ်တယ်လို့လည်း မစ္စတာ ဒရိတ် က ပြောပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့ တွေ့ဖို့ရှိသလို တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အပြည့်အစုံသို့...

မှော်ကသိုဏ်း

သုအိုင်စံ-၀၄/၀၇/၂၀၀၉

Happy Birthday လုပ်ရမလား၊
Free Aung San Suu Kyi လို့အော်ရမလား၊
Down With Dictatorship လို့ကျိန်စာတိုက်ရမလား။

ရန်ကုန်မြို့ထဲ အမှိုက်ဆို့ရေလျှံ ခြင်တွေတ၀ီဝီ၀ဲပျံနေတယ်။

တပ်မတော်သားတစ်ဦး ဂျီသရီးကိုကျည်ထိုးပြီးတောက်ခေါက်တယ်၊
ဧရာဝတီမြစ်ထဲ လှိုင်းတစ်လုံးတိုးလာသလိုမျိုး။

နာဂစ်ဖြတ်နင်းခဲ့တဲ့လယ်ကွင်းတွေဆီကနေ မရှိတော့တဲ့ကျောင်းလေးဆီ ကျောင်းသားလေးတွေ မလာတော့တာ ၁နှစ်ရှိပြီ၊
ဒီပန်းချီဆိုးဟာ ပိုးစိုးပက်စက် ဆေးစက်ထဲ့သူမဲ့နေ။

ကျွန်းသစ်လုံးတွေ အပြည့်တင်ထားတဲ့ ၁၀ ဘီးကား ၁၀ စီး နယ်စပ်မျဉ်းကို မောင်းနှင်ကျော်ဖြတ်
တရုတ်ပြည်ထဲက စက်ရုံတစ်ရုံရဲ့ အ၀မှာရပ်တယ်၊
ထမင်းမ၀တဲ့ ရိုးမကတော့ ဒုက္ခ၀နေတဲ့ ပြည်သူတွေကို ရင်ခွင်ပိုက်လို့။

ဆိုက်ရောက်လာတဲ့လူငယ်မှာ ရင်နာစရာ အဖြစ်ဆိုးတွေတနင့်တပိုးနဲ့၊
ထွက်ခွာနေတဲ့လူငယ်ဟာ ယုံကြည်မျှော်လင့်ရာတွေ အသစ်ပျိုးလျှက်၊
ဗိုက်ဟာလာနဲ့တိုင်းပြည်ထဲ ဗိုက်ဆာနေတဲ့မိခင်ဟာ ရင်နာနေတဲ့ မျက်ရည်စက်တွေကို နေ့စဉ်ရက်ဆက်ကြွေလို့ရယ်။

ဘ၀။

ညီမလေးရေ...မင်းပန်းချီရေးတဲ့အခါ
မင့်ပါးပြင်လွလွနှစ်ချပ်ပေါ်က
လွပ်လပ်မှုကိုဆာလောင်နေတဲ့ မင်းပါးချိုင့်လေး နှစ်ပွင့်ကိုပါအောင်ရေး၊
အဲဒီအခါ မင်းလက်ထဲက စုတ်တံဟာ အာဏာရှင်ကို တော်လှန်တဲ့ လှံတစ်လက်ဖြစ်ပြီး
မင်းရှေ့က ကင်းဘတ်စ်စဟာ လွတ်မြောက်ရေးတပ်ဦးအတွက် အလံတစ်ရွက်ဖြစ်လေရဲ့၊
အနာဂတ်ပြခန်းထဲမှာ မင်းရဲ့အနုပညာဟာ ပြည်သူတွေရဲ့အောင်ပွဲလို သပ်ရပ်တင့်တယ်ခမ်းနားလို့။

ဘုရားသခင် မုန့်ဖိုးပေးလိုက်တဲ့ ဒုက္ခတရားတွေနဲ့ ဘုရားသခင်ဖွင့်ထားတဲ့ဖဲဝိုင်းထဲ ငါတို့ဝင်ခဲ့တယ်၊
ဘုရားသခင်ရဲ့ အသုဘပွဲမှာ၊
ဘ၀ဆိုတာ (ငါ+မင်း=ငါတို့) ဆိုတဲ့ အဓိပ္ပါယ်ရအောင် နေထိုင်ရှင်သန်ခြင်းအနုပညာ၊
လူကလူကို ဖဲခိုးမရိုက်နဲ့၊
လူကလူကို ဂုတ်သွေးစုတ်မအုပ်ချုပ်နဲ့၊
ဖဲဝိုင်းကြီးတစ်ခုလုံး စုတ်ပြတ်သတ်နေတဲ့ မြန်မာပြည်။

စက်တင်ဘာရဲ့ လမ်းမြေပေါ် ဦးနှောက်သားပြဲရဲ ပွင့်ထွက်နေတဲ့ ဦးခေါင်းတစ်လုံး၊
ခြေပြတ်တစ်ဖက်ကို မရှာနိုင်တော့တဲ့ ခြေပြတ်တစ်ဖက် မွကြေ၊
ရေပုတ်မြောင်းထဲက မှောက်ခုံသေ သံဃာတော်အလောင်းပုတ်ပွ၊
လူသတ် ထရပ်ကားတွေ ဖြတ်မောင်းသွားတဲ့ ရန်ကုန်မြေ၊
သာသနာ့သားတော်တွေ လှမ်းလျှောက်လမ်းဖောက်ခဲ့တဲ့တိုက်ပွဲ၊
အာဏာရှင်တွေ မိုက်မဲမိုက်ကန်းခဲ့တဲ့သမိုင်း၊
အမိမြေကို သွေးမုန်တိုင်းက ခွပ်နေရဲ့...
လူထုရဲ့ ရွှေဝါရောင်အောင်ပွဲဟာ ရောင်စဉ်ခြည် လက်ကြွပြသ...
အမှန်တရားနဲ့ သွေးလှည့်ပတ်စီးတဲ့ အနာဂတ်မှာ။

ရဲရင့်ရိုးသားဖြောင့်မှန်တဲ့ ကျည်တစ်တောင့်က မွဲညစ်ပိုးစားဖောက်ပြန်နေတဲ့ ဦးနှောက်ကို ပစ်ဖောက်ဖွင့်ထွက်သလိုမျိုး၊
လူဖြစ်ကျိုးနပ်ဖို့ ဒီခေတ်ဆိုးကို ပစ်သတ်တာဟာ မွန်မြတ်တယ်၊
အဲဒီကျည်ဆံတွေ သန်းပေါင်း ၅၀ကျော်ရှိတဲ့နိုင်ငံမှာ သတ္တိတွေ ယမ်းအ နေလို့မဖြစ်ဘူး၊
ကိုယ့်ဘ၀ကို ကိုယ်ခူးရမယ်၊
ကိုယ့်ဘ၀ကို ကိုယ်ဦးချမယ်၊
ဘုရားများ။

ဆင်းလာတဲ့ ဆိုက္ကားပေါ်က ငါက တက်လာတဲ့ ဆိုက္ကားပေါ်ကကောင် ကို ကိုယ်ချင်းစာမိရဲ့၊
ဘ၀ဆိုတာ မင်းလိုပဲ ရှေ့ဆက်ရုန်းတက်ရဦးမဲ့ တကယ့်ကုန်းအတက်တွေနဲ့ပေါ့ကွာ၊
ခက်တာက အစိုးရမချစ်အားလို့ ပစ်ထားတဲ့ရပ်ကွက်ထဲက ငါတို့ဘ၀တွေ ဂွေခွင်ခဲ့ရအခါခါ ဘီးပေါက်ခဲ့ရအခါခါ တိမ်းမှောက်ခဲ့ရအခါခါ၊ ပေါက်ပြဲစုတ်ပြတ်နေတဲ့ ရာစုလမ်းတွေပေါ်၊
ရေလျှံဗွက်ထနေတဲ့ ခရောင်းလွင်ပြင်ဘ၀တန်ဖိုးခပ်ဆိုးဆိုးတွေပေါ်၊
သံသရာလိုပဲ လည်ပတ်နေတဲ့အရာတွေကို မရပ်လိုက်နဲ့၊
လည်ပတ်နေတဲ့ကောင်တွေကို သတ်ကြ၊ သမိုင်းဘီးကြီးလိမ့်နေသည်။

မိုးလင်းခဲ့ပြီ၊
အဲဒီမှာ မနက်စာမရှိလည်း အိပ်ယာထရပေဦးမည်၊
အလုပ်လိုက်ရှာနေတုန်း ဗိုက်ဆာလာဦးမည်၊
စားစရာမရှိသော်လည်း ခံနိုင်ရည်ရှိရဦးမည်၊
မိုးချုပ်ခဲ့ပြီ၊
အဲဒီမှာ အိပ်ယာမရှိလည်း အိပ်ရပေဦးမည်၊
မိဘကမွေးပြီး နိုင်ငံတော်က ပစ်ထားသော ခလေးများရဲ့ အနာဂတ်မဲ့ရောဂါ မြို့ကြီးများတွင် ကူးစက်ပျံ့နှံ့နေသည်။

ကျော်ကျော်သည် နွားနို့ခွက်ကို သွန်မသွားခဲ့ပါ။

စာသင်ယူဖူးသူနှင့် စာသင်ပေးဖူးသူတို့
ကျောင်းတော်ကြီးအားလွမ်းနေတုန်း အလွမ်းခံနေရသော ကျောင်းတော်ကြီးရဲ့ မုဒ်ဦးဝတံခါးအား
စစ်ခမောက်တစ်လုံးနှင့်တူသော သော့ဂလောက် တစ်လုံးချိတ်ဆွဲထားစဉ်
စစ်တက္ကသိုလ်ထဲမှာ ဗိုလ်လောင်းတွေ တစ်အုပ်ပြီးတစ်အုပ် သင်တန်းဆင်းသွားခဲ့ကြပြီ၊
မိုးရွာစဉ်လူအချို့ ငွေနှင့်အ၀ယ်ခံရပြီး လုံခြုံခဲ့သော်လည်း လူအချို့မှာငွေနှင့် အကန်ခံရသောကြောင့် စိုရွှဲ စုတ်ပြတ်နေသောဘ၀များ၊ မောင်းတင်ကျည်ထိုးထားတဲ့ ယုံကြည်ချက်နဲ့၊
ကောင်းကင်ဆိုးအား ပစ်ချပစ်သတ်သွားမဲ့
မျိုးဆက်များရဲ့ စိတ်ဓါတ် လွတ်မြောက်ရေး ဓါးတစ်လက်လို ကျစ်လစ်လက်ပထက်ရှ နေတယ်။

ရန်နဲ့ငါကြား ချန်ထားစရာ အချစ်မရှိပါ။

ဒါဏ်ရာတစ်သောင်းနားတဲ့ အတိတ်
ယုံကြည်ချက်တစ်သောင်းနားတဲ့ တိုက်ပွဲ
အနာဂတ်တစ်သောင်းနားတဲ့ အောင်ပွဲ
ထောင်ထဲက ၆၅ နှစ် မိခင်တွေမွေးသမျှ တော်လှန်ရေးသမားတွေဖြစ်တဲ့မြေရဲ့ chamberထဲက ကမ္ဘာမကျေဘူး ဟိန်းထ၊ လမ်းကိုယ်တိုင်ချီတက်နေရတဲ့လမ်းပေါ်က ချီတက်နေကြတဲ့ပြည်သူ့ဘ၀များ (တရားသဖြင့်)။

ပြည်တွင်းစစ် အစွဲမကျွတ်တဲ့ အရိုးစုဝိညာဉ် ၃ ကောင်
သံလွင်မြစ်ထဲ ရေရှပ်ပြေးကစားရာကနေ ဒေါနတောင်တန်းပေါ် လွှားကနဲ ၀ဲပျံခုန်တက်လိုက်စဉ်၊
တစ်ကောင်က look over there လို့ပြောတယ်
နောက်တစ်ကောင်က where လို့မေးတယ်
နောက်ထပ်တစ်ကောင်က there ညွှန်ပြတယ်၊
အဲဒီမှာ သွေးအိုင်ထဲ လဲပြိုသေနေတဲ့ သင်တိုင်းဖြူပျို
မြန်မာ့တပ်မတော်သုံး စစ်ဖိနပ်ခွာရာများ
တောင်ယာစပါးခင်းပျက်ထဲက အနိဌာရုံ ပြည်တွင်းစစ်ရဲ့ထွက်ကုန်များ
ဆယ်စုနှစ်များစွာဟာ အစိုးရဆိုးရဲ့ ဂုဏ်သိက္ခာဆိုးတွေကို လိုက်ပါသယ်ဆောင်လို့။

ရွာထိပ် ရေတံခွန်က လျှပ်စစ်ဓါတ်တွေထုတ်လုပ်ပြီး မြို့ကြီးပြကြီးတွေဆီ ပို့ဆောင်နေချိန်မှာ
လောပိတရွာလေးကတော့ ဆီမီးခွက်လေးထွန်းပြီး ကကြီး ခခွေးတွေအလွတ်ကျက်နေရကြောင်း တေးတစ်ပုဒ်ရေးဖွဲ.ခဲ့ကြတယ်၊ ဒီနေ့တော့...ထင်းခုတ်သွားသူဟာ တပါးမြေဆီစီးဆင်းနေတဲ့ ဂက်စ်ပိုက်လိုင်းကြီးနဲ့ ခလုပ်တိုက်လဲ မေ့မျောအံ့သြ၊ ကိုယ့်ချမ်းသာမှုထဲမှာကိုယ်ဆင်းရဲမှောင်မိုက်နေတဲ့ လူထုဘ၀နဲ့ ကကြီး ခခွေး လူ့အဓိပ္ပါယ်တွေ၊
ကောင်းကင်ဟာမြေပြင်ကို သေနတ်ဒင်နဲ့ ဆန်ရင်းနာနာထောင်းနေလေရဲ့ (ဖြစ်သင့်လို့လား) (ဖြစ်ပျက်နေခဲ့/လျှက်/တယ်)၊
ကောင်းကင် ကို မြေမြိုဖို့ ပြည်သူတွေရဲ့ ဟက်တက်ကွဲ နှလုံးသားအက်ကြောင်း စိတ်ဓါတ်မီးတောင်တွေ ဓါတ်လိုက်ပေါင်းစည်းပြီ။

၆၄ မြစ်ဖျားနှင့် မှော်ကသိုဏ်း ဖြစ်လာပုံ

၆၄ နှစ်အရွယ်အဖွားအို လူထုခေါင်းဆောင်၊ မွေးနေ့ မှာ ထောင်ထဲ ထဲ့လှောင်ခံထားရတယ်ဆိုတော့ လူ့ နှလုံးသားနဲ့ ခံစားရတာ ရင်နင့်ကျေကွဲဒေါသသင့်စုတ်ပဲ့တဲ့ရသ ပဲရတယ်။ အဲဒါနဲ့ အဲဒီနေ့ က ဆုံဆည်းရာ စီဘောက်ထဲမှာ ၆၄ အမည်နဲ့ “Happy Birthday လုပ်ရမလား Free Aung San Suu Kyi လို့ အော်ရမလား Down With Dictatorship လို့ ကျိန်စာတိုက်ရမလား" လို့ ရေးခဲ့တယ်။ နောက်ပိုင်းတော့ ၆၄+၁ရက်၊ ၆၄+၂ရက်၊ ၆၄+၃ရက်...စသဖြင့် ရက်စဉ်ဆက်တိုက် တနေ့ ဝါကျ ၁ ကြောင်းနှုန်းနဲ့ သေတဲ့အထိ EPIC တပုဒ်ရေးမယ်လို့ ကြီးကြီးမြတ်မြတ် ယုံယုံကြည်ကြည် ရဲရဲရင့်ရင့် ဆုံးဖြတ်ပစ်လိုက်တယ်။ ဒါဟာ Poem လား Prose လား Pomo-fiction လား ကျနော်မသိဘူး။ ဘာလို့  စီဘောက်ထဲဝင်ရေးရလဲဆိုတော့...စီဘောက်မှာ လာလည်သူတွေရေးတဲ့ နိုင်ငံရေး သုံးသပ်ချက်တွေ သတင်းအချက်အလက်တွေ စာလိုလို ကဗျာလိုလို ရေးသားချက်လေးတွေကို ကျနော့် စိတ်အတွေး စီးဆင်းတဲ့အတိုင်းလိုက်ရေးတာပါ။ ဘာလို့ တနေ့ ၁ ကြောင်းပဲရေးရလဲဆိုတော့...သေတဲ့အထိရေးမှာရယ်၊ တနေ့ ကို အလုပ်ကျွန် ၈ နာရီ ဖြစ်နေခြင်းကြောင့်ဖြစ်တယ်။ အင်တာနက်က နေ့ တိုင်းသုံးနိုင်မှာမဟုတ်လို့ ဗလာစာအုပ် အထူထဲနေ့ စဉ်ရေးထဲ့နေတယ်။ နိုင်ငံရေးအရတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့  မြန်မာ့ပြည်သူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်တယ်။ စာပေအရတော့ ဘာကိုမှမရည်ရွယ်ဘူး။ (မှော်ကသိုဏ်း) ဆိုတာ လွန်ခဲ့တဲ့ ၆နှစ်က ကျနော်ရည်ရွယ်ပြီး မထုတ်ဖြစ်ခဲ့တဲ့ ကဗျာစာအုပ်ရဲ့ အမည်ပါ၊ မှော်ကသိုဏ်း တွေဆက်တိုက်ရေးသွားမယ်.....ကျနော်ရပ်သွားတဲ့အထိ။

သုအိုင်စံ

အပြည့်အစုံသို့...