ဧရာဝတီ-ဝေမိုး၊ ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၀၉
အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ ဥက္ကဌက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ရိုဟင်ဂျာ အကြပ်အတည်း တို့အပေါ် ၁၄ ကြိမ်မြောက် အာဆီယံ စုံညီ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်သည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။ သို့သော်လည်း ဖိအားပေးမှု ပြုလုပ်မဟုတ်ဟု ဆိုသည်။
ထိုင်းနိုင်ငံ ပက်ချဘူရီခရိုင်ရှိ ပင်လယ်ဆိပ်ကမ်းမြို့တမြို့ဖြစ်သည့် ချာ့အမ်းတွင် သုံးရက်ကြာ စုံညီအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည်။
ဤ ၁၄ ကြိမ်မြောက် အာဆီယံ အစည်းအဝေးမှာ ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း နိုင်ငံရေးမငြိမ်သက်မှုကြောင့် ရွှေ့ဆိုင်းခဲ့သည်။
စုံညီ အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ အာဆီယံဥက္ကဌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်း က “ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ် ကျနော်တို့ တယောက်နဲ့ တယောက် တောင်းဆိုတာတွေ မလုပ်ဘဲ ဆွေးနွေးနိုင်တယ်”ဟု ဖြေကြားသွားသည်။
ကိုယ်စားလှယ်များသည် ဒေသတွင်း လူ့အခွင့်အရေး ကိစ္စရပ်များကို အလွတ်သဘော ဆွေးနွေးပွဲများတွင်လည်း ထည့်သွင်း ပြောကြားကြမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
လှေစီး ရိုဟင်ဂျာများအရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံက ဘာလီ လုပ်ငန်းစဉ်အတိုင်း ကိုင်တွယ် ဆောင်ရွက်မည် ဟု ၎င်းက ပြောကြားလိုက်သည်။ စုံညီအစည်းအဝေးကာလအတွင်း အလွတ်သဘော တွေ့ဆုံမှုတွင် မြန်မာကိုယ်စားလှယ်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ထပ်ပြောသည်။
၂၀၀၂ ခုနှစ်တွင် အစပျိုးခဲ့ပြီး သြစတြေးလျနှင့် အင်ဒိုနီးရှားတို့ ပူးတွဲ ဦးစီးသည့် ဘာလီလုပ်ငန်းစဉ်တွင် နိုင်ငံပေါင်း ၅၀ ကျော်နှင့် နိုင်ငံတကာ အေဂျင်စီများ ပါဝင်ခဲ့သည်။ လူသယ်ယူခြင်း၊ လူကုန်ကူးခြင်း တို့အပြင် အာရှ-ပစိဖိတ် ဒေသတွင်းနှင့် ဒေသအပြင်ဘက်ရှိ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်း ဆောင်ရွက်ကြရန် ဆုံးဖြတ်ထားသည်။
အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများသည် ယမန်နေ့ကလည်း အလွတ်သဘော တွေ့ဆုံပြီး ညစာစားခဲ့ကြသည်။ ယနေ့ ပြုလုပ်သည့် နိုင်ငံခြားရေး ၀န်ကြီး တို့၏ အစည်းအဝေးများတွင် အာဆီယံ လူ့အခွင့်အရေး အဖွဲ့၊ အာဆီယံ ပဋိညာဉ် တို့နှင့် ပတ်သက်ပြီး အထူးပြု ဆွေးနွေးကြသည်။
လူ့အခွင့်အရေးနှင့် ပတ်သက်သည့် မည်သည့် ဆွေးနွေးမှုတွင်မဆို မြန်မာနိုင်ငံသည် အဓိက အာရုံပြုဖွယ် ဖြစ်လာနိုင်သည်ဟု မျှော်လင့်ရသည်။ စစ်တပ်အုပ်ချုပ်သော မြန်မာနိုင်ငံတွင် နေအိမ် အကျယ်ချုပ် ကျနေသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ခန့် ရှိနေသည်။
အတိတ်ကာလများကဆိုလျှင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုခဲ့သည့် အတွက် အာဆီယံသည် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့၏ ဝေဖန်မှုများကို ခံခဲ့ရသည်။
အာဆီယံခေါင်းဆောင်များသည် မြန်မာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် လှေစီး ရိုဟင်ဂျာများ အရေး အပါအ၀င် မြန်မာနိုင်ငံ အနောက်တောင်ပိုင်းရှိ နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ဆောင်နေသော အာဆီယံ၊ ကုလသမဂ္ဂ နှင့် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များ ပါဝင်သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ လုပ်ငန်းတိုးချဲ့မှုများကို ဆွေးနွေးမည်ဖြစ်သည်။
စင်္ကာပူတွင် မေ ၂၀၀၈ က အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ သုံးပွင့်ဆိုင် အဖွဲ့ တည်ထောင်ရန် သဘောတူခဲ့ကြသည်။
သို့သော်လည်း သုံးပွင့်ဆိုင်၏ သဘောတူညီချက်သည် ဇူလိုင်လတွင် ကုန်ဆုံးမည် ဖြစ်သည်။ ကုလသမဂ္ဂ၏ အဆို အရ ကုလသမဂ္ဂနှင့် အာဆီယံတို့သည် လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ရန် ပြင်ဆင်နေကြသည်၊ သို့သော်လည်း မြန်မာစစ်အစိုးရက သုံးပွင့်ဆိုင်အဖွဲ့ သက်တမ်းတိုးရေးကို တရားဝင် ကြေညာမှု မပြုလုပ်သေးပေ။
“သုံးပွင့်ဆိုင်နဲ့ ပတ်သက်ပြီး မြန်မာဘက်က အဖြေကို ကျနော်တို့ စောင့်ဆိုင်းနေတုန်းပါ။ ဒါပေမယ့် တချို့ ၀န်ကြီးတွေက သဘောထား တင်းမာတယ်” ဟု ယခုကျင်းပနေသော အာဆီယံ ဆွေးနွေးပွဲရှိ အမည်မဖော်လိုသူ ထိုင်းအရာရှိတဦးက ဧရာဝတီသို့ပြောကြားခဲ့သည်။
(ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီယံ ဆွေးနွေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်)
Saturday, February 28, 2009
အာဆီယံက မြန်မာကို ဖိအားပေးမည်မဟုတ်
Posted by
ဆုံဆည်းရာ
at
10:26 AM
1 comments
Labels: သတင်း
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဒဏ်ခတ်မှု စစ်အစိုးရကို တရုတ်ကူညီနေသည့်အတွက် အဓိက မအောင်မြင်
ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၂၇ ရက် ၂၀၀၉
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြသုံးသပ်ထားသည်။
ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန စာတမ်းတခုအသွင်ဖြင့် ၂၀၀၈ ခု ဇွန်လတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာပါ အချက်များကြောင့် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။
ပထမအချက်အနေနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု အတိုင်းအတာ မတူသည့်အပေါ် မြန်မာစစ်အစိုးရ အမြတ်ထုတ်သွားနိုင်ခဲ့သည်ဟု ထောက်ပြထားသည်။
“မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ရာတွင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုမှာ အကျယ်ပြန့်ဆုံး ပေါ်လစီဖြစ်သည်။ အီးယူ၊ ဂျပန်နှင့် သြစတြေးလျ နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ အကန့်အသတ်နှင့်သာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု စသည်တို့ လုံးဝ ဖြတ်တောက်ခြင်းမျိုး မဟုတ်ပေ။
မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့ရာတွင် စစ်ခေါင်းဆောင်များအား ဗီဇာပိတ်ပင်ခြင်း၊ လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်း၊ အီးယူနိုင်ငံများရှိ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ အခွန် ကင်းလွတ်ခွင့် ပိတ်ပင်ခြင်း စသည်တို့ ဖြစ်ပြီး မြန်မာကုန်စည်များ အီးယူနိုင်ငံများသို့ တင်သွင်းခွင့် သို့မဟုတ် မြန်မာနိုင်ငံတွင် အီးယူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတို့ကိုမူ ပိတ်ပင်ခြင်း မရှိပေ။” ဟု အစီရင်ခံစာ၌ ဖော်ပြထားပြီး အင်္ဂလန်၊ ဂျပန်တို့ မြန်မာနိုင်ငံနှင့် မည်သို့ ဆက်ဆံနေသည်ကို ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများဖြင့် အသေးစိတ် ရှင်းလင်းထားသည်။
မြန်မာစစ်အစိုးရသည် မြန်မာထွက်ကုန်များကို အာရှနိုင်ငံများသာမက အခြားနိုင်ငံများသို့ပါ တင်ပို့ ရောင်းချနေနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း ဒုတိယအချက်ဟု အစီရင်ခံစာမှာ ရေးထားသည်။
အစီရင်ခံစာ၌ “၂၀၀၄ နှင့် ၂၀၀၅ ခုတွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ မြန်မာစစ်အစိုးရ ၀င်ငွေမှာ ဒေါ်လာသန်း (၁,၀၀၀) ရှိသည်ဟု မှန်းထားသည်” ဟု ရေးထားပြီး မည်သည့်ကုမ္ပဏီများ ရေနံနှင့် သဘောဝဓာတ်ငွေ့ ရှာဖွေရေးတွင် လုပ်ကိုင်နေကြောင်း အသေးစိတ်ရှင်းထားသည်။
ထို့ပြင် မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှ ရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာသန်း (၂,၀၀၀) ကြားရှိသည်ဟု ထောက်ပြသည်။ အထူးသဖြင့် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာတွင် ဘိန်းကိုသာ အထွက်လျော့အောင် လုပ်ပေးလျင် ၀တွေ မက်တာအဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ ထုတ်လုပ်ခွင့်ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။
တတိယ အချက်အနေနှင့် ဒဏ်ခတ်မှုနှင့် သံတမန်ရေး ဖိအားကို လျော့ပါးစေသည့် အာဆီယံ နိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးသည်လည်း မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင်ရခြင်း ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းထားသည်။
စတုတ္တ အချက်လည်းဖြစ် ဒဏ်ခတ်မှု မအောင်မြင်ခြင်း၏ အဓိက အချက်လည်း ဖြစ်သည့် အချက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်က စီးပွားရေးနှင့် စစ်ရေး ကူညီနေခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲထားပြီး အထောက်အထားများနှင့်တကွ အကျယ်တ၀င့် ရှင်းပြထားသည်။
ပဉ္စမအချက်ဟု ပြောနိုင်စရာရှိသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ချုပ်ကိုင်ထားသည့် ထိပ်ပိုင်း စစ်ဘက်အရာရှိများနှင့် ၄င်းတို့ မိသားစုများအတွက် ၀င်ငွေရအောင် စစ်အစိုးရက လုပ်ပေးနေနိုင်သည့်အချက်ဟု ထောက်ပြထားသည်။
Posted by
ဆုံဆည်းရာ
at
10:22 AM
0
comments
Labels: သတင်း
Wednesday, February 25, 2009
နိုင်ငံရေး ပြောင်းလဲရန် အီးယူ ဥက္ကဋ္ဌက မြန်မာကို တိုက်တွန်း
မဇ္ဈိမ-မုံပီး၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၀၉
နယူးဒေလီ (မဇ္ဈိမ)။ ။ ဥရောပသမဂ္ဂ လက်ရှိ ဥက္ကဋ္ဌက အတိုက်အခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် မြန်မာ စစ်အစိုးရကို တိုက်တွန်းလိုက်သည်။
ထို့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် နိုင်ငံရေးပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများ ဖယ်ရှားပေးရန်လည်း တနင်္လာနေ့က ကြေညာချက်တရပ် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးနှင့် ထိန်းသိမ်းထားသူများကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်၊ နိုင်ငံရေး ပါတီများအား ကန့်သတ် ချုပ်ချယ်ထားမှုများကို ဖယ်ရှားပေးရန်၊ အစိုးရ အာဏာပိုင်များနှင့် တိုင်းရင်းသားများ အပါအဝင် ဒီမိုကရေစီ အင်အားစုများအကြား အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဥရောပသမဂ္ဂ (အီးယူ) ဥက္ကဋ္ဌက ပြင်းထန်စွာ တောင်းဆိုပါသည်” ဟု ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
၂ဝဝ၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ချက်သမ္မတနိုင်ငံက ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး၊ ၂ဝဝ၉ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဆွီဒင်နိုင်ငံသို့ လွှဲပြောင်းပေးမည်။
ချက်သည် မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံခဲ့သော နိုင်ငံဖြစ်ပြီး မကြာသေးမီကလည်း မြန်မာ ဒုက္ခသည်များကို နိုင်ငံတွင်း၌ လက်ခံခဲ့သည်။
ချက် သမ္မတဟောင်း ဗားကလပ်ဟာဗဲလ် (Vaclav Havel) သည် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Desmond Tu Tu) နှင့်အတူ ‘ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်း’ (Threat to Peace) ဆိုသည့် အစီရင်ခံစာ တစောင်ကို ပူးတွဲရေးသား၍ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက ထုတ်ဝေဖြန့်ချိခဲ့ကာ မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တရပ် ချမှတ် အရေးယူပေးရန် တောင်းဆိုခဲ့သည်။
ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဂမ်ဘာရီ ထုတ်ဖော်ပြောကြားခဲ့သည့် ‘နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိသော ပြဿနာများကို တိတိကျကျ၊ ခိုင်ခိုင်မာမာ ကိုင်တွယ်ဖြေရှင်းရန်’ မိမိ၏ ကတိကဝတ်ကို မြန်မာနိုင်ငံက ပြသရမည့်အချိန် ရောက်ပြီဟူသော အမြင်ကိုလည်း အီးယူ ဥက္ကဋ္ဌက သဘောတူသည်။
အီးယူသည် ၁၉၉၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအပေါ် ဘုံသဘောထားတရပ် ချမှတ် အရေးယူခဲ့ရာ စီးပွားရေး ပိတ်ဆို့မှုများ၊ လက်နက်တင်ပို့မှု တားမြစ် ကန့်သတ်မှုများ၊ မြန်မာ စစ်အရာရှိကြီးများနှင့် သူတို့၏ မိသားစုဝင်များအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်း စသည်တို့ ပါဝင်သည့် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားခဲ့သည်။
ဤ ဘုံသဘောထား ရပ်တည်ချက်တွင် အီးယူ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းကိုလည်း တားမြစ် ပိတ်ပင်ထားသည်။
သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာစစ်အစိုးရက နှိမ်နင်းခဲ့အပြီး။ မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကို အီးယူက ပြုလုပ်ခဲ့သည်။
သို့သော် နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ပေါ်ပေါက်လာခဲ့သော လူသားချင်း စာနာမှု အကျပ်အတည်းကို တုံ့ပြန်ကူညီသည့်အနေနှင့် ယူရိုငွေ ၃၉ သန်း (အမေရိကန်ဒေါ်လာ သန်း ၅ဝ) တန်ဖိုးမျှရှိသည့် ကနဦး နာလန်ထူရေး စီမံကိန်းအတွက် အီးယူက မြန်မာနိုင်ငံကို ပေးအပ်ကူညီခဲ့သည်။
ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် ဂျာမဏီနိုင်ငံ ပါလီမန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးရေးရာ ကော်မတီဝင်များ ဖြစ်ကြသော Jürgen Klimke နှင့် Hellmut Königshaus သည် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ကာ မြန်မာစစ်အစိုးရ၊ အာဆီယံနိုင်ငံများအသင်း၊ ကုလသမဂ္ဂတို့ ပူးပေါင်း ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က လုပ်ကိုင်နေသည့် နာလန်ထူရေး စီမံကိန်းများကို လိုက်လံ စစ်ဆေးခဲ့သည်။
ဤခရီးစဉ်သည် အီးယူ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး၊ ပြီးခဲ့သောလက နော်ဝေနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး Erik Solheim နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး Ulla Toernaes တို့သည် မြစ်ဝကျွန်းပေါ်သို့ သွားရောက်ကာ နာဂစ်လွန်ကာလ တုံ့ပြန်ဆောင်ရွက်မှုများ၏ တိုးတက်မှုကို စစ်ဆေးအကဲဖြတ်ရန်နှင့် နာလန်ထူရေးအတွက် အနာဂတ်တွင် လိုအပ်ချက်များကို သိရှိနိုင်ရန် စစ်ဆေးခဲ့သေးသည်။
Posted by
soneseayar
at
11:43 PM
0
comments
Labels: သတင်း
အကောင်းဆုံးမြေသြဇာ လူငယ်သုံးဦး ရန်ကုန်တိုင်းရဲရုံးမှာ ဖမ်းထားဆဲ
ခေတ်ပြိုင်-မင်းနိုင်သူ ၊ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၀၉
အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်၊ ကိုအောင်ထက်မင်းတို့ ဖေဖော်ဝါရီ (၁၄) ရက်၌ မြောက်ဥက္ကလာပမြို့နယ် အထက (၃) ရှေ့တွင် နှင်းဆီပန်း လူထုလှုပ်ရှားမှုအဖြစ် ပိုစတာများ ကပ်နှံခဲ့ခြင်းကြောင့် အာဏာပိုင်များက နေအိမ်သို့လာရောက် ဖမ်းဆီးခဲ့ပြီး၊ ယခုအခါ ရန်ကုန်တိုင်းရဲရုံးတွင် ဖမ်းဆီးနှိပ်စက် စစ်ဆေးနေကြောင်း ယင်းအဖွဲ့ဝင်လူငယ်တဦးက ပြောသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်ရဲရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိပေ။
လူထုအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့၊ မျိုးဆက်သစ်လူငယ်များအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ သင်္ကေတအထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ (၁၄) ရက်တွင် လူထုလှုံ့ဆော်ရေးတရပ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုအတွက် အဖမ်းခံလူငယ် (၃) ဦး ပိုစတာကပ်နှံသည်ကို စွမ်းအားရှင် ဆိုက္ကားသမားတဦး မြင်သွားကာ အာဏာပိုင်များထံ သတင်းပေးခဲ့ခြင်းကြောင့် အိမ်အထိ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။
၎င်းတို့သုံးဦးကို မြို့နယ်မယကရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ (၁၆) ရက်တွင် တိုင်းရရုံးသို့ ပြောင်းရွေ့ လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်လူငယ်က ပြောသည်။
“ကျနော်တို့ အဖွဲ့ဝင် လူငယ်တွေဟာ ဘယ်လောက်ပဲ အဖမ်းခံနေရပါစေ။ နောက်တွန့်သွားမှာ မဟုတ်ဘူး ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ လှုပ်ရှားမှုတွေနဲ့ သက်သေပြနေပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေးပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေမပါဘဲနဲ့ လုပ်ဆောင်နေမယ်ဆိုရင်လည်း အခုလိုလှုပ်ရှားမှုတွေနဲ့ လူထုကို နားလည်အောင်ပြောပြ ဆွဲခေါ်တင်ပြီး ဖယ်ရှားသွားမှာပါခင်ဗျ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးပါ။ ကျနော်တို့ လူငယ်တွေရဲ့ ရင်ထဲကဆန္ဒတွေ ဖော်ထုတ်ပြသတာကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးပါ။ ဖမ်းတာဆီးတာတွေရပ်ပါ။ ကျနော်တို့အဖွဲ့က အဖမ်းခံလူငယ်တွေကိုလည်း ချွင်းချက်မရှိ ပြန်လွတ်ပေးပါ” ဟု အဖွဲ့ဝင်လူငယ်က တောင်းဆိုသည်။
ယင်းကဲ့သို့ ဖမ်းဆီးမှုများရှိနေသော်လည်း အဖွဲ့အနေဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ နယ်မြို့များတွင်ပါ တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းလူငယ်က ဆက်လက်ပြောဆိုသည်။
Posted by
soneseayar
at
11:40 PM
0
comments
Labels: သတင်း
မဲဆောက်မြန်မာအလုပ်သမား ၃၀၀နီးပါး လက်မှတ်လိမ်မထိုး၍ အလုပ်ဖြုတ်ခံရ
ခေတ်ပြိုင်၊၊ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၀၉
မဲဆောက်ရှိ ဟန်ထိုင်း သိုးမွေးအထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား တစ်ထောင်ခန့်အား လုပ်ငန်းခွင်အတွင်း လုပ်အားခနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ရရှိသည့် အကြောင်းကို စာချုပ်စာတမ်းဖြင့် လိမ်လည်လှည့်ဖြား၍ လက်မှတ်ထိုးခိုင်းခြင်းကို ကန့်ကွက်ခဲ့သည့် မြန်မာအလုပ်သမား (၂၉၃) ဦးကို ယမန်နေ့က အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမား အခွင့်အရေးကာကွယ်ရေးရုံးတွင် မြန်မာအလုပ်သမား များက အရေးဆိုတိုင်ကြားသောကြောင့် အလုပ်ရှင်နှင့် အလုပ်သမား အခြေအနေမှာ တင်းမာလျက်ရှိသည်။
မဲဆောက်မြို့ပြင် မဲကုကျေးရွာအမှတ် (၆၀၈) ရပ်ကွက်(၇) တွင် တည်ရှိသည့် HANG THAI၊ KNITTING၊ INDUSTRIAL.CO.LTD စက်ရုံတွင် အလုပ်သမားအခွင့်အရေး တောင်းဆိုသည့်အတွက် မိမိတို့အား အလုပ်ဖြုတ် လိုက်ခြင်းဖြစ်သည်ဟု အလုပ်ဖြုတ်ခံရသူ မရီရီခိုင်က “အခုလို လာပြီး အရေးဆိုရတာကတော့ ဟန်ထိုင်းစက်ရုံမှာ ကျမအလုပ်လုပ်ခဲ့တာ (၉၇) ကနေ အခုဆိုရင် ဆယ်နှစ်ကျော်ပြီ။ အလုပ်စ၀င်ချိန်မှာ လျှောက်လွှာတင်ခဲ့ရတယ်။ ဒီစာချုပ်ကို မချုပ်ခဲ့ရဘူး။ ပြီးခဲ့တဲ့နှစ် (၁၁) လပိုင်းကမှ စာချုပ်အသစ်ချုပ်ခိုင်းတဲ့ အတွက် ကျမတို့ မချုပ်ခဲ့ဘူး။ ဒီစာချုပ်ပါ နံပတ် (၅) အချက်က အလုပ်သမား အသစ်စမ်းသပ်ရက်ကို (၁၁၉) ရက် သတ်မှတ်တယ်။ ကျမတို့က အလုပ်သမား အဟောင်းဖြစ်တဲ့အတွက် ကျမတို့နဲ့မဆိုင်လို့ အဲ့ဒါကို လက်မှတ်မထိုး နိုင်ဘူး။ စာချုပ် နံပတ်(၁၀) မှာလည်း အပြစ်မရှိတဲ့ အလုပ်သမားကို အလုပ်ထုတ်လိုပါက တလကြိုတင် အကြောင်းကြားဖို့ဆိုတာ ပါတယ်။ အခုကြတော့ ကြိုတင် အကြောင်းကြားခြင်းမရှိပဲ မနေ့ကအလုပ်သမား (၂၉၃) ဦးကို အကြောင်းမဲ့ အလုပ်ဖြုတ် လိုက်တယ်။ ဒါကြောင့် အခုလိုလာပြီး အရေးဆိုတိုင်ကြားရတာပါ" ဟု ပြောသည်။
အလုပ်သမားတဦးဖြစ်သူ ဇော်မင်းသိန်းကလည်း “ကျနော်တို့ကို အလုပ်ဖြုတ်တာကို စက်ရုံထဲမှာ စာကပ်ထားတယ်။ စက်ရုံ မန်နေဂျာတဦးဖြစ်တဲ့ ဖိပရာချာက မင်းတို့ရမယ့် နောက်ဆုံး လစာကို ပေးမယ်။ အခြားဘာနစ်နာကြေးမှ မပေးနိုင်ဘူး။ တိုင်ချင်ရာတိုင်လို့ရတယ်လို့ ပြောတယ်" ဟုပြောသည်။
မြန်မာအလုပ်အရေး လိုက်လံကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ BLSO ၏ တာဝန်ခံကိုသံဒုတ်က “ မနှစ် နိုဝင်ဘာ (၁၇) ရက်နေ့ အလုပ်သမားဌားရမ်း စာချုပ်မှာ စက်ရုံမန်နေဂျာက အလုပ်သမားတွေကို လက်မှတ် ထိုးခိုင်းတာရှိတယ်။ ဒီစက်ရုံမှာ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့် အပြည့်အ၀ ပေးပါတယ်ဆိုပြီးတော့ အတင်းအကြပ် လက်မှတ်ထိုးခိုင်းခဲ့တာရှိတယ်။ တကယ်တမ်းကြတော့ ဒီစက်ရုံက အလုပ်သမားတွေကို တစ်နေ့ (၁၁) နာရီခိုင်းတယ်။ အချိန်ပိုကြေးလည်း မပေးဘူး။ ပိတ်ရက်တလမှာ တရက်ပဲပေးတယ်။ အလုပ်သမားတွေက သည်းမခံနိုင်တဲ့အခါမှာ ဒီစာချုပ်ကို လက်မှတ် မထိုးပေးနိုင်ဘူးဆိုတာကို မနှစ်က နိုဝင်ဘာ (၁၇) ရက်နေ့မှာ ငြင်းဆန်လိုက်တယ်။ စာချုပ်ပါ အချက်တချက်က လက်မှတ်ထိုးပြီးတာနဲ့ အလုပ်သမားတွေဟာ အလုပ်သမားအသစ် ပြန်ဖြစ်သွားနိုင်တဲ့ အချက်ပါတယ်။ ဟန်ထိုင်း စက်ရုံမှာရှိတဲ့ အလုပ်သမားတွေဟာ လုပ်သက် (၅) နှစ်ကျော် (၁၀) ကျော်ရှိတဲ့ လူတွေဖြစ်တယ်။ လူသစ်ပြန်ဖြစ်သွားတာနဲ့ တပြိုင်နက်သူတို့ရဲ့ အလုပ်သမားအခွင့်အရေး၊ နစ်နာကြေးတွေ ဆုံးရှုံးသွားမှာဖြစ်တယ်။ ဒါကြောင့်အလုပ်သမား တွေက လက်မှတ်မထိုးဘဲ ဆန့်ကျင်ခဲ့ကြတာဖြစ်တယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်အရ နောက်ဆုံးမှာ ဇန်န၀ါရီလ (၂၇) ရက်နေ့မှာ အလုပ်သမား အခွင့်အရေးတွေကို ပေးပါ့မယ်ဆိုပြီး မဲဆောက်မှာရှိတဲ့ အလုပ်သမား အခွင့်အရေးကာကွယ်ရေးရုံးမှာ လက်မှတ်ထိုးခဲ့ကြတဲ့အဆင့်ကို ရောက်ခဲ့ကြတယ်။ ဒါပေမယ့် အခွင့်အရေး တောင်းဆိုခဲ့တဲ့ မြန်မာအလုပ်သမား (၂၉၃) ဦးကိုတော့ အလုပ်ရှင်က မနေ့က အလုပ်ဖြုတ်ပစ်လိုက်တယ်" ဟု ပြောသည်။
၎င်းက “အလုပ်ဖြုတ်လိုက်တဲ့ စာထဲမှာ ရေးထားတာက အလုပ်လုပ်ရာမှာ စံချိန်စံညွှန်းမမှီလို့၊ အရည်အချင်းမရှိ လို့ဆိုပြီး ပြောတယ်။ ဒါကြောင့် အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ သူတို့ရဲ့ နစ်နာကြေးတွေ ရှိတယ်။ (၁၀) နှစ် ကျော်ကြာတဲ့ အလုပ်သမားဆိုရင် သူ့ရပိုင်ခွင့်က (၈) လစာလောက်ရတယ်။ ဒီအလုပ်သမားတွေကို ခံစားခွင့် မပေးချင်တဲ့အတွက် ဥပဒေမဲ့ အကြောင်းမဲ့ မနေ့က အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်။ အလုပ်သမားတွေရရှိသင့်တဲ့ အခွင့်အရေးတွေရဖို့ ကျနော်တို့ တတ်နိုင်တဲ့ဖက်ကနေ ဥပဒေနဲ့အညီ ပံ့ပိုးကူညီ ပေးသွားမှာဖြစ်တယ်" ဟုပြောသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ဟန်ထိုင်းသိုးမွေး အထည်ချုပ်စက်ရုံ၏ မန်နေဂျာတဦးဖြစ်သူ နိုင်ပရာချာထံသို့ စက်ရုံဖုန်းနံပတ် (၀၅၅-၅၅၁၂၀၈) သို့ ခေတ်ပြိုင်မှဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားရန် ငြင်းဆိုပြီး ဖုန်းချသွားသည်။
အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမားများက မိမိတို့ နစ်နာကြေးရရှိရေးအတွက် အလုပ်သမားအခွင့်အရေး၊ ကာကွယ်ရေးရုံးမှ တဆင့် ဥပဒေကြောင်းအရ အရေးဆိုသွားမည်ဟု ပြောသည်။
မဲဆောက်ဒေသအတွင်း အလုပ်ရုံ၊ စက်ရုံပေါင်း (၂၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၁) သိန်း ခန့် အလုပ်လုပ် ကိုင်လျက်ရှိသည်ဟု ထိုင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စစ်တမ်းများအရသိရသည်။
Posted by
soneseayar
at
11:38 PM
1 comments
Labels: သတင်း
UDP ဦးကျော်မြင့်က ဧရာဝတီကို တရားစွဲမည်
ဧရာဝတီ-ဇာနည်ဝင်း၊ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၀၉
ကနေဒါ အခြေစိုက် မြန်မာ့ နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင် ဖြစ်သူက ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲတော့မည်ဟု VOA အသံလွှင့်ဌာနသို့ ယနေ့ ပြောကြား လိုက်သည်။
ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP)၏ ခေါင်းဆောင် ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ဟွာဟူက ယနေ့နံနက်ပိုင်းက ထုတ်လွှင့်သည့် VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် မန်းနီးလောင်ဒရင်း (ငွေကြေးခ၀ါချမှု)တဲ့။ … သူ စွပ်စွဲတယ်။ … အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။
“အခု ယိုးဒယား ရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံး အထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက် စာတမ်းတွေ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။
ဦးကျော်မြင့်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေး ဌာနတွင် တာဝန်ယူခဲ့ဖူးသည်ဟု သိရသည်။
ဦးကျော်မြင့်ကမူ “တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ” ဟု ဆိုသည်။
UWSA သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည်ဟု နာမည်ကြီးသော လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဒေသတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီ ဖြစ်ကြောင်း မကြာသေးမီ နှစ်များအတွင်းက နိုင်ငံတကာသို့ ကြေညာခဲ့သည်။
ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ဧရာဝတီတွင် ရေးသားထားချက်များမှာ Asiaweek မဂ္ဂဇင်း၊ Jane's Intelligence Review တို့တွင် ဖော်ပြထားချက်များကို ကိုးကားထားခြင်း ဖြစ်သည်။
မြန်မာစစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA ၏ ဘဏ္ဍာရေးဌာန ဒုတိယ ဌာနမှူးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေး ဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။
ဆက်လက်ပြီး ထိုစာစောင်က “UWSA ခေါင်းဆောင်များနှင့် စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံပြီးနောက်တွင် ၀န်ကြီးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ်သည် အခြား ရာထူးတာဝန်တခုသို့ ရွှေ့ပြောင်းခံခဲ့ရသည်” ဟု ဆိုသည်။
ထိုအချိန်တွင် ဦးကျော်မြင့်သည် အမေရိကန် ပြည်ထောင်စု အစိုးရ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၁၉၉၈ ခုနှစ်ထုတ် နိုင်ငံတကာ မဟာဗျူဟာ မူးယစ် ဆေးဝါး ထိန်းချုပ်မှု အစီရင်ခံစာတွင် စစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း စစ်အစိုးရက အဆိုပါ အရေးယူမှုကို မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစီအစဉ်အရ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခြင်း မရှိခဲ့ပါ။
“ယခင် UWSA တပ်ဖွဲ့၏ အကြီးတန်းအရာရှိဖြစ်ခဲ့သူ ကုမ္ပဏီ၏ ဥက္ကဋ္ဌသည် နောက်ပိုင်းတွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံရကြောင်း သိရှိရသည်”ဟု အစီရင်ခံစာက ဆိုသည်။
VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင်လည်း ဦးကျော်မြင့်က ၎င်းသည် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရသည်ဟု ပြောကြားခဲ့သည်။
မြန်မာပြည် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြံပြုစာ တစောင်ကို စစ်အစိုးရသို့ ပေးပို့ခဲ့သဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်မြင့်က ဆိုသည်။
ဦးကျော်မြင့်က ၎င်းသည် အကျဉ်းကျခံရစဉ် မန္တလေး ဆေးရုံမှ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် မြောက်အမေရိကသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
Asiaweek မဂ္ဂဇင်းက မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့ကြောင်း ဧရာဝတီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကောက်နုတ်ဖော်ပြခဲ့သည်။
ဦးကျော်မြင့်ကမူ မြန်မာကျုံယွမ်ကို ကျောက်စိမ်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္ထု တူးဖော်ရေး လုပ်ငန်းတို့မှ ရသည့် ငွေများဖြင့် တည်ထောင်ခဲ့သည်ဟု VOA ဆက်သွယ်မေးမြန်းခန်းတွင် ယနေ့ ပြောကြားလိုက်သည်။
၎င်းအနေဖြင့် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်မှု လုံးဝ မရှိကြောင်းကိုလည်း အကြိမ်ကြိမ် ငြင်းဆိုသွားသည်။
မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။ ၎င်းသည် ပါတီ၏ “နိုင်ငံခြားတာဝန်ခံ”ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့သည် ပါတီခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။
၎င်း၏ အဆိုအရ UDP အား လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် စစ်အစိုးရက ဝါရှင်တန်မြို့ မြန်မာသံရုံးမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
“၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်” ဟု ဦးကျော်မြင့်က ဆိုသည်။
Posted by
soneseayar
at
11:36 PM
1 comments
Labels: သတင်း
ရွှေတြိဂံနယ်စပ်ဒေသ စစ်ရေးပြင်ဆင်မှုများရှိနေ
ဧရာဝတီ-ကိုစိုး၊ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၀၉
မြန်မာနှင့် လာအို စစ်ရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် မကြာသေးခင်က နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရသည်။
နအဖ စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် လာအိုသမ္မတ Choummaly Sayasone တို့သည် လာအို နိုင်ငံ မြို့တော် ဗီယန်ကျင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်သည်ဟု ဆင်ဟွာသတင်းက ယမန်နေ့တွင် ဖော်ပြထားသည်။
လာအို သတင်းအေဂျင်စီကလည်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းကို သမ္မတ Choummaly Sayasone က ၎င်း၏ ရုံးခန်းတွင် လက်ခံ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်နှီးချစ်ကြည်မှု ဆက်ဆံရေး အစဉ်အလာ ပိုမိုခိုင်မာရေးနှင့် အထူးသဖြင့် စစ်တပ်များအကြား ပူးပေါင်း ဆောင်ရွက်ရေးများကို ပြီးခဲ့သည့် တနလာင်္နေ့က ဆွေးနွေးသည်ဟု ရေးသားထားသည်။
ယင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ၂ ရက်ကြာ လာအိုနိုင်ငံ ခရီးစဉ်သည် လာအို ဒု ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး Duangchay Phichit ၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်သည်ဟု ဆင်ဟွာက ဆိုသည်။
ယခုနှစ်အစောပိုင်းတွင်လည်း လာအိုကာကွယ်ရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် လာအိုပြည့်သူ့တပ်မတော်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အခမ်းအနားအပြီးတွင် လူမှု စီးပွား ကိစ္စများ အပါအ၀င် အမျိုးသားလုံခြုံရေးဆိုင်ရာနှင့် နှစ်နိုင်ငံစစ်ရေး ဆိုင်ရာ မြှင်တင်မှုများပြုလုပ်ရန်တို့ကို ဆွေးနွေးကြသည်ဟု ဆင်ဟွာက ရေးသားထားသည်။
ဆက်လက်ပြီး လာအို-မြန်မာ နယ်စပ်ဒေသနေပြည်သူများ လူနေမှုအဆင့် မြင့်မားရေး၊ နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမောစေရေးများနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ပါဝင်ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးကြ ကြောင်း သိရသည်။
နယ်စပ်ဖြတ်ကျော်၍ တရားမ၀င် မူးယစ်မှောင်ခို ကုန်ကူးမှုများ၊ တရားမ၀င် ကုန်စည်ကူးသန်းမှုများ၊ တရားမ၀င် လူကုန်ကူးမှုများနှင့်ပတ်သက်သည့် အခြေအနေအဖြစ်အပျက် သတင်းများကို ပုံမှန်ဆွေးနွေးဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်ရန်တို့လည်း ပါဝင်ဆွေးနွေးကြသည်ဟု ဆင်ဟွာကဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်ကလည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြန်မာ-လာအို နယ်စပ်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ကျင်းပကြောင်း၊ ယင်းအစည်းအဝေးသို့ နှစ်နိုင်ငံ တာဝန်ရှိသူ များ တက်ရောက်၍ နယ်စပ်ဒေသတလျှောက်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ပြည်သူများအကြား အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးကြကြောင်း ဖေဖော်ဝါရီ ၁၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။
ယခုကဲ့သို့ စစ်အစိုးရက လာအိုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် စီစဉ်နေခြင်းသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲကာလ အတွက် လက်နက်ဖြုတ်သိမ်းလို၍ ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(NDD)မှ သုတေ သန အရာရှိ စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်သည်။
“တရုတ်နဲ့ ထိုင်းအပါအ၀င် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တကြောလုံးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အသီးသီးရှိနေကြပါတယ်၊ တချို့လည်း အပစ်အခတ်ရပ်စဲထားသလို တချို့ကလည်း အခုအချိန်အထိ လက်နက်ကိုင်တိုက်နေတဲ့အဖွဲ့တွေလည်း ပါတာပေါ့၊ ဒီအဖွဲ့တွေကို စစ်အစိုးရအနေနဲ့ ၂၀၁၀ ကာလမှာ လက် နက် ဖြုတ်သိမ်းဖို့ ဖြစ်လာမယ်ဆိုရင်တော့ ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတွေ အနေအထားက အရေးပါ လာတာပေါ့၊ တရုတ် နိုင်ငံအရေးပါလာမယ်၊ ထိုင်းတို့ လာအိုတို့လည်း သူ့အနေအထားနဲ့သူ အရေးပါလာမှာပေါ့၊ စစ်အစိုးရအနေနဲ့ ဒီကိစ္စတွေအတွက် ကြိုပြီးတော့ အခုလိုသွားလုပ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု ဦးဌေးအောင်က ဆိုသည်။
အဆိုပါ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များဖြစ်သောဦးစိုင်းလင်း(လင်မိန်ဇင်း) ဦးဆောင်သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA) မိုင်းလားအထူးဒေသ(၄)အဖွဲ့နှင့် ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)အဖွဲ့များ၏လှုပ်ရှားမှုများကို တင်းကျပ်ထိန်းချုပ်ရန်စစ်အစိုးရက လာအိုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုပြုလိုသည်ဟု ယူဆရကြောင်း တိုင်းရင်းသားအရေးလေ့လာသူများက လည်း ပြောဆိုကြသည်။
ဝ အရေးစောင့်ကြည့်လေ့လာသူ မိုင်းအိုက်ဖုန်းက ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကို စစ်အစိုးရ စစ်တပ်များက တင်းကျပ်ရန် စီစဉ်နေသည် ဟု ပြောသည်။
“၀ အဖွဲ့ကို အရမ်းတင်းကျပ်လို့ ရမယ်မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့မှာလည်း သူတို့ရဲ့ အပိုင်နယ် မြေ ရှိနေတယ်” ဟု မိုင်းအိုက်ဖုန်းက ဆိုသည်။
တာချီလိတ်မြို့မှ UWSA အဖွဲ့နှင့် နီးစပ်သူတဦးကလည်း မြန်မာစစ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားပါက အဆင်သင့် ဖြစ်စေရန် UWSA က အရပ်သားများကို စစ်သင်တန်းပေးနေကြောင်း ပြောသည်။
“UWSA က အရပ်သား ၀ တိုင်းရင်းသားတွေကို အခုနွေရာသီအတွက် စားရေရိက္ခာ စုဆောင်းထားဖို့ နှိုးဆော် ထားတယ်၊ အရပ်သား ၀ တချို့လည်း သူတို့သားသမီးတွေကို တခြားနေရာတွေဆီ ပို့ထားတယ်၊ ပြီးတော့ စစ် သင်တန်း တက်နေကြတာလည်းရှိတယ်”ဟု ၎င်း က ပြောပြသည်။
လွန်ခဲ့သည့် အပတ်အတွင်းကလည်း မိုင်းလားအခြေစိုက် စစ်အစိုးရ စစ်တပ်အား ပေးနေရသည့် အခွန် ၃၀ ရာခိုင် နှုန်းကို ပေးရန်ငြင်းဆိုသည့်အတွက် NDAA အဖွဲ့နှင့်စစ်အစိုးရအကြား တင်းမာမှုဖြစ်နေကြောင်း၊ အဆိုပါနယ်မြေ အတွင်း အစိုးရစစ်တပ်များ တိုးချထားကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်ကလည်း ပြောဆိုသည်။
Posted by
soneseayar
at
11:35 PM
0
comments
Labels: သတင်း
UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို
ဧရာဝတီ၊ ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၀၉
နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။
အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။
ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။
Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။
မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။
“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။
ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။
“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထားသည်။
“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။
ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။
ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။
“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့်အခါကမျှ ပတ်သက် ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။
“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။
မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။
မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။
ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
Posted by
soneseayar
at
11:27 PM
0
comments
Labels: သတင်း
Monday, February 23, 2009
နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများ နိုင်ငံကူးလက်မှတ် အဖျက်ခံရ
ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၀၉
အင်ဂျင်နီယာ ဘီအီးဘွဲ့ရသူများအပါအ၀င် စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းပြေးအဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများတွင် သွာရောက် အလုပ်လုပ်ကိုင်နေသူများအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီး ဦးအောင်သောင်းက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် စက်မှု (၁) ၀န်ထမ်းများအား ချက်ခြင်း အရေးယူဆောင်ရွက်ရန်နှင့် ၄င်းတို့အား ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်နေ့စွဲ၊ ၀န်ထမ်းပြေးဖြစ်ရသည့် ပြစ်ဒဏ်များကို စုံစမ်းဖော်ထုတ်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီးဦးအောင်သောင်းက ညွှန်ကြားထားခြင်းဖြစ်ကြောင်း နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။
“စက်မှု (၁) ၀န်ထမ်းများကို ခံစားခွင့်မယူဘဲ အလုပ်ကနေ နှုတ်ထွက်ခွင့်မပေးဘူး။ နှုတ်ထွက်ချင်တယ်ဆိုရင် လျော်ကြေးငွေ သိန်း (၄၀-၅၀) ထိ ပေးရမယ်ဆိုပြီး ညစ်ထားတယ်ဗျာ။ နောက် ၀န်ကြီးဦးအောင်သောင်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အင်ဂျင်နီယာ ဘီအီးဘွဲ့ရ အရာရှိတွေ ၀န်ထမ်းပြေးအဖြစ်ခံပြီး အလုပ်ခွင်ကို ပြန်မလာတာ ပါဘဲ။ ဒါကြောင့် ဒီကြေငြာချက်ထုတ်ပြီး ၀န်ကြီးဦးအောင်သောင်းက ဒုက္ခပေးဖို့ ကြံစည်တယ်လို့ပဲ မြင်ကြတယ်” ဟု အမည်မဖော်လိုသည့် စက်မှု (၁) ၀န်ထမ်းတဦးက ပြောသည်။
စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျောက်ဆည် အပ်ချုပ်စက်ရုံမှ မဟာအင်ဂျင်နီယာဘွဲ့ရ ဦးရဲထွန်းဆိုလျင် ၀န်ထမ်းဘ၀မှ ထွက်ခွင့်မရသည့်အတွက် အလုပ်ခွင်သို့ ပြန်မလာတော့ဘဲ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသဖြင့် ဦးရဲထွန်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပေးရန် စင်ကာပူ မြန်မာသံရုံးသို့ ၀န်ကြီးဦးအောင်သောင်းက အကြောင်းကြားခဲ့သလို လိုအပ်သလို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနကိုပါ စာဖြင့် အကြောင်းကြားခဲ့သည်ဟု စုံစမ်းသိရသည်။
အလားတူပင် မကွေး ဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေး ဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၉ နှစ်ဆန်းပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု- ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အလုပ်မှ ထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင် ၀က်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေး ငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။
Posted by
soneseayar
at
8:24 PM
0
comments
Labels: သတင်း
မြန်မာမှောင်ခိုဆန် ထိုင်းဘက်ကပိတ် ထိုင်းနိုင်ငံရေးသမားတွေပါ ပတ်သက်
ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၀၉
လွန်ခဲ့သည် နှစ်လခန့် ကောက်သစ်ပေါ်ချိန်မှစ၍ မြ၀တီမှ မဲဆောက်ဘက်သို့ ညစဉ် ဆန်အိတ်ရေ တစ်သောင်းခန့် တရားမ၀င် တင်သွင်းနေခြင်းကို ထိုင်းဘက်မှ ရုတ်တရက် တင်သွင်းခွင့် ပိတ်လိုက်သည့်အတွက် မြ၀တီဘက်ကမ်းတွင် မြန်မာဆန်အိတ်ရေ နှစ်သောင်းခန့် သောင်တင်နေသည်။
မြန်မာဆန်ကုန်သည်တဦးက “ထိုင်းဘက်က ပိတ်လို့ မြန်မာဆန်တွေ သောင်တင်နေတာ လှေဂိတ်တဂိတ်မှာဆိုရင် အိတ်ရေ ငါးထောင်လောက်ကို ဒီအတိုင်းကမ်းနဖူးမှာ ပုံထားရတယ်။ ဟွေ့မုတ်ဂိတ်နဲ့ သုံညဂိတ်မှာဆိုရင် ပိုများတယ်။ ထိုင်းဘက်က ဆန်ကုန်သည်ပြောတာက ဆန်ခိုးသွင်းတဲ့ကိစ္စ စစ်ဆေးရေးဝင်လို့ ပိတ်ထားရတယ်လို့ ပြောတယ်။ အခုပိတ်တာ ငါး ရက်ရှိပြီ။ ထိုင်းဘက်က ပြန်ဖွင့်မဲ့ရက်ကိုပဲ စောင့်နေရတယ်။ ကိုယ်က တရားဝင်သွင်းတာ မဟုတ်တော့ သူတို့ လာသိမ်းရင် အလကားဖြစ်မှာကိုလဲ စိုးရိမ်ရတယ်” ဟု ပြောသည်။
ထိုင်းဘက်ခြမ်း ကမ်းနဖူးရှိ အထည်ချုပ်စက်ရုံများမှ မြန်မာအလုပ်သမားများသည် အလုပ်မရှိသည့်ရက်များတွင် မြန်မာဆန်ထမ်းပို့ပေးရသည့်အတွက် တဦးလျင် တည မြန်မာငွေ တသောင်းခန့် ရရှိကြသည်ဟု သိရသည်။ ဆန်ထမ်းသမားတဦးက “ဆန်ထမ်းတာ နှစ်လကျော် သွားပြီး၊ တအိတ်ကို (၂) ဘတ်ခွဲရတယ်။ ဆန်ထမ်းတဲ့လူ ရာနဲ့ချီရှိတယ်။ ညတိုင်းပဲ အိတ်ရေ တသောင်းအထက်မှာ ရှိတယ်။ မြ၀တီဘက်က စက်လှေနဲ့ လာတဲ့ဆန်ကို ထိုင်းဘက်လှေဆိပ်ကနေ ဆယ်ဘီးကားပေါ် ထမ်းတင်ရတယ်” ဟု ပြောသည်။
ဆန်ထမ်းသူများ၏ အဆိုအရ ညဘက်ဆန်ခိုးထုတ်ရာတွင် ထိုင်းဘက်မှ အရပ်ဝတ် အာဏာပိုင်များ လာကြည့်တတ်ပြီး ကားအစီးတိုင်းပေါ်တွင် တင်သည့် ဆန်အိတ် အရေအတွက်အား စစ်ဆေးမှုများပုံမှန်လုပ်ကြောင်း၊ အရပ်ဝတ်များနှင့် ဖြစ်သော်လည်း ခြောက်လုံးပြူးများ ခါးထိုးထားကာ လမ်းလျှောက် စကားပြောစက်များ ပါရှိကြောင်း အဆိုပါ လူများအား နေ့ခင်းဘက်တွင် အကောက်ခွန်ဝန်ထမ်း ၀တ်စုံများ၊ အခြားဝန်ထမ်းဝတ်စုံများ ၀တ်ဆင်ထားသည်ကို တွေ့ရှိရသည်ဟု ခေတ်ပြိုင်သို့ ပြောသည်။
မြန်မာဆန် ထိုင်းဘက်မှောင်ခိုသွင်းသူများနောက်တွင် ရာထူးကြီး နိုင်ငံရေးသမားများ၊ ၀န်ကြီးဟောင်းများနှင့် ယူနီဖောင်းဝတ်များပါသည်ဟု ယနေ့ထုတ် ဘန်ကောက်ပိုစ် သတင်းစာကြီးက ဖော်ထုတ်ထားသည်။ အထူးသဖြင့် မဲဆောက်နှင့် မယ်ရမတ်ခရိုင်များရှိ အရာရှိများ၏ ကူညီမှုဖြင့် ထိုင်း-မြန်မာ နှစ်ဖက်လုံးမှ ဆန်မှောင်ခိုသမားများက ခိုးသွင်း ကြခြင်းဖြစ်သည်။ မြန်မာမှောင်ခို ဆန်တအိတ်ကို နယ်စပ်ဖြတ်ဖို့အတွက် တအိတ် ဘတ်ငွေ (၆၀၀) ထိ အရာရှိများကို ပေးရသည်ဟုပါ ရေးထားသည်။
မြန်မာဆန်ကုန်သည်တဦးက ဆန်တင်ပို့မည့် ကုမ္ပဏီများအနေဖြင့် တင်ပို့မည့်ဆန်များ အရံသင့်စုစည်းပြီးမှသာ လိုင်စင်လျှောက်ထားနိုင်ကြောင်း၊ မည်သည့်မြို့နယ်များမှ ဆန်ဝယ်ယူစုဆောင်းပြီး တင်ပို့မည် ဆိုသည့်အချက်ကို ဖော်ပြရကြောင်း၊ ပြီးလျင် အဆင့်ဆင့် အစစ်အဆေးခံရကြောင်း၊ ၎င်းအပြင် ကုမ္ပဏီကြီးများကိုသာ အဓိက ခွင့်ပြုသဖြင့် သာမန် ကုန်သည်များမှာ ယခုနည်းဖြင့် ထိုင်းသို့ ဆန်တင်ပို့ခြင်းသည် ကုန်စည်စီးဆင်းမှု မြန်ဆန်ပြီး ကြန့်ကြာမှုမရှိသည့်အတွက် ကုန်သည်ငယ်များသည် အာဏာပိုင်အဆင့်ဆင့်နှင့် နားလည်မှု ယူပြီး လုပ်ကိုင်ရခြင်းဖြစ်ကြောင်း ခေတ်ပြိုင်သို့ ပြောသည်။
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလ (၁၂) ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ လိုင်စင်ထုတ်ပေးသည့် ကုမ္ပဏီ (၉) ခုရှိပြီး ဆန်တန်ချိန်ပေါင်း သုံးထောင် တင်ပို့ပြီးဖြစ်သည်ဟု မြန်မာ့လယ်ယာထွက်ကုန် ရောင်းဝယ်ရေးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
မြ၀တီမှ မဲဆောက်သို့ တရားမ၀င်တင်ပို့နေသည့် မြန်မာဆန်များမှာ ညစဉ် အိတ်တသောင်း ဆိုပါက တန်ချိန် ငါးရာ ရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးမှတဆင့် လိုင်စင်ဖြင့် တင်သွင်းသည့် ဆန်တန်ချိန်အရေအတွက်သည် တရားမ၀င် တင်သွင်းသူများ၏ အစွန်းထွက်ပင်မရှိဟု ဆန်ကုန်သည်တဦးက ပြောသည်။
ထိုင်းဆန်ကုန်သည် နိုင်စုံချိုင်းက “မြန်မာဆန်နဲ့ ထိုင်းဆန်က ဈေးနှုန်းခေါက်ချိုး လောက်ကွာ တော့ ဒေသတွင်းနဲ့ ထိုင်းနိုင်ငံတလွှားမှာ ရောက်နေတဲ့ မြန်မာတွေဟာ တစ်သန်းအထက်မှာ ရှိတယ်။ သူတို့ကိုပဲ အဓိက ပြန်ဖြန့် ပေးရတယ်။ တချို့ကိုတော့ ထိုင်းနိုင်ငံမှာ တရိစ္ဆာန်အစာ ပြန်လုပ်တယ်၊ ဆန်ကြာဇံ၊ ဆန်ခေါက်ဆွဲနဲ့ မုန့်တီ၊ မုန့်ဖတ်တွေ ပြန်လုပ်ရာမှာ ဈေးသက်သာ တဲ့ မြန်မာဆန်ကို သုံးကြတယ်” ဟုပြောသည်။
မြန်မာဆန်သည် နိုင်ငံတကာရှိ ဆန်တင်ပို့သည့် နိုင်ငံများနှင့် ယှဉ်လျင် “အရည်အသွေးပိုင်းနဲ့ ထုတ်လုပ်မှုအပိုင်းမှာ မယှဉ်နိုင်သေးကြောင်း၊ ဒါကြောင့် ဈေးနှုန်းနဲ့ပဲ ယှဉ်နိုင်ကြောင်း၊ သဘောကတော့ အောက်ဈေးနဲ့ပဲ ရောင်းနေရတယ်။ မြန်မာဆန်တတန်ဟာ နိုင်ငံခြားကို ပို့ရင် အများဆုံး အမေရိကန် ဒေါ်လာ (၃၃၀) အထက် ပိုမရဘူး”ဟု မြန်မာဆန်ကုန်သည် တဦးက ပြောသည်။
မြ၀တီမြို့တွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန် ဖွင့်လှစ်ထားသော် လည်း တရားမ၀င်ဆန်နှင့် အခြားကုန်စည်တင်သွင်းမှုများ ဖြစ်ပေါ်နေခြင်းသည် စနစ်မကျ သည့် နယ်စပ်ကုန်သွယ်ရေး၏ လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်ပြီး ရှေ့ဆက် မြ၀တီနယ်စပ် ကုန်သွယ်ရေးအခြေအနေမှာ ပိုမိုရှုပ်ထွေးလာနိုင်သည်ဟု မြ၀တီမြို့ခံကုန်သည်တဦးက ပြောသည်။
Posted by
soneseayar
at
8:22 PM
0
comments
Labels: သတင်း
ခိုင်မာသောရလဒ် မရဟု ကုလသံတမန် ပြော
မဇ္ဈိမ-မုံပီး၊ ဖေဖော်ဝါရီ ၂၃ ရက် ၂၀၀၉
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော သူ၏ နောက်ဆုံးခရီးစဉ်သည် ယခုအထိ မည်သည့် ခိုင်မာသောရလဒ်မှ မရရှိခဲ့သေးဟု မြန်မာနိုင်ငံဆိုင်ရာ ကုလ သံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီက သောကြာနေ့က လုံခြုံရေးကောင်စီကို ပြောကြားလိုက်သည်။
နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ အလည်အပတ်သွားခဲ့သော ဂမ်ဘာရီက ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီ၏ တံခါးပိတ် အစည်းအဝေးတွင် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။
"ကျနော့်ခရီးစဉ်ကနေ မယ်မယ်ရရ ရလဒ် မြင်တွေ့ရခြင်း မရှိသေးပါ" ဟု ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးက အဆိုပါ တံခါးပိတ်အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်အောင် လုပ်ဆောင်ပါမည်ဟုဆိုသော မိမိတို့၏ ကတိကို သက်သေပြပါရန် မြန်မာအစိုးရကို မိမိတိုက်တွန်းခဲ့သည်ဟု သူက ဆိုသည်။
၂ဝ၁ဝ ရွေးကောက်ပွဲကို သူ မထောက်ခံကြောင်း မြန်မာစစ်အစိုးရကို ပြောခဲ့သည်ဟု ဂမ်ဘာရီက ဆိုသည်။ သို့သော် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်မူ အစိုးရကို တိုက်တွန်းခဲ့သည်ဟု သူက ဆက်ပြောသည်။
"ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ၂ဝ၁ဝ မှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ကျနော်တို့က ထောက်ခံပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒီကိစ္စဟာ အစိုးရနဲ့ မြန်မာပြည်သားတွေ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဆက်ပြီး ထောက်ခံပြောဆိုနေတာက အဲဒီရွေးကောက်ပွဲတွေ ကျင်းပတဲ့အချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက်လာစေမယ့် အခြေအနေတွေ ရှိနေဖို့သာ ထောက်ခံပြောဆိုနေတာ ဖြစ်ပါတယ်" ဟု ဂမ်ဘာရီက သတင်းထောက်များကို ပြောသွားသည်။
ကုလသံတမန်သည် သူ၏ နောက်ဆုံးခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဝန်ကြီးချုပ် သိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံနိုင်ခဲ့သည်။
သို့သော် မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကမူ ကုလသံတမန်နှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။
ဂမ်ဘာရီကဲ့သို့ပင် NLD ကလည်း သူ၏ မကြာသေးခင်က လာရောက်ခဲ့သော ခရီးစဉ်သည် မည်သည့် ထူးခြားသော ရလဒ်မှ မရခဲ့သော်လည်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်ချက်များကိုမူ ချီးကျူးအသိအမှတ်ပြုပါကြောင်း ပြောဆိုသည်။
"မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်က ဘာရလဒ်မှ ထွက်လာတာကို ကျနော်တို့ မမြင်ရသေးဘူး။ ဒါပေမဲ့ သူ့ကိုရော၊ ကုလသမဂ္ဂကိုရော သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လုပ်စေချင်ပါတယ်" ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အစောပိုင်းက မဇ္ဈိမကို ပြောကြားခဲ့သည်။
မြန်မာစစ်အစိုးရက စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်သော အကျဉ်းသား ၆ဝဝဝ ကျော်ကို နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်များမှ လွှတ်ပေးမည်ဟု သောကြာနေ့က ကြေညာခဲ့သည်။
ဤကြေညာချက်ကို သူ့အနေဖြင့် ကြိုဆိုပါသော်လည်း လွှတ်ပေးလိုက်သူများထဲတွင် နိုင်ငံရေးသမားများ ပါဝင်သည်ကိုမူ မြင်တွေ့လိုကြောင်း မစ္စတာဂမ်ဘာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
"တချိန်ထဲမှာပဲ အခုလို အကျဉ်းသားတွေ လွှတ်ပေးတာ၊ အထူးသဖြင့် နိုင်ငံရေးသမားတွေ လွှတ်ပေးတာကို ကြိုဆိုတာ မျှတမှုရှိတယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟုလည်း ဂမ်ဘာရီက ပြောသွားသည်။
Posted by
soneseayar
at
8:19 PM
0
comments
Labels: သတင်း
ဆင်းရဲသားများ ရုပ်ရှင်မှာမပါရ
ဧရာဝတီ-ကြည်ဝေ၊ ဖေဖော်ဝါရီ ၂၃ ရက် ၂၀၀၉
မြန်မာ့ ဗီဒီယို၊ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်ရေး လုပ်ငန်းများအား သက်ဆိုင်ရာ အာဏာပိုင်များက ဆင်းရဲသည့် ဇာတ်ဝင်ခန်းများ ပါဝင်သော ဇာတ်လမ်းများ မရိုက်ကူးကြရန် တားမြစ် ကြောင်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း သမားများထံမှ သိရှိရသည်။
မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများအား ရိုက်ကူးရာတွင် ဇာတ်လမ်းသဘောအရ ဆင်းရဲသား ပါဝင်သောအခန်းကို မဖြစ်မနေ ရိုက်ကူးခဲ့ရပါက အတိအကျ လိုက်နာရမည့် အချက်များကိုလည်း သက်ဆိုင်ရာမှ ညွှန်ကြားချက် ထုတ်ပြန် ထားကြောင်း ၊ မြန်မာ့ရုပ်ရှင် အစည်းအရုံး ရုံးတွင်လည်း အဆိုပါ ကြေငြာချက်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထား ကြောင်း ရုပ်ရှင်လောကသားများက ပြောသည်။
ရုံတင်ပြသနေသော မြန်မာ့ရုပ်ရှင် ဗီဒီယို ဇာတ်ကားများတွင် အခြေခံလူတန်းစား၊ ဆင်းရဲသား သရုပ်ဖော်မှုများသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ပြည်သူ၏ ဂုဏ်သိက္ခာအား သေးနုပ်သိမ်ဖျင်း စေသည့် သရုပ်ပြကွက်များကို တွေ့မြင်နေရသောကြောင့် အဆိုပါ ဆင်းရဲသားများနှင့် ပတ်သက်သော ဇာတ်ဝင်ခန်းများ၊ ဆင်းရဲသား လူတန်း စားဘ၀များအား ပေါ်လွင်စေသောဇာတ်ဝင်ခန်းများ မရိုက်ရဟု တားမြစ်ထားရခြင်း ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ၀န်ထမ်းတဦးက ဆိုသည်။
“ဇာတ်လမ်းတွေကို ဆင်ဆာတင်ကတည်းက ဆင်းရဲသားဇာတ်လမ်းဆိုရင်ခွင့်မပြုဖို့ပြောထားတယ်၊ ဇာတ်ညွှန်းမှာ လည်း ဆင်းရဲသားတွေနဲ့ ပတ်သက်တဲ့ ရိုက်ညွှန်းမျိုးကအစ မပါအောင်သေချာစိစစ်ပြီးမှ ခွင့်ပြုရမယ်လို့ညွှန်ကြား ချက်ထုတ်ထားတယ်”ဟု အဆိုပါ ၀န်ထမ်းက ပြောဆိုသည်။
အာဏာပိုင်များမှဖိအားပေးသောကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများအနေနှင့် ၄င်းတို့နှင့်လုပ်ငန်းပိုင်းဆက်စပ် နေ သော ဒါရိုက်တာများနှင့်ဇာတ်ညွှန်းရေးဆရာများအား ဆင်းရဲသားဇာတ်လမ်းမျိုးနှင့် ဆင်းရဲသားသရုပ်ဖော်မှု ပါဝင် သောဇာတ်လမ်းများအားလုံးဝမရေးရန်နှင့်မရိုက်ရန် ပြောဆိုတားမြစ်လျက်ရှိကြောင်း ဒါရိုက်တာတဦးကပြော သည်။
“ကျနော်တို့ကို ပြောတာကတော့ ဆင်းရဲသားဇာတ်ရုပ်တွေပါတဲ့ ဇာတ်လမ်းမျိုးတွေကို အတတ်နိုင်ဆုံး လုံးဝ မရိုက်ဘဲ ရှောင်ဖို့ ပြောတယ်၊ နောက်ဆုံးဘယ်လောက်ထိ ပြောထားလဲဆိုတော့ ဇာတ်ဝင်းခန်းရိုက်တဲ့ ပတ်ဝန်း ကျင်မှာကိုက ဆင်းရဲသားတွေ နေတဲ့ရပ်ကွက်မျိုးမဖြစ်ရဘူးလို့ ပြောတယ်” ဟု နယ်ကြိုက်ကားများကို ရိုက်ကူး နေသော လူငယ် ဒါရိုက်တာ တဦးက ဆိုသည်။
မြန်မာ့ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားဈေးကွက်မှာ နယ်ကိုသာအားကိုးပြီး ထုတ်လုပ်နေကြရသောကြောင့် နယ်ကြိုက် ကားများဖြစ်သော နယ်ဒေသများမှ ဒေသခံလူထုကိုယ်စားပြုဇာတ်လမ်းများ၊ တောင်သူဇာတ်လမ်း ဇာတ်အိမ်များ၊ အခြေခံလူတန်စားတို့၏ ဘ၀ကိုပေါ်လွင်စေသော ဘ၀သရုပ်ဖော်ဇာတ်လမ်းများကို အသားပေးရိုက်ကူးလာကြ ခြင်းကြောင့် ယခုကဲ့သို့ တားမြစ်ခံရသည်ဟု ထင်ကြောင်း ဇာတ်ညွှန်းဆရာတဦးက ပြောဆိုသည်။
“ကျနော်တို့မှာ ရိုက်စရာဆိုလို့ ဟာသကားပဲ ရှိတော့တယ်၊ ဟာသကားမှာတောင် ဆင်းရဲသား မပါရ၊ သူဌေးသား နှင့် သူဌေးများသာ ပါသော ဟာသ ကားဖြစ်ရမှာ”ဟု သူက ပြောသည်။
မြန်မာ့ရုပ်ရှင်ဗီဒီယိုများအား အစိုးရက တားမြစ်မှုများ၊ ကန့်သတ်မှုများ မကြာခဏပြုလုပ်လျက်ရှိသောကြောင့် ဇာတ်ကားများမှာ သဘာဝကျမှုနည်းပါးကာ အရည်အသွေးကျဆင်းနေခြင်းဖြစ်ကြောင်း၊ အနုပညာလုပ်ငန်းများ မှာ လွတ်လပ်မှုရှိမှ တိုးတက်နိုင်ကြောင်း၊ ယခုကဲ့သို့ သရုပ်ဆောင်မှုကိုပါ ကန့်သတ်နေခြင်းမှာ အနုပညာ လုပ်ငန်းများအားထိခိုက်စေကြောင်း ၀ါရင့်ဒါရိုက်တာကြီးတဦးက သုံးသပ်ဝေဖန်သည်။
“ကြုံရတာတော့ အံ့သြစရာကြီးပဲ၊ ဆင်းရဲသား မပါဘဲနဲ့ ရုပ်ရှင်ရိုက်ရမယ်ဆိုတော့ ဘယ့်နဲ့ လုပ်ရမလဲ၊ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်တုန်းကလည်း အမျိုးသမီးတွေကို အဓိကထားရိုက်တဲ့ ဇာတ်လမ်းမျိုးမဖြစ်ရဘူးဆိုလို့ အမျိုး သားဇာတ်တွေချည်းပဲ ရှာရိုက်ကြရတယ်၊ အလုပ်လုပ်ရတာ တဖြည်းဖြည်းနဲ့ ဘောင်ကျဉ်းကျဉ်းလာတယ်”ဟု အဆိုပါ ဒါရိုက်တာကြီးက ပြောဆိုသည်။
၂၀၀၇ ခုနှစ်တွင် မြန်မာ့ရုပ်ရုင်လုပ်ငန်းမှာ ဇာတ်ကား ၁၀ ကားသာ ထုတ်လုပ်ပြသနိုင်ရခြင်းကို ကြည့်ခြင်းအားဖြင့် မြန်မာ့ရုပ်ရှင်ဗီဒီယို ဇာတ်ကားများ၏ အရည်အသွေးကိုမြှင့်တင်ရန် လိုအပ်နေပြီဆိုသည်ကိုပြသလိုက်ခြင်းဖြစ် ကြောင်း၊မြန်မာ့ရုပ်ရှင်ထုတ်လုပ်မှုနှုန်းကျဆင်းနေခြင်းမှာ ဇာတ်လမ်းအရည်အသွေးများကျဆင်းသောကြောင့် ပရိ သတ်အားပေးမှုလည်း ကျဆင်းလာရာမှ ဇာတ်လမ်းထုတ်လုပ်မှုနှုန်းနည်းပါးလာရခြင်းဖြစ်ကြောင်းလည်း ဒါရိုက်တာကြီးက သုံးသပ်သည်။
၂၀၀၇ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆု ပေးရာတွင်လည်း ထူးချွန်သော အမျိုးသမီးများအား စင်ပေါ် မတက် စေရဟူသော ယတြာကြောင့် အမျိုးသမီးထူးချွန်းဆုကိုမပေးဘဲချန်လှပ်ထားခဲ့ခြင်းဖြစ်ကြောင်း ရုပ်ရှင် အသိုင်း အ၀န်းက ပြောဆိုကြသည်။
ယခုကဲ့သို့ ဆင်းရဲသားဇာတ်လမ်းများ၊ ဆင်းရဲသားအရေးကိစ္စများ ပါသော ဇာတ်ကားများအား ရိုက်ကူးပြသ ခြင်းကို တားမြစ်ကန့်သတ်ခြင်းမှာလည်း ယတြာရာ ချေခြင်း ဖြစ်နိုင်ကြောင်း ရုပ်ရှင်လောကသများအကြား ပြောဆိုလျက်ရှိသည်။
Posted by
soneseayar
at
8:18 PM
0
comments
Labels: သတင်း
လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၂၃ ဦးသာပါဝင်
ဧရာဝတီ-ကိုစိုး၊ ဖေဖော်ဝါရီ ၂၃ ရက် ၂၀၀၉
စစ်အစိုးရက စနေနေ့မှ စတင်၍ အကျဉ်းသား ၆၃၁၃ ဦးလွှတ်မည်ဟု ကြေညာ၍ အကျဉ်းသား တချို့ကို ပြန်လွှတ် ပေးခဲ့ရာ ယနေ့အထိ နိုင်ငံရေး အကျဉ်းသား၂၃ ဦးသာ ပါဝင် သေးကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောသည်။
“နိုင်ငံရေးအကျဉ်းသား အတည်ပြုလို့ရတာ ၂၃ ယောက်ပဲ ရှိသေးတယ်၊ အဲဒါ အင်းစိန်ထောင်၊ ကလေးထောင်၊ မြစ်ကြီးနားထောင်တွေက၊ မန္တလေးထောင်က ၂ယောက်လွတ်တယ်လို့ကြားတယ်၊ ဒါပေမယ့် အတည်ပြုလို့မရ သေးဘူး၊ အဲဒါက ၂၁ ရက်နေ့က တရက်တည်း လွတ်တာ”ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောဆိုသည်။
ယခုပြန်လွှတ်သည့် နိုင်ငံရေးအကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ မန္တလေး တိုင်း အမရပူရအမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ အပါ အ၀င် ၄ ဦးသာ ပြန်လွတ်သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောပြသည်။
“မန္တလေးကလည်း လွှတ်တယ်၊ အခု မသိရသေးဘူး၊ စာရင်းမရသေးဘူး”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြော သည်။
ထိုသို့ အစိုးရက ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများကို ပြန်လွှတ်ပေးနေသည် ဆိုသောကြောင့် နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ မိသားစုဝင်များက ထောင်ဘူးဝတွင် လာရောက် စောင့်မျှော်မှုများ ရှိခဲ့ ကြောင်းလည်း သိရသည်။
ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကို ၏မိခင် ဒေါ်စိုးစိုးသော်က“ကျမတို့သားလည်း ပြန်လွတ်မယ်အထင်နဲ့ အဲဒီစနေနေ့က အင်းစိန်ထောင်မှာ သွားစောင့် သေးတယ်”ဟု ပြောပြသည်။
“ဒါပေမယ့် ကံမကောင်းချင်တော့ သူ့ကို အင်းစိန်ထောင်ကနေ တောင်ငူထောင်ကို ပြောင်းထားတယ်တဲ့”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား ၃၀၀ ၀န်းကျင် လွှတ်ရာတွင် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေး ကာလ က ဖမ်းဆီးခံခဲ့ရသည့် သံဃာတပါးအပါအ၀င် သံဃာတော် ၉ ပါး နှင့် သီလရှင်၂ပါး ပါဝင်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူတဦး၏ ပြောဆိုချက်အရ သိရသည်။
“အင်းစိန်က လွှတ်တာ အလွန်ဆုံး ၃၀၀ ၀န်းကျင်လောက်ပါပဲ၊ ကျနော့် မျက်မြင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားက ဦးသက်ဝေ အပါအ၀င် ၁၁ ဦး၊ ကျနော့်ရှေ့မှာ ထပ်ရောက်လာတာက ဘုန်းကြီးတပါး၊ နောက်ပြီး မြောက်ဥက္ကလာ သစ္စာသရဖူ ကျောင်းက အသက် ၈၀ တပါး ရယ်၊ အသက် ၆၀ တပါး ၊ သီလရှင် ၂ ပါး၊ မမွှေး ၊ နောက် ဒေါ်ခင်ခင် လဲ့၊ ဘားဂရာ ၀ံသ ကျောင်းက ဘုန်းကြီး ၇ ပါး၊ ကိုသက်ဝေနဲ့ အတူ လွတ်တဲ့နေ့က ကားပေါ်အတူပါသွားတာ၊ သံဃာအားလုံး ၈ ပါး၊ တပါးက ၂၀၀၇ ရွှေဝါရောင်တုန်းက ဆူးလေမှာအဖမ်းခံရတာ မြောက်ဥက္ကလာ အနန်းပင် ကျောင်း က၊ ကျန် သံဃာတွေက ၂၀၀၃ ခုနှစ် ကတည်းက အဖမ်းခံထားရတာ”ဟု ၎င်းက ပြောပြသည်။
ကလေးမြို့ ထောင်မှ စိန်စီသောည ဗီဒီယို အခွေနှင့်ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရသည့် ကိုတင်ဌေးနှင့် ကိုသန်းနိုင် တို့ပြန်လွတ်ကြောင်းလည်းသိရသည်။
ယင်းသို့အကျဉ်းသားများကို ပြန်လွှတ်မည်ဆိုပါက မိသားစုဝင်များကို အကြောင်းကြားရန်လိုအပ်အကြောင်းနှင့် ပြန်လွှတ်ရာတွင်လည်း မည်သည့် အကျဉ်းသား မည်ရွေ့မည်မျှ လွှတ်သည်ကို တရားဝင်ထုတ်ပြန်သင့်ကြောင်း ဦးတိတ်နိုင်က ဆိုသည်။
“ပြီးခဲ့တဲ့ လွှတ်တာတွေတုန်းကလည်း ဂဏန်းတွေပဲ ကြေညာတာ၊ ဘယ်လောက်လွှတ်ပေးပြီးပြီ ဆိုတာ ကြေညာ တာမဟုတ်ဘူး၊ ကျနော်တို့လည်း မသိနိုင်ဘူး၊ နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ဘူး ဆိုရင်တောင် သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံတော်လုံခြုံရေးအရထိန်းသိမ်းထားတဲ့သူ ဘယ်လောက်ပါတယ်ဆိုတာ တရားဝင် ထုတ်ပြန် ပေးရမှာ ဖြစ်ပါတယ်”ဟု ဦးတိတ်နိုင် ကပြောဆိုသည်။
ဦးတိတ်နိုင်င်ငံက ဆက်လက်ပြီး“ရာဇ၀တ် အကျဉ်းသားပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားပဲဖြစ်ဖြစ် အခုလိုပြန် လွှတ်မယ်ဆိုရင် မိသားစုကို အကြောင်းကြားရပါမယ်၊ လွှတ်ချင်သလိုလွှတ်ဆိုတဲ့ ကိစ္စမျိုးတွေဟာ တကယ့်ကို ပရမ်းပတာ ဆန်လွန်းတဲ့ လုပ်ရပ်လို့သာ ကျနော်တို့ ထင်ပါတယ်၊ စေတနာမပါဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။
Posted by
soneseayar
at
8:16 PM
0
comments
Labels: သတင်း
မြန်မာအလုပ်သမားများ စီးလာသည့် ယာဉ်တိမ်းမှောက်၊ ၁ ဦးသေဆုံး
ဧရာဝတီ-အေးလဲ့၊ ဖေဖော်ဝါရီ ၂၃ ရက် ၂၀၀၉
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမား ၃၀ ခန့်ကို သယ်ဆောင်လာသည့် ကားတစီး တိမ်းမှောက်ခဲ့ရာ လူတဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ ကြောင်း ကြားသိရသည်။
ချင်းမိုင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးရှိ Big-C ကားလမ်းမရှေ့တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သောကြောင့် ဒဏ်ရာရခဲ့သူ လူ ၂၀ ကျော်ကို ချင်းမိုင်မြို့ရှိ ဆေးရုံ သုံးရုံသို့ ပို့ဆောင် ကုသထားရာ အသက် ၇ နှစ်အရွယ် မိန်ကလေး တဦးမှာ အရေးပေါ် လူနာအဖြစ် ကုသမှု ခံယူနေရပြီး ၁၀ ဦးမှာ သတိလစ် မေ့မျောနေကြောင်း ချင်းမိုင် အခြေစိုက် အလုပ်သမား ကူညီ စောင့်ရှောက်ရေး အဖွဲ့ (MAP) ကဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရင်း တိမ်းမှောက်မှု ဖြစ်ပွားသည့် ယာဉ်ကို မောင်းနှင်သူမှာ အလုပ်ရှင် ကိုယ်တိုင်ဖြစ်သည်ဟု သိရသည်။
ကားမှောက်ခြင်းကြောင့် ကွယ်လွန်ခဲ့သူ ကိုစိုင်းလုံကို ယနေ့ မီးသင်္ဂြုဟ်ပြီး ဖြစ်ကြောင်း သိရသည်။ ၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မနန်းခင်နှင့် သားသမီး နှစ်ဦး ကျန်ရစ်ခဲ့သည်။
ဇနီးနှင့် သားတယောက်မှာ လက်ရှိ ထိုင်းနိုင်ငံတွင် ရှိနေသော်လည်း သမီးဖြစ်သူမှာ မြန်မာပြည်တွင် ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ကိုစိုင်းလုံမှာ မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်းမှ လာရောက် အလုပ်လုပ်ကိုင်ခြင်း ဖြစ်သည်။
MAP မှ ကိုစိုင်းစိုင်းက “ကားမှောက်တဲ့ နေရာကနေ ခေါ်သွားကတည်းက သတိမရဘူး၊ ညဆေးရုံ ရောက်တော့ ကွယ်လွန်သွားတယ်လို့ သူ့အမျိုးသမီးက ပြောတယ်” ဟု ဆိုသည်။
ယင်းကားမှောက်မှုနှင့် ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက မည်သို့ ဆောင်ရွက်ပေးမည်ကို မသိရှိရသေးကြောင်း အလုပ်ရှင်များနှင့်လည်း တွေ့ဆုံစကားပြောခွင့် မရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ယခုလအတွင်း မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သည့် ပြဿနာများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိကြောင်း အလုပ်သမားရေးရာ ဆောင်ရွက်သည့် အဖွဲ့များထံမှ ကြားသိရသည်။
များမကြာမီက ချင်းမိုင်မြို့ရှိ ရှမ်းတိုင်းရင်းသား ဘုန်းကြီးကျောင်း တကျောင်းဖြစ်သည့် ဝပ်တ်ပါပေါက် အနောက်ဘက်တွင် မြန်မာပြည်သား အလုပ်သမား အများအပြား နေထိုင်လျှက်ရှိရာ ယင်း အိမ်တအိမ်မှ အလုပ်သမားတဦးက ထိုင်းနိုင်ငံသား အိမ်တအိမ်၏ ဝန်းအတွင်းသို့ မှားယွင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်ဟု ချင်းမိုင်အခြေစိုက် အလုပ်သမားရေးရာ အဖွဲ့တဖွဲ့က ပြောပြသည်။
၎င်းထိုင်းအိမ်ရှင်မှာ မကျေနပ်သဖြင့် ယနေ့ နံနက်ပိုင်း အချိန်က ရှမ်းတိုင်းရင်းသားများကို နေထိုင်ရာ ရပ်ကွက်မှ မောင်းထုတ်ပေးရန် ရဲများအကူအညီယူကာ စပီကာဖြင့် သွားအော်သည် ဟုလည်း အလုပ်သမားရေးရာ အဖွဲ့က ပြောသည်။
အလားတူပင် ယခုလ ဒုတိယ အပတ်ထဲတွင်လည်း ထိုင်းကျောင်းသူ တဦးကို မြန်မာပြည်သား အလုပ်သမားနှစ်ဦးက သတ်ဖြတ်ခဲ့သည် ဟူသော သတင်းထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း ချင်းမိုင်မြို့ရှိ တရားမဝင် မြန်မာပြည်သား အလုပ်သမားများကို ထိုင်းအာဏာပိုင်များက လိုက်လံ ရှာဖွေဖမ်းဆီး လျှက်ရှိကြောင်း ကြားသိရသည်။
ချင်းမိုင်မြို့တွင် တရားဝင် မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမား ၆ သောင်းကျော်ရှိပြီး တရားမဝင် နေထိုင်သူ ခန့်မှန်းခြေ ၂ သိန်းကျော်ရှိနေကာ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်သည်ဟု သိရသည်။
ထိုမြန်မာလုပ်သားများမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ အိမ်များ၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြသည်။
Posted by
soneseayar
at
8:15 PM
0
comments
Labels: သတင်း
Sunday, February 22, 2009
လွမ်းအတိတ် အရိပ်ပမာ
(၃)။
မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းတွေနှင့်အတူနေထိုင်ရင်း ရုံးသို့လည်း မပြန်ချင်တော့။ ၎င်းကာလတွင် အတွေးအခေါ်တို့ပျံ့ကျဲနေပြီ ဖြစ်သည်။ အေဘီအက်စ်ဒီအက်ဖ် ၂ ဖွဲ့ကွဲနေချိန်။ တောထဲမှ ကျနော်တို့တပ်ဖွဲ့ဝင်တော်တော်များများ ဘန်ကောက်ရှိ UNHCR ထံ ဒုက္ခသည်အဖြစ် ခံယူလိုက်ကြချိန်လည်း ဖြစ်သည်။
ထိုင်းရဲများ၏ ဖမ်းဆီမှုမခံရစေရန် ဆင်ခြေတခုကို အကြောင်းပြပြီ ကျနော်လည်း ဘန်ကောက်တွင် နေထိုင်ရင်း UNHCR ဒုက္ခသည် စာရင်းဝင်သွားသည်။
၎င်းကာလတွင် UNHCR မှ မြန်မာကျောင်းသားများအတွက် လစဉ် ထိုင်းငွေ (၃၀၀၀) ဘတ် ထောက်ပံ့သည်။ ဒုက္ခသည်အဖြစ်ရာထားခံရသူက (၈၀၀) ဘတ် ထောက်ပံ့သည်။ ကျနော်က ရာထားခံရသူသာ။ မြန်မာကျောင်းသား ဒုက္ခသည်မဖြစ်သေး။
ဘန်ကောက်သည် အလွန်ပူသည်။ ကျနော်တို့နေသော apartment အခန်းသည် နေ့ဘက်တွင် ဘန်ကောက်ရာသီဥတုကြောင့် ပူလောင်မွန်းကြပ်လျှက်။ apartment အနီးတွင် The Mill ကုန်တိုက်ရှိသည်။ ၎င်းကုန်တိုက်တွင် အဲယားကွန်းရှိသဖြင့် ဘန်ကောက်၏ ပူလောင်မွန်းကြပ်မှုအား ဖြတ်သန်းသည်။ The Mill ကုန်တိုက်၏ အပေါ်ဆုံးအထပ်ရှိ ကော်ဖီဆိုင်သည် ကျနော်တို့အတွက် နားခိုရာ။ melody music ကို တနေ့လုံးဖွင့်ပေးသဖြင့် ပျံ့လွင့်လာသော ဂီတသံများ နားထောင်ရင်း စာဖတ်သည်။ စာဖတ်ရန်အလွန်ကောင်းသောနေရာ ဖြစ်သည်။ ညဘက်တွင် apartment အဆောက်အဦး၏ အပေါ်ဆုံးလဟာပြင်တွင် ဘန်ကောက်မြို့အလှအပကို ခံစားရင်း ဖြတ်သန်းသည်။ ဆန္ဒပြပွဲတွင်လိုက်ပါရန်လာခေါ်လျှင် ဘန်ကောက်မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသည်။
တလနီးပါးခန့် မြန်မာကျောင်းသားတို့၏ ဘန်ကောက်ယဉ်ကျေးမှုအား ဖြတ်သန်းရင်း ကျနော်အား UNHCR ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလိုက်သည်။ မြန်မာကျောင်းသားတို့ အများစုနေထိုင်ရာ မနီလွိုင်မြန်မာကျောင်းသားစခန်း (save camp) သို့ သွားရောက်နေထိုင်ရန်အတွက် UN ရုံးမှ စီစဉ်ပေးသည်။
မနီလွိုင်မြန်မာကျောင်းသားများစခန်း။ မနီလွိုင်စခန်းတွင် မြန်မာကျောင်းသားများ တသောင်းနီးပါးခန့်နေထိုင်ကြသည်။ စခန်းတွင် UN1, UN2 … စသဖြင့် ဘားတိုက်ကြီးများဖြစ်နေထိုင်ရသည်။ ဘားတိုက်တခုတွင် လူပေါင်း (၁၀၀) ကျော် ခန့်နေထိုင်ကြသည်။ စခန်းတွင် ကိုထွန်းထွန်း (၈၈၈၈) လက္ဘရည်ဆိုင်တခုရှိသည်။ ၎င်းဆိုင်တွင် ကျနော်တို့ မြန်မာကျောင်းသားများ စခန်းတွင်နေထိုင်စဉ် လပေးစနစ်ဖြင့် သောက်သည်။ ထိုလက္ဘရည်ဆိုင်သည် မြန်မာကျောင်းသားတို့၏ ဆုံဆည်းရာ၊ အသိအမြင်ဖလှယ်ရာ၊ လျိုဝှက်ချက်တို့ဆွေးနွေးရာ နေရာလေးတခု။ ဘန်ကောက်မြန်မာသံရုံးစီးနှင်းမှုမတိုင်မီ ကျနော်တို့စကားအခြေအတင်ဖြစ်ခဲ့ရသောနေရာ။
“ဒီစခန်းက ကျောင်းသားတွေရဲ့ နောက်တန်းစခန်းတခုလို ဖြစ်တယ်၊ ခင်ဗျားတို့လုပ်နိုင်ရင် ထောက်ခံပြီးသာပါ။”
ကျနော်က ကျော်ကျော်(အစားထိုးအမည်) အား ပြောသည်။ သူတို့နှင့်အလုပ်အတူလုပ်ဖို့ သဘောထား မပေး။
“ခင်ဗျားတို့ လူနာအခြေအနေကောင်းသွားပြီးလား”
ဟန်ဝင်းအောင်က ကျော်ကျော်အားစကားလမ်းကြောင်းလွဲ၍ မေးသည်။ ကျော်ကျော်တို့သည် ဤစခန်းသို့ရောက်လာသည်မှာ မကြာသေး။ တိုက်ပွဲတွင် ဒဏ်ရာရထားသော လူနာတချို့လည်း သူတို့နှင့်အတူပါရှိလာသည်။ ထိုအချိန်က သူတို့သည် စခန်းတွင်နေထိုင်မည်။ အလုပ်လုပ်လျှင် တောထဲသို့သွားမည်။ အလုပ်ပြီးလျှင် စခန်းသို့ပြန်လာပြီး နေထိုင်ရန်ဖြစ်သည်။ ထိုအချိန်က သူတို့၏အစီအစဉ်သည် ဘန်ကောက်သံရုံးကိစ္စဟု မထင်။
“ခင်ဗျား - သူငယ်ချင်းက ဂေါက်နေတယ်ထင်တယ်”
ဟန်ဝင်းအောင်က ကျော်ကျော်၏ခေါင်းတွင် မိုင်းဒါဏ်ရာရထားသည်ကို သိသဖြင့် ကျနော့်အား ပြောသည်။ ကျော်ကျော်နှင့်ကျနော်က ဘားတိုက်တွင် ဘေးချင်းကပ်နေရာရသဖြင့် မနီလွိုင်စခန်းရောက်မှ ဖြစ်လာသော ဘောဒါအသစ်။ တော်လှန်းရေးသမား အချင်းချင်းမို့ ရင်းနှီးလာသော သူငယ်ချင်းအသစ်။ တခါတရံ ကျော်ကျော်သည် သူ့ထံတွင်ရှိသော အဆောင် (တိုက်ပွဲဖြစ်လျှင် ကျည်လွဲသည်ဟု ဆောင်ထားသော အင်းပြားများ၊ ဘုရားဆင်တုတော်) များအား ကျနော်အား ပြသည်။
ကျည်လွဲလား မလွဲလားတော့ မသိ။ ဘန်ကောက်သံရုံးစီးနှင်းမှုအပြီး၊ ရပ်ဘူရီဆေးရုံးစီးနှင်းမှုတွင် ကျော်ကျော်၏ အလောင်းဓါတ်ပုံကို တွေ့သည်။
မနီလွိုင်စခန်းတွင်နေထိုင်လျှင် တလလျှင်တကြိမ် ဘန်ကောက်သို့ အလည်သွားခွင့်ရှိသည်။ ထိုင်းအာဏာပိုင်မှ ခရီးသွားခွင့်လက်မှတ်လုပ်ပေးသည်။ ကျနော်ဘန်ကောက်မြို့သို့ လည်ပတ်ရန် လက်မှတ်သွားလုပ်သည်။ ဘန်ကောက်တွင် ခင်မောင်ချိုအခန်းတွင် ခိုလုံသည်။ ခင်မောင်ချိုအခန်းတွင် ကိုသားဆွေ(ဗကသ) တခါတရံ လာ၍ ခိုလုံသည်။ တခါတရံ ကိုရဲသီဟ လာ၍ အလုပ်လုပ်သည်။ ခင်မောင်ချိုအခန်းသည် အခြားသော မြန်မာကျောင်းသားများ၏ အခန်းထက် ပို၍ လုံခြုံသည်ဟု ထင်မှတ်ရသည်။
ထိုအချိန်မှစ၍ ကျနော်၏လေလွင့်ခြင်းခရီးစဉ်ကို အဆုံးသတ်ရန် ဆုံးဖြတ်သည်။ သီးခြားခရီးစဉ်လည်း ပြီးဆုံးပြီး။ ဘန်ကောက်ရုံးသို့ ဖုန်းဆက်သည်။ သူငယ်ချင်းတွေကို ဖုန်းဆက်သည်။ The Mill ကော်ဖီဆိုင်တွင် ကော်ဖီသောက်ရင် နောက်ဆုံးနှုတ်ဆက်ပွဲလုပ်သည်။
(အမှန်တရား။ ။ ကော်ဖီ၊ ၅ ၊စီးကရက် တို့သည် ကျတော်တို့၏ ဘန်ကောက် ယဉ်ကျေးမှုဖြစ်သည်။)
ရုံးသို့အပြန်တွင် ရုံးမရာက်ခင် ကောင်းကောင်းနှင့် လမ်းလျှောက်ချင်သဖြင့် ကားပေါ်မှဆင်းပြီး ပလက်ဖောင်းအတိုင်း လမ်းလျှောက်ပြန်သည်။ ရှေ့လုပ်ရမည့် အစီအစဉ်အချို့အားစဉ်းစားသည်။ ဘန်ကောက်ညလေးအေးတို့က တဖြူးဖြူး။
“နေမျိုး ။ ဟေ့ကောင် - နေမျိုး”
လက်ခုတ်တီးသံနှင့် လှမ်းခေါ်သံကြားသဖြင့် နောက်ပြန်၍ ဘေးဘက်သို့လှမ်းကြည့်သည်။ ဆိုင်တခုအတွင်းမှ ကိုဘစော လှမ်းခေါ်နေသည်ကို မြင်ရသည်။ ဆိုင်ထဲသို့ ၀င်လိုက်သည်။ ဆိုင်သည် မိသားစုပိုင်ဆိုင်လေးတခု ဖြစ်မည်ထင်သည်။ အခန်းတွင် စာပွဲဝိုင်း ၈ ၀ိုင်းခန့်တွေ့ရသည်။ လူရှင်းနေသည်။ ဆိုင်ထဲတွင် ကဗျာဆရာ ကိုလွဏ်ဏီနှင့် ပန်းချီးဆရာ ကိုမင်းကျော်ခိုင်တို့ကို တွေ့ရသည်။
“မင်းဘယ်သွားမလို့လဲ”
ကိုလွမ်းဏီက မေးသည်။
“ရုံးပြန်မလို့ပါ”
ကျနော်က ပြန်ဖြေသည်။ ကျနော်ရုံးမှထွက်သွားသည်ကို ကိုလွမ်းဏီသိသည်။ ကိုလွမ်းဏီသည် ထိုအချိန်က ပြန်ကြားရေးတာဝန်ခံ (ဗဟိုကော်မတီ)။ ဘန်ကောက်ရုံးတွင် တာဝန်ကျသည်။
“အေး - ကောင်းတယ်။ ဒီမှာ နည်းနည်းသောက်”
ဟု ပြောသည်။ ၄ ယောက်သာ သောက်လိုက်၊ စကားပြောလိုက်နှင့်။ ကျနော်လည်း ၅ နှင့် ဆန်ဆောင်နှင့်ရောသွားသည်။ ဦးနှောက်ရှိ တွန့်ခေါက်အေရိယာတို့ လျင်မြန်စွာ လှုပ်လာသည်။ နိုင်ငံရေးစကားသံတို့ ခေါင်းထဲသို့ ၀င်တချက်၊ မ၀င်တချက်။
နောက်ပိုင်း ဘာတွေ ဖြစ်သွားသည်မသိ။ စကားတော့များကြသည်။ ကျနော် ထပြန်လိုက်သည်။ ကိုဘစောထွန်းက ငါ၊ လိုက်ပို့မည်ဟု ပြောသံကြားသည်။ ကျနော်မသိတော့။
(ထိုနေ့မှစ၍ ကိုလွမ်းဏီက ကျနော်နှင့်သောက်ရန် လန့်သွားတော့သည်။)
ရုံးပြန် လမ်းတလျှောက် အနည်းငယ် စိတ်တည်ငြိမ်လာသည်။
“ဟေ့ကောင် - နေမျိုး”
ကိုဘစောထွန်းက နောက်မှလိုက်လာရင်ခေါ်သည်။ ကျနော်စောင့်နေလိုက်သည်။ ကိုဘစောထွန်း၏ လက်တဖက်တွင် ချိုင်းထောင့်နှင့်။ ကိုဘစောထွန်းက မယ်နယ်ပလောခံစစ်တွင် မိုင်းနင်း၍ ဘန်ကောက်တွင် ဆေးကုသမှုခံယူနေချိန်တွင် ဖြစ်သည်။
“လာ - ရုံးအတူတူပြန်မယ်”
လမ်းတွင်ကိုဘစောက ကျနော့်အား ချော့သည်။ လမ်းဘေးစတိုးဆိုင်တွင်ဝင်၍ အမူးပြေစေရန် ဒိန်ချည်ဗူးများ ၀ယ်ပြီ ပေးသည်။ ရုံးသို့ရောက်သည်။ ရုံးတွင် ကိုကျော်ခိုင်မိသားစုနှင့် ကိုမိုးကျော်တို့အား ပြန်တွေ့သည်။ သူတို့သည် UNHCR ဒုက္ခသည်အဖြစ်ခံယူရန် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ကိုကျော်ခိုင်နှင့်ကျနော်တို့ တပ်ဖွဲ့အကြောင်း စကားအနည်းငယ်ပြောဖြစ်သည်။
နောက်နေ့မနက်တွင် ကိုအောင်သူငြိမ်းက နယ်စပ်ပြန်မည့်ဖြစ်၍ ခရီးစဉ်ကြုံသဖြင့် မနက်စောစောထပြီ နယ်စပ်ခရီးကို စတင်သည်။
Posted by
nanda
at
10:37 PM
2
comments
Labels: အက်ဆေး/၀တ္ထုတို
အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ညနေတွင် စတင်လွှတ်
ဧရာဝတီ-ကိုစိုး၊ ဖေဖော်ဝါရီလ ၂၁ ရက် ၂၀၀၉
စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် အကျဉ်းသား ၆၀၀၀ ကျော်ကို ယနေ့ ညနေပိုင်းတွင် စတင်၍ ပြန်လွှတ်ပေးကြောင်းသိရသည်။
ယနေ့ ပြန်လွတ်လာသူများထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ ပါဝင်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းအသိုင်းအ၀န်းက ပြောသည်။
“အခုလေးတင်ပဲ သူအပါအ၀င် ကားပေါ်မှာ ၁၁ ဦးလို့ ကားပေါ်ကနေ ဦးသက်ဝေ လှမ်းအော်ပြောသွားတယ်”ဟု အင်းစိန် ထောင်ဝန်ထမ်းတဦးက ပြောသည်။
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း“ဦးသက်ဝေနဲ့ အမှုတတွဲတည်းက လူတွေအားလုံးလွတ် တယ်လို့ကြားတယ်၊ ဒီနေ့ အင်းစိန်ထောင်က လူ ၄၀ ၀န်းကျင်လောက် ထွက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဦးသက်ဝေကို ၂၀၀၈ ခု စက်တင်ဘာလအတွင်းက ပုဒ်မ ၃၅၃ ၀တ္တရားနှောင့်ယှက်မှုနှင့် ရန်ကုန်တိုင်း ပန်းပဲတန်း မြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဦးသက်ဝေ အသက်(၅၄)နှစ်သည် လောင်စာဆီဈေးနှုန်းကျဆင်းရေး တကိုယ်တော်ဆန္ဒပြသောကြောင့် နိုင်ငံရေး မှုဖြင့်ထိန်းသိမ်းခံရသည့် ဦးအုန်းသန်း၏ ကျောက်တံတားတရားရုံးတွင်ရုံးထုတ်ရာသို့ ၂၀၀၈ခုနှစ် ဇန်န၀ါရီ ၉ ရက် နေ့ က သွားရောက်တွေ့ဆုံရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO သို့ မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုနှင့် ပတ်သက်ပြီး မြို့နယ်အသီးသီးမှ တိုင်ကြားသောစာများ သိမ်းဆည်းထားသည့် ကွန်ပျူ တာသုံး Memory stick တခုကို ၎င်းထံတွင် ရဲက လက်ဝယ် တွေ့ရှိမှုဖြင့် ပန်းပဲတန်း ရဲစခန်းတွင် တရားစွဲ အရေး ယူခံခဲ့ရခြင်းဖြစ်သည်။
ဦးသက်ဝေသည် ၁၉၉၈ ခုနှစ် ပြည်သူ့လွတ်တော်ရေးခေါ်ယူရေး ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၉၉ ခုနှစ် ၉ လေး လုံးလှုပ်ရှားမှုဖြစ်တကြိမ်၊ ၂၀၀၃ခုနှစ်လူငယ်လုပ်ငန်းအဖွဲ့ဖွဲ့စည်းမှုနှင့်တကြိမ်၊ ၂၀၀၄ခုနှစ် တကိုယ်တော် ဦးအုန်း သန်း ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်မှုနှင့် ထောင်ဒဏ် ၂ နှစ် တကြိမ်၊ ၂၀၀၇ခုနှစ်စက်တင်ဘာ အရေးအခင်း မှာ တကြိမ် ၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီနှင့်မေလထဲတွင် တကြိမ် အာဏာပိုင်များ၏ အကြိမ်ကြိမ်ဖမ်းဆီးအရေးယူ ခံခဲ့ရ သူဖြစ်သည်။
မြစ်ကြီးနားထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် အန်အယ်လ်ဒီ မန္တလေးတိုင်း အမရပူရ မြို့နယ်အမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အန်အယ်လ်ဒီ ကချင်ပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဖေသိန်းတို့ ပြန်လွတ်သည်ဟု သတင်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြသည်။
ထို့သို့ အကျဉ်းသားများ လွှတ်ပေးခြင်းနှင့်ပတ်သက်ပြီး ယနေ့ထုတ်အစိုးရသတင်းစာများတွင် လူသားချင်း စာနာ ထောက်ထားမှုအပါအ၀င် အကျဉ်းသားများ၏ မိသားစုများကို ငဲ့ညှာသည့်အနေနှင့်လည်းးကောင်း၊၂၀၁၀ ပြည့်နှစ် အတွင်းကျင်းပမည့် တရားမျှတသော ရွေးကောက်ပွဲများတွင်လည်း အများပြည်သူတို့နှင့်အတူ၊ နိုင်ငံတော်အကျိုး ကို ထမ်းရွက်သွားနိုင်ကြစေရန်အတွက် လည်းကောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် နိုင်ငံသား အကျဉ်း သား အကျဉ်းသူ ၆၃၁၃ ဦးတို့အား ပြစ်ဒဏ်ကျခံနေရ ခြင်းမှ ရပ်စဲ၍ လွမ်းငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံသို့ လူ့အခွင့်အရေး အခြေအနေများ စုံစမ်းရန် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ၁၉ ရက်အထိ လာရောက် သော ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာ ပြန်သွား ပြီး နောက် ၁ ရက်အကြာ၌ စစ်အစိုးရက အကျဉ်းသားများလွှတ်ပေးမည်ဟု ကြေညာခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဤသို့စတင်၍ ပြန်လွှတ်ပေးခြင်းဖြစ်သည်။
Posted by
soneseayar
at
9:40 PM
0
comments
Labels: သတင်း
အန်အယ်ဒီ အမတ်၊ မြို့နယ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦး လွတ်မြောက်လာ
မဇ္စျိမ-နန်းဒေ၀ီ၊ ဖနိဒါ၊ ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၀၉
နယူးဒေလီ၊ ချင်းမိုင် (မဇ္စျိမ) ။ ။ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တဦး၊ မြို့နယ် ဥက္ကဋ္ဌတဦးနှင့် အဖွဲ့ဝင်တဦးအား အာဏာပိုင်များက ယနေ့ညနေပိုင်းတွင် အကျဉ်းထောင် အသီးသီးမှ ပြန်လွှတ်ပေးလိုက်သည်။
အကျဉ်းသား ၆၃ဝဝ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု စစ်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့အပြီး မန္တလေးတိုင်း အမရပူရမြို့နယ် အန်အယ်ဒီအမတ် ဒေါက်တာ ဇော်မြင့်မောင်၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ပါတီအဖွဲ့ဝင် ဦးဖေစိန်အား မြစ်ကြီးနားထောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေအား အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
"ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ၂ ယောက်စလုံး လွတ်လာတယ်။ ထောင်အာဏာပိုင်တွေက သူတို့ကို တည်းခိုရိပ်သာအထိ ပို့ပေးတယ်လေ။ ကျန်းမာတယ်လို့ ပြောတယ်။ ဒါပေမဲ့ အတွင်း ကျန်းမာ၊ မမာတော့ အိမ်ပြန်မှပဲ ဆေးစစ်ကြည့်ရမယ်လို့တော့ ဒေါက်တာ ဇော်မြင့်မောင်က ပြောနေတယ်" ဟု လွတ်မြောက်လာသူ နှစ်ဦးနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်အား ၁၉၉ဝ ခု နိုဝင်ဘာတွင် စင်ပြိုင်အစိုးရ ဖွဲ့ရန် ကြံစည်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး၊ ၁၉၉၁ ခုနှစ် ဧပြီလအတွင်း နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၅ နှစ် ထောင်ချခဲ့သည်။
ထို့နောက် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများ အစီရင်ခံသဖြင့် ၁၂ နှစ် အတိုးခံရကာ ၃၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည်။
အလားတူ ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းမြို့မှ အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်သည့် ဦးဖေစိန်နှင့် မြို့တော် မြစ်ကြီးနားမှ ဦးကျော်မောင်၊ ဦးနေဝင်းတို့အား ၂ နှစ်စီ ပြစ်ဒဏ်ချထားရာတွင် ဦးဖေစိန် ပြန်လွတ်လာသည်။
ဦးနေဝင်း၏ ဇနီးသည်က "အန်တီက မေးတယ်။ ဦးနေဝင်းတို့ရောလို့ မေးတော့၊ သူတို့က လွှတ်မယ့်စာရင်းထဲ မပါဘူးလို့ ပြောတယ်" ဟု မဇ္ဈိမကို ပြောသည်။
အလားတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ မြန်မာနိုင်ငံ ကလေးစစ်သား အသုံးပြုမှု တိုင်ကြားရန် ကြိုးစားသဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အင်းစိန်ထောင်တွင် ထောင်ဒဏ် ၂ နှစ် ချုပ်နှောင်ခံထားရသူ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေလည်း ယနေ့ညနေတွင် ပြန်လွတ်လာသည်။
"ညနေ ၄ နာရီ ၄၅ မိနစ်မှာ ထောင်ကနေ သူတို့ကား ထွက်လာတယ်။ ဦးသက်ဝေကို ကားပေါ်ကနေ လှမ်းမြင်လိုက်တယ်။ ဟိုင်းလပ်စ်ကား အဖြူရောင်နဲ့ပဲ၊ သူတို့အုပ်စုကို ခေါ်သွားတယ်။ ခေါင်းပြူထွက်လာပြီးတော့ ၁၁ ယောက်လို့ လှမ်းအော်သွားတယ်။ ကျန်တဲ့လူတွေကို ကြည့်ရတာ လူလတ်ပိုင်းတွေပါပဲ" ဟု နိုင်ငံရေး အကျဉ်းသားများကို လေ့လာစောင့်ကြည့်နေသည့် မြန်မာပြည်တွင်းမှ ပုဂ္ဂိုလ်တဦးက ပြောသည်။
ယနေ့ ညနေပိုင်းက အင်းစိန်ထောင်မှ ပထမသုတ်အဖြစ် အကျဉ်းသား ၁ဝဝ ကျော် ပြန်လွှတ်ရာတွင် အမျိုးသမီး ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် ကျခံရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ခဲ့သည်။
Posted by
soneseayar
at
9:39 PM
0
comments
Labels: သတင်း
နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဒေါက်တာ ဇော်မြင့်မောင် လွတ်မြောက်
ဗွီအိုအေ၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၀၉
မြန်မာနိုင်ငံ မှာ အကျဉ်းသားပေါင်း ၆,၃၀၀ ကျော် ကို လွှတ်လိုက်တဲ့အထဲမှာ အမရပူရ လွှတ်တော် အမတ် ဒေါက်တာဇော်မြင့်မောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ယောက်ကျော် ပါဝင်ခဲ့တယ် လို့ အခုထိ သိရှိထားပါတယ်။ ယခင်တစ်ခေါက် အကျဉ်းသား ၉,၀၀၀ ကျော် လွှတ်တုန်းကတော့ နိုင်ငံရေး အကျဉ်းသား ၆ ယောက်ပါဝင်ခဲ့ပါတယ်။ အစိုးရ က နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် လွှတ်လိမ့်မလဲ ဆိုတာ ကို ကမ္ဘာ က စောင့်ကြည့်နေကြပါတယ်။ ဦးတင်မောင်သန်း က တင်ပြထားပါတယ်။
ရွေးကောက်ခံရတဲ့ အမတ်တွေ ထဲမှာ ၁၉၉၀ ခုနှစ်ကတည်း က နှစ်ပေါင်း ၁၈ နှစ်ကျော် တောက်လျှောက် အကျဉ်းသက်တမ်း အရှည်ဆုံး အမတ် အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ကို စစ်အစိုးရ က လွှတ်ပေးလိုက်ပါပြီ။
ဒေါက်တာဇော်မြင့်မောင် ကို ပြည်ပမှာ စင်ပြိုင် အစိုးရဖွဲ့ဖို့ ကြိုးစားရာမှာ ဦးဆောင် သူ တစ်ယောက်အဖြစ် စစ်အစိုးရ က သတ်မှတ်ပြီး၊ ထောင်ဒဏ်၂၅ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထောင်တွင်း လူ့အခွင့်အရေး အခြေအနေတွေ ကို ရေးသားခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယိုဇို ယိုကိုဒါ ဆီ ကို ပေးပို့ရာမှာ ပါဝင်ခဲ့တယ်လို့ ထပ်မံ စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။ ဒါကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံထားရတာပါ။
ဒေါက်တာဇော်မြင့်မောင် လွတ်လာတာ နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါက်တာ ယုယုမေ က ဗွီအိုအေ ကို အခုလို ပြောပါတယ်။
“တကယ်လွတ်သွားပြီ။ ၄ နာရီ ခွဲလောက်ကျတော့ သတင်းတွေက ကြားနေပေမယ့် ၃ နာရီ ကျော်ကျော်လောက်ကျတော့ ထောင်ပြင်ကို ထုတ်နေပြီ။ ကားစီစဉ်ထားတယ်ဆိုတာ သိပေမယ့် အန်တီတို့က တရားဝင် ဖြစ်အောင်လို့ပေါ့နော်၊ ထောင်ကို ဖုံးဆက်မေးကြည့်လိုက်တော့ အဲဒီ ၄ နာရီခွဲလောက်ကျတော့ ထောင်ကနေပြီးတော့ - ဟုတ်ကဲ့၊ လွတ်သွားပါပြီလို့ ပြောလိုက်တယ်။ ဘယ်မှာထားလဲ ဆိုတာကိုတော့ သူတို့က မပြောဘူးလေ။ ဖုန်းကို ချပစ်လိုက်တယ်။ အဲဒါနဲ့ ဘယ် ဆက်ရမှန်းတော့မသိဘူးပေါ့နော်။ ဘယ်ရောက်နေမှန်းလဲ မသိဘူး။ အဲဒီအချိန်မှာ မိုးညင်း က ဦးရွှေစိန် ကလည်း ပါတယ်။ သူ့သမီးလေးကနေပြီးမှ ဆက်တာ။ အဖေ တို့တဲ့ ဟင်္သာ တည်းခိုခန်း၊ မြစ်ကြီးနားမှာ ရောက်နေတယ်တဲ့။ သူနဲ့ အဖေနဲ့ စကားပြောပြီးပြီပေါ့။ ဦးဇော် လည်းပါတယ်ဆိုတာနဲ့။ ကျမတို့က အဲဒီ ဟင်္သာတည်းခိုခန်းကို ဆက်လိုက်တော့ အဲဒီ ဦးဇော်နဲ့ တွေ့ရတယ်ရှင့်။ လောလောဆယ်တော့ သူ နေကောင်းပါတယ် ဆိုတဲ့အကြောင်းပေါ့နော်။ မနက်ဖြန်ကို သူတို့ မီးရထားနဲ့ပဲ စီစဉ်ပေးလိမ့်မယ် ထင်တယ်ပေါ့လေ။ အဲဒီလိုပဲ ပြောပါတယ်။ အခုတော့ အက်စ်ပီ က ဆိုလားပဲ ခဏ ဆိုပြီးတော့ ခေါ်သွားတယ်တဲ့။ ကျမတို့ကတော့ မျှော်လင့်ထားတဲ့နေ့ ရောက်လာတာပေါ့နော်။ အဲဒါအတွက် ၀မ်းသာတာပါပဲ။ ဒါပါပဲ။”
အခုလို လွှတ်လိုက်တဲ့ အထဲ မှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှယောက်ပါဝင်မယ် ဆိုတာ ကို အမေရိကန် နိုင်ငံ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ကို စဉ်းစားကြမယ့်သူတွေကလည်း စောင့်ကြည့်နေကြမှာပါ။ အာရှ နိုင်ငံ ခရီးအတွင်း မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန် က မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ရဲ့ မူဝါဒ ကို ပြန်လည် သုံးသပ်မယ်လို့ ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံ မှာ အပြုသဘော ပြောင်းလာအောင် ဘယ်လို အကောင်းဆုံး ဆောင်ရွက်နိုင်မလဲ” ဆိုတဲ့ စိတ်ကူး အယူအဆတွေ ကို အမေရိကန် နိုင်ငံ ဟာ ဒေသတွင်း နိုင်ငံတွေ နဲ့ နီးနီးကပ်ကပ် လုပ်ဖို့ စီစဉ်ထားပါတယ်လို့ မစ္စကလင်တန် က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ် အယ်ဒီတာကတော့ “မူဝါဒ ပြန်လည် သုံးသပ်ရာမှာ အစစ်အမှန် လက်တွေ့ကျဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွတ်လာသူတွေ ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ ကတော့ ၀မ်းသာနေကြပါတယ်။ ခရမ်းမြို့နယ် အမတ် ဦးကျော်သွင် ဟာ ဒေါက်တာ ဇော်မြင့်မောင် နဲ့ တိုက်ထဲမှာ အတူနေခဲ့တဲ့ သူ ပါ။
“ကျနော်က ကိုကြီးဇော်လို့ အမြတ်တနိုး ချစ်ချစ်ခင်ခင်နဲ့ ခေါ်ရတဲ့ အစ်ကိုကြီးတယောက် ဒီနေ့ပဲ လွတ်လာတာကို ကျနော် သိရတဲ့အခါမှာ မျက်ရည် လည်လောက်အောင်၊ မျက်ရည်ကျလောက်အောင် ကျနော် ၀မ်းသာပါတယ်။”
ဦးကျော်သွင် လို နိုင်ငံရေး အကျဉ်းသားတွေ ရဲ့ မိသားစုတွေ နဲ့ မိတ်ဆွေတွေသာ မကပါဘူး။ ကုလသမဂ္ဂ ကလည်း မစ္စတာ ဂမ်ဘာရီ ဟာ လက်ချည်းဗလာ ပြန်လာခဲ့ရတယ်လို့ မီဒီယာတွေ က အရေးခံနေရတဲ့ ကုလသမဂ္ဂ ကလည်း အခုလို လွှတ်လိုက်တဲ့ အကျဉ်းသားတွေ ထဲ မှာ နိုင်ငံရေး အကျဉ်းသမား ဘယ် နှယောက် ပါမလဲ စောင့်ကြည့်နေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာလည်း မြန်မာနိုင်ငံ ကို သွားရောက်ဖို့ ဖိအား အပေးခံနေရပါတယ်။
ဒါပေမဲ့ အဲဒီလို သွားဖို့ ဆိုရင်၊ မြန်မာ စစ်အစိုးရ က လာမယ့် လတွေ မှာ လာထိုက်ကြောင်း အချက်ပြဖို့ လိုလိမ့်မယ်လို့ မစ္စတာ ဂမ်ဘာရီ က သတင်းထောက်တွေ ကို ပြောပါတယ်။ “အခုလို အကျဉ်းသမားတွေ ကို လွှတ်လိုက်တာ အထူးသဖြင့် နိုင်ငံရေး အကျဉ်းမားတွေ ကို လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်။
အဲဒီလို ကြိုဆိုတာ ဟာလည်း မျှတရာရောက်တယ်လို့ ကျွန်တော်ယူဆပါတယ်။” လို့ အိန္ဒိယ နိုင်ငံ မှာ ထုတ်ဝေတဲ့ The Hindu သတင်းစာ ကို မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။ လွှတ်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား က ၁၀ ယောက်ကျော်ပဲ သိရပါသေးတယ်။ နိုင်ငံရေး အကျဉ်းသမား လွှတ်လိုက်တာ ကို ကြိုဆိုပါတယ်လို့ ပြောရာမှာတောင် အဲသလို ကြိုဆိုတာ က မျှတပါတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကတောင် ဆင်ခြေပေးနေရရှာတဲ့ အဖြစ် ဖြစ်နေပါတယ်။
Posted by
soneseayar
at
9:38 PM
0
comments
Labels: သတင်း
ယခုအချိန်ထိ လွတ်လာသမျှ နိုင်ငံရေးအကျဉ်းသားနဲ့ သံဃာတော်တချို့ပါဝင်
ဗွီအိုအေ၊ ဖေဖော်ဝါရီလ ၂၁ ရက် ၂၀၀၉
ဒီကနေ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက စစ်အစိုးရ လွှတ်ပေးလိုက်တဲ့အထဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သံဃာတော်တွေနဲ့ မယ်သီလရှင်တစ်ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ဦးကျော်လောက် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ လွတ်မြောက်လာတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ စမ်းချောင်းမြို့နယ် အဲန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးသက်ဝေ က အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်သား အားလုံးကိုလည်း လွှတ်ပေးဖို့ လိုလားပြီးတော့ အကျဉ်းထောင်တွင်းက အခြေအနေ ဆိုးရွားမှုအကြောင်းတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မအေးအေးမာ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ပြန်လွတ်လာတဲ့ လူတွေထဲမှာ မြစ်ကြီးနားထောင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အင်းစိန်ထောင်ကဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်မြို့နယ် ဥက္ကဌ ဦးသက်ဝေ၊ ၂၀၀၃ ခုနှစ် ကတည်းက ဖမ်းဆီးခံထားရတဲ့ သံဃာတော် ၇ ပါးနဲ့ မြို့တော်ခမ်းမရှေ့မှာ ဖမ်းဆီးခံရတဲ့ မယ်သီလရှင် ၁ ပါး နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးပေါင်း ၁၂ ဦးလို့ သိရပါတယ်။ ဒီအထဲမှာ ရခိုင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့က ခိုင်ဘမြင့်၊ ဗကသ များအဖွဲ့ချုပ်က ကိုထွန်းဇော်ဌေး ခေါ် ကိုထွန်းထွန်း တို့လည်း ပါဝင်ပါတယ်။ ပြန်လွတ်လာတဲ့ အခြေအနေကိုတော့ ဦးသက်ဝေ က အခုလို ရှင်းပြပါတယ်။
“သူတို့ကတော့ အကျဉ်းထောင်လက်စွဲ ဥပဒေပုဒ်မ (၄၀၁/၁) အရ လွတ်ငြိမ်းချမ်းသာ နဲ့ ပြန်လွှတ်ပေးတယ်လို့ ကျနော့်ကို ပြောပါတယ်။ ဒီအပေါ်မှာကတော့ အခုလို လွှတ်ပေးတယ်ဆိုတာကတော့ ကြိုဆိုရမှာပေါ့ဗျာ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာလည်း အများကြီး ကျန်နေသေးတယ်။ အဲဒါတွေလည်း ဆက်ပြီးတော့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဆက်ပြီးတော့ လွှတ်ပေးစေချင်တယ်ပေါ့ဗျာ။”
အင်းစိန်ထောင်တွင်းက အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လို ရှိပါသလဲ ဆိုတာကိုလည်း မေးမြန်းကြည့်ခဲ့ပါတယ်။
“ကျန်းမာရေး ဆေးဝါးကုသမှုကိစ္စကတော့ အားနည်းတယ်ဗျာ။ အခုဟာက တိုက်ထဲမှာက လမ်းလျှောက်ဖို့အချိန်ကလည်း နည်းပါးတယ်။ လမ်းလျှောက်ဖို့အချိန် နည်းပါးတဲ့အပြင်ကို လမ်းလျှောက်ဖို့အချိန်က နည်းပါးတဲ့အတွက် မဆင်းလို့ ဆိုပြီးတော့ လမ်းမလျှောက်ကြလို့ ဆိုပြီးတော့ တိုက်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊ ဒီ (၁) တိုက်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နောက်ထပ်ပေါ့ဗျာ အကျဉ်းပိတ်လိုက်တယ်။ အကျဉ်းပိတ်လိုက်တယ် ဆိုတာက နောက်ထပ်ပေါ့ဗျာ။ ၁၀ ပေ ပတ်လည်ပေါ့ အဲဒါ အကျဉ်းပိတ်လိုက်တယ်။ ရေချိုးလည်း ပိတ်ထားတယ်။ ဒီနေ့ပဲ ကျနော် ထောင်အာဏာပိုင်နဲ့ တွေ့ပြီးတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ပြစ်မှုကျူးလွန်တာ ထောင်ဥပဒေတွေ ချိုးဖောက်တာ မရှိတဲ့အတွက် ဒီကိစ္စကို ဒီလို အကျဉ်းပိတ်တဲ့ကိစ္စဟာ မသင့်တော်ဘူး။ ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်နိုင်တယ် ဆိုပြီး ကျနော် တင်ပြထားခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ သူတို့က ခံဝန်လက်မှတ် ရေးထိုးမှ ဒီ အကျဉ်းပိတ်တာကနေ ပြန်ပြီးတော့ ဖွင့်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒါ ထောင်အာဏာပိုင် ဦးခင်မောင်ကြည် ကနေ ပြောတာပေါ့ဗျာ။”
အလားတူပဲ ၂၀၀၃ ခုနှစ်ကတည်းက ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ သံဃာ ၇ ပါးထဲကတော့ ပုဒ်မ (၅/ည)၊ ပုဒ်မ (၆/က)၊ ပုဒ်မ (၂၉၅) စတဲ့ ပုဒ်မတွေနဲ့ သူတို့ဟာ ထောင်ချခံရတာဖြစ်ပြီး ဒီအထဲက တချို့ဟာ ၂၀၀၃ ခုနှစ်က သံဃာတွေ ညမထွက်ရ ဆိုတဲ့အချိန်မှာ တိုင်းမှူးလာတဲ့အချိန် သူတို့ ဖမ်းဆီးခံရတာ ဖြစ်ကြောင်း ပြန်လွတ်လာတဲ့ သံဃာတွေရဲ့ စာရင်းနဲ့အတူ သူတို့ရဲ့ အခြေအနေကို အခုလို ရှင်းပြပါတယ်။
“နိုင်ငံတော်ပိုင် ယာဉ်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှုပေါ့။ တိုင်းမှူး မြင့်ဆွေ ကားနဲ့ လုံခြုံရေးကားကို ကျနော်တို့ ခဲ နဲ့ ပစ်ပေါက်မိလို့ပါ။ ကျော်မိုး (ခ) ဦးသိရိန္ဒ ၀ံသမေဒနီ စာသင်တိုက်ကပါခင်ဗျာ။ ထွန်းထွန်း (ခ) ဦးဓမ္မိကကလည်း ၀ံသမေဒနီ ကျောင်းတိုက်ကပါပဲ ခင်ဗျာ။ မောင်ဇော် (ခ) ဦးတိခ္က၀ိန္ဒြာယ၊ သူက ရွှေတောင်ကျောင်းတိုက်ကပါခင်ဗျာ စမ်းချောင်း ရွှေတောင် ကပါခင်ဗျ။ ကျော်မင်းသက် (ခ) ဦးကေသရ ကလည်း ရွှေတောင်ကပါပဲခင်ဗျာ။ အေးထွန်းသာ (ခ) ဦးအင်္ဂုရ က စန္ဒသူရိယကျောင်း ရန်ကင်းကပါခင်ဗျာ။ အောင်ကိုကို (ခ) ဦးအာဒိစ္စ၊ မင်းဇော်အောင် (ခ) ဦးမကိန္ဒ က ခရမ်းမြို့နယ် ကိုင်းကုန်း ကျောင်းတိုက်ကပါ ခင်ဗျာ။”
ဒါကတော့ ပြန်လွတ်လာခဲ့တဲ့ သံဃာ ခုနှစ်ပါးထဲက တစ်ပါး ပြောကြားသွားခဲ့တာပါ။
Posted by
soneseayar
at
9:35 PM
0
comments
Labels: သတင်း
လွမ်းအတိတ် အရိပ်ပမာ
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ သင်ဆိုးလျှင် သင့်ထက်ပိုဆိုးလျှင် ဆိုးမည်။
(၁)။
ကရင်နီလူမျိုးပေါင်းစုံ ပြည်သူလွတ်မြောက်ရေးပါတီနှင့် ကယန်ပြည်သစ်ပါတီတို့ရန်သူနှင့် အပစ်အခတ်ရပ်ဆဲရေးပြုလုပ်လိုက်သောကြောင့် ကျနော်တို့ကျောင်းသားတပ်မတော်သည် လူထုထဲသို့တချို့ဝင်ရောက်၊ တချို့ ပေးဆပ်တိုက်ပွဲဝင်ခဲ့သော ရဲဘော်များကို ဦးညွတ်လျှက် မိခင်ဌာနချုပ်ရှိရာ ထိုင်း-မြန်မာနယ်စပ်သို့ …။
(၂)။
၁၉၉၅ မေလ -
မနက်စာထမင်းစားပြီး ဘန်ကောက်ရုံးတာဝန်ခံကို ခွင့်တောင်းပြီး တကိုယ်တည်းရွက်လွှင့်ဖို့ ရုံးမှ ကားမှတ်တိုင်သို့ ဦးတည်လိုက်သည်။
“မင်း - ဘယ်မှသွားစရာမရှိရင် ဆူထိစံ (ရုံးလေး- UNHCR) ကိုသွားလိုက်၊ အဲဒီမှာ မင်း သူငယ်ချင်းတွေနဲ့ တွေ့ချင်တွေ့နိုင်မယ်”
ကာဂိတ်တွင်ကားစောင့်နေစဉ် ရုံးမှ ကိုထီး မှာလိုက်သော စကားကို ပြန်စဉ်းစားမိသည်။ မနက်ပိုင်း ရုံတက်၊ ကျောင်းတက်ချိန်မို့ ထင်သည်။ ကားဂိတ်တွင် လူတွေက ပြည့်သိပ်လျှက်။ ကားဂိတ် ပလက်ဖောင်းတလျှောက် ကျောင်းဝတ်စုံများနှင့်ကျောင်းသူကျောင်းသားများ၊ ရုံးဝန်ထမ်းများဖြင့်။ ကျောင်းဝတ်စုံများနှင့်ကျောင်းသူကျောင်းသားများကို မြင်တော့ ကျနော်ရင်ထဲ သိပ်မကောင်း။
“ငါလည်း ဒီအချိန် ပြည်တွင်းမှာ ကျောင်းတက်နေတုန်းပဲ ဖြစ်မယ်။”
ရုတ်တရက်ဝင်ရောက်လာသောအတွေးကိုဖြတ်ပြီ၊ ရှေ့သို့ဆိုက်ကပ်လာသော အမှတ် ၉၅ (အနီ) ကားပေါ်သို့ အရှေ့ပေါက်က အလုအယက်တက်လိုက်သည်။ ရှေ့တွင်လွတ်နေသော ထိုင်ခုံတွင် နေရာယူလိုက်သည်။ ဟိုတွေး ဒီတွေးငေးနေရာမှ ပတ်ဝန်ကျင်ကို လေ့လာလိုက်သည်။ မိမိဘေးတွင်ရုံးဝန်ထမ်းဝတ်စုံဖြင့် ရုံးဝန်ထမ်းတဦး မတ်တပ်ရပ်လျှက်။ ထိုင်ရာမှထပြီး နေရာပေးလိုက်သည်။ ကျေးဇူးတင်ကြောင်း ပြောသံကြာရသည်။ ၁၅ မှတ်တိုင်ခန့်ကျော်သွားပြီ၊ ကားပေါ်တွင်လည်း လူအတော်ရှင်းသွားပြီး။ ပြတင်းပေါက်ဘေး အရှေ့ဘယ်ခုံမှ ဆင်းသွားသော ခရီးသည်တဦးနေရာတွင် ၀င်ထိုင်လိုက်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ အရှေ့ဘက်ကားလမ်းတလျှောက် ကားတွေ အပြည့်အသိပ်။ ၆ လမ်းသွားကားလမ်းမဘေးတဘက်တချက်တွင် မြင့်မားလှပသော တိုက်ခန်းများ အစီအရီ။ တချို့နေရာတွင် ဆောက်လုပ်ဆဲ။ ရုံးလေးလမ်းဆုံသို့မရောက်တရောက်တွင် မီးပွိုင့်မိသည်။ ရှေ့ဆီတွင်ကားတွေက အပြည့်။ ရုံးလေးသို့ သွားရာလမ်းကို လှမ်းမြင်သည်။ အရှေ့ဘက်ခုံမှ ခရီးသည်အချို့ဆင်းနေသည်ကို မြင်ရ၍ ကားပေါ်မှ အတူလိုက်ဆင်းလိုက်ပြီး ပလက်ဖောင်းအတိုင်း လျှောက်ပြီး ဆူထိစံလမ်းထဲသို့ကွေ့ဝင်လိုက်သည်။
အရှေ့ကို ကြည်လိုက်သည်။ အဆောက်အဦးတခုရှေ့တွင် လူအများအပြားစုရုံးနေသည်ကို တွေ့လိုက်ရသည်။ တချို့လည်း ထိုင်လျှက်အနေအထားဖြင့် စကားဝိုင်ဖွဲ့လျှက်။ ထိုအဆောက်အဦးဆီသို့ဦးတည်လိုက်သည်။ ဘေးတဘက်တချက်စီသို့စူးစမ်းသည်။ မျက်နှာဟောင်းအများအပြားကို မှတ်မိသည်။ အဆောက်အဦးဝင်းအတွင်းသို့လှမ်းကြည့်သည်။ ၎င်းဝင်းအတွင်းတွင်လည်း လူ အပြည့်။ ညာလက်မောင်းတဘက်ကို လှမ်းဆွဲခံလိုက်ရသည်။
“ဟ့ကောင် - သားငယ်၊ မင်း သားငယ်မဟုတ်လား”
မျက်နှာတွင် ပျော်ရွှင်မှုကို မြင်ရသည်။
“ ဟာ - ၀ဏ္ဏ၊ မင်း ဒီရောက်နေတာလား”
နောက်၊ တယောက်ပြီး တယောက်၊ ရန်နိုင်၊ မောင်မောင်လတ် …။
“အေးကွာ - မင်းနဲ့တွေ့တာ အတော်ပဲ၊ ဒီနေ့ စတိုင်ပင် ထုတ်တယ်။ ငါတို့၊ တနေရာသွားကြမယ်”။
ရန်နိုင်က လှမ်းပြောသည်။ ပျော်ရွှင်မှုတွေ ကူးစက်ကုန်သည်။ မျက်နှာဟောင်းတချို့က လာနှုတ်ဆက်ကြသည်။ တချို့ကို မမှတ်မိတော့။ ရန်နိုင်က ရုံးလေး စာကြည့်တိုက်ဘေးသို့ ခေါ်သွားသည်။ လက်ထဲသို့ တစုံတခု လာထည့်ပေးသည်။ကြည့်လိုက်သည်။
“ ၅ ဗူးတဗူး” ရောက်တုန်းရောက်ခိုက် သောက်လိုက် ဟု ပြောသည်။ တရှိန်ထိုး မော့ချလိုက်သည်။ ဗူးအခွံကို အမိုက်ပုံးထဲ ပစ်လိုက်သည်။ အမှိုက်ပုံးတွင် အလားတူဗူးတချို့ကို လှမ်းမြင်သည်။ ၀ဏ္ဏတို့နှင့် ပြန်ပူးပေါင်းသည်။ ထို့နောက်ရှေ့ဟောင်းနှောင်းဖြစ်များ ပြောဖြစ်ကြသည်။
“မင်း - ဒီကိုလာတာ အပြီးလာတာလား၊” ၀ဏ္ဏက ပြောသည်။
“မဟုတ်ဘူး၊ အလည်လာတယ်။ တပတ်လောက်ကြာမယ်၊”
ကျနော့် စကားအဆုံးတွင် အားလုံးက ခေါင်းတညိတ်ညိတ်။
Posted by
nanda
at
1:11 AM
0
comments
Labels: အက်ဆေး/၀တ္ထုတို
Saturday, February 21, 2009
ဂမ်ဘာရီ တိုက်တွန်းချက် အန်အယ်ဒီ လက်မခံ
မဇ္စျိမ-နန်းဒေ၀ီ၊ ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၀၉
နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အားပေးရန် တိုက်တွန်းသည့် ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ကုလ လုပ်ငန်းစဉ်များကို စွက်ဖက်သည့် အသွင်ဆောင်ကြောင်း အတိုက်အခံပါတီ အန်အယ်ဒီက ယနေ့ ပြောဆိုလိုက်သည်။
မစ္စတာ ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ယမန်နေ့ ပူးတွဲကြေညာချက်တွင် "နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လက်ခံနိုင်ဖွယ် ပုံစံတခုဖြစ်အောင် ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မြန်မာအစိုးရကို အားပေးရန်" တိုက်တွန်းချက်သည် ကုလ လုပ်ငန်းစဉ်အပေါ် စွက်ဖက်သလို ဖြစ်သွားနိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
"အဲဒါ ဘာကြောင့် ထုတ်သလဲဆိုတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်ထားတဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လေးစား လိုက်နာရမယ် ဆိုတဲ့ မူနဲ့ မကိုက်ညီတဲ့အတွက် အထူး စိုးရိမ်မိတယ်။ သူ့အနေနဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို ၀င်ရောက် စွက်ဖက်သလို ဖြစ်သွားမယ်" ဟု ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး "ဂမ်ဘာရီရဲ့ ရပ်တည်ချက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တွေရဲ့အပြင် ရောက်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ သူတို့က အထွေထွေ ညီလာခံမှာ နိုင်ငံပေါင်းစုံတွေရဲ့ ဆုံးဖြတ်ချက်ခဲ့တဲ့ ဟာတွေနဲ့ မကိုက်ညီတဲ့အတွက် စိုးရိမ်မိတယ်လို့ ပြောတာပါ" ဟု ပြောသည်။
ကုလ ကိုယ်စားလှယ်သည် ၇ ကြိမ်မြောက် ခရီးစဉ်အဖြစ် မြန်မာပြည်သို့ ယခုလဆန်းပိုင်းက လာရောက်စဉ် အကျယ်ချုပ်ကျခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့နှင့် အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို မစ္စတာဂမ်ဘာရီက တိုက်တွန်းပေးပါရန် ပြောဆိုခဲ့သည်။
ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အန်အယ်ဒီက လက်မခံကြောင်းနှင့် အဆိုပါ ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် အကြံပြု ဆွေးနွေးခဲ့သည်။
မစ္စတာဂမ်ဘာရီက မည်သည့် အချက်သည် အဓိက ဦးစားပေးသနည်းဟု မေးမြန်းခဲ့ရာ အန်အယ်ဒီက နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အကုန်လွှတ်ပေးရေး ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ယမန်နေ့က အထူးကြေညာချက် နှစ်စောင်ကို အန်အယ်ဒီက ထုတ်ပြန်ရာတွင် မစ္စတာ ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီး၏ ပူးတွဲ ကြေညာချက်အပေါ် ယနေ့ ပြောဆိုချက်အတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်ကာ၊ နောက်တစောင်၌မူ မကြာမီ မြန်မာပြည်သို့ လာရောက်မည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်အပေါ် ပါတီအနေဖြင့် မည်သည့် ကြိုတင် ကန့်သတ်ထားခြင်းများ မရှိကြောင်း ပြောဆိုထားခြင်း ဖြစ်သည်။
"အန်အယ်ဒီက ကြိုတင် စည်းကမ်းချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရမယ် ဆိုတာတွေက မမှန်ဘူး။ ကျနော်တို့မှာ အဲလို ကြိုတင်စည်းကမ်းချက်လည်း မထားပါဘူး။ အဲဒီထဲမှာပဲ ခေါင်းဆောင် ၂ ဦး တိုက်ရိုက်တွေ့ဆုံရေး အတွက်လည်း ကြိုတင် စည်းကမ်းချက်လည်း မထားပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အထူး ကြေညာချက်များကို နိုင်ငံခြား သံရုံးတချို့နှင့် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရုံးများကို ပေးပို့ခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။
Posted by
soneseayar
at
2:57 PM
0
comments
Labels: သတင်း
မြန်မာခရီးစဉ် မစ္စတာဂမ်ဘာရီ အားမရ
ဗွီအိုအေ၊ ဖေဖော်ဝါရီလ ၂၁ ရက် ၂၀၀၉
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း (၅) ကြိမ်မြောက် မြန်မာနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲတခုမှာ အစီရင်ခံရာမှာ သူ့ရဲ့ ခရီးစဉ်အတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် ဖြစ်ထွန်းတိုးတက်မှုတွေ မရရှိခဲ့ဘူးလို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။ သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်း ရာမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တချို့က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေ ပြောဆိုခဲ့သလဲ ဆိုတာကို ဒေါ်လှလှသန်း က တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ အနေနဲ့ ဇန်န၀ါရီလ ၃၁ ရက်နေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ သူ သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာအောက်မှာ ကြိုးပမ်းရာမှာ တိုးတက်မှု မရရှိခဲ့ဘူးလို့ လုံခြုံရေးကောင်စီကို အစီရင်ခံခဲ့တယ်လို့ အခုလို သတင်းထောက်တွေကို သောကြာနေ့က ပြောခဲ့ပါတယ်။
“ကျနော့်အနေနဲ့ လုံခြုံရေးကောင်စီကို အစီရင်ခံရာမှာ ကျနော့်ခရီးစဉ်ရဲ့ ရလဒ်တွေမှာ လက်ဆုပ်လက်ကိုင်ပြနိုင်မယ့် တိုးတက်မှုတွေ မရှိခဲ့ဘူးလို့ အစီရင်ခံခဲ့ပါတယ်။ ဒါပေမယ်လို့ တချို့ အချက်တွေမှာတော့ လှုပ်ရှားမှုတွေ မြင်ရသယောင်တော့ ရှိပါတယ်။ အခုချိန်ဟာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးနဲ့ အစိုးရနဲ့ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ပါဝင်တဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့ သံန္နိဌာန် ခိုင်မာတယ် ဆိုတာကိုပြသဖို့ အချိန်ဖြစ်တယ်လို့ စစ်အစိုးရကို ကျနော် ပြောခဲ့ပါတယ်။”
မစ္စတာ ဂမ်ဘာရီရဲ့ ဒီတကြိမ် ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ တွေ့ဆုံခွင့်မရရှိခဲ့ပေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဲန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်တွေအပြင် အက်စ်အဲန်အယ်လ်ဒီ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တချို့အပြင် မြန်မာစစ်အစိုးရ ပြောခွင့်ရ ၀န်ကြီးအဖွဲ့နဲ့လည်း တွေ့ဆုံခွင့် ရခဲ့ပါတယ်။
အခုလို တွေ့ဆုံရာမှာ အုပ်စုအားလုံးတို့ရဲ့ တင်ပြချက်တွေကို သူ့အနေနဲ့ လုံခြုံရေး ကောင်စီထံကို အစီရင်ခံခဲ့တယ်လို့ မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရအတွက် အခုချိန်မှာ လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် အရေးယူဆောင်ရွက်မှုမျိုး ပြချိန်တန်ပြီလို့လည်း အကြံပေးခဲ့တဲ့အကြောင်း မစ္စတာ ဂမ်ဘာရီ က ပြောပါတယ်။
“ကျနော်တို့အနေနဲ့ အစိုးရကို ထောက်ပြခဲ့တယ်။ အခုချိန်ကစလို့ နောင်လာမယ့်လတွေအတွင်း မြန်မာစစ်အစိုးရဖက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုရော ထိပ်သီးညီလာခံကျင်းပဖို့ရှိတဲ့ အာဆီယံကိုရော ဧပြီလ ပထမ ပတ်မှာ အာဆီယံနဲ့ ကုလသမဂ္ဂအကြား ကျင်းပမယ့် ထိပ်သီးညီလာခံကိုရော မြန်မာနိုင်ငံအပေါ် ပေါ်လစီအသစ်ပြောင်းဖို့ လေ့လာသုံးသပ်နေတဲ့ အမေရိကန်အစိုးရကိုရော အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာ ပြသသင့်တဲ့ အချိန်ကောင်းဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။”
မြန်မာစစ်အစိုးရအနေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အကျဉ်းသား ၆,၀၀၀ ကျော် ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ မစ္စတာ ဂမ်ဘာရီ ကတော့ အခုလွှတ်ပေးမယ့် အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မယ့်အရေအတွက် ဘယ်လောက် ပါသလဲ ဆိုတာ အရေးကြီးတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဘ၀ကို စာနာတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ဂျိန် မောရစ် ရီပဲတ် (Jean – Maurice Ripert) ကတော့ မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အားရကျေနပ်ဖွယ် မတွေ့ရဘူးလို့ အခုလို ပြောခဲ့ပါတယ်။
“သူ့ရဲ့ အစီရင်ခံစာကတော့ အားရစရာ မကောင်းပါဘူးလို့ ၀မ်းနည်းစွာပဲ ပြောရမှာပါ။ သူ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ မတွေ့ခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာကတော့ မှန်ပါတယ်။ ဒါကတော့ အနည်းဆုံး ဒီလောက်တော့ ဖြစ်ရမှာပေါ့။ ဒါပေမယ်လို့ မြန်မာအာဏာပိုင်ထံက တကယ်စစ်မှန်တဲ့ တံခါးဖွင့်မယ့် အရိပ်လက္ခဏာမျိုး သူ မရရှိခဲ့ပါဘူး။ တခုခုတော့ လုပ်ပေးပါ့မယ် ဆိုတဲ့ မရေရာတဲ့ ဂတိသာ ရရှိခဲ့ပါတယ်။”
ဒါ့အပြင် ပြင်သစ်အပါအ၀င် အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီကို သုံးသပ်နေပြီး လိုအပ်ရင် လုံခြုံရေးကောင်စီမှာ တင်ပြမယ်လို့လည်း ပြင်သစ်သံအမတ်ကြီးက ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ရေးကို အခြေခံရပါမယ်။ ဒါပေမယ့် လာမယ့်ရက်တွေမှာ ဘာမှဖြစ်မလာဘူး ဆိုရင်တော့ လုံခြုံရေးကောင်စီအနေနဲ့ တာဝန်သိသိနဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်သလို ပြင်သစ်နိုင်ငံကလည်း လုပ်သင့်တာကို လုပ်ဆောင်သွားမှာပါ။ ဗြိတိန်သံအမတ်ကြီး ဂျွန် ဆောရက်စ် (John Sawers) ကတော့ သူ့အစိုးရအနေနဲ့ မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အားရကျေနပ်မှု မရှိဘူးလို့ အခုလို ပြောပါတယ်။
“ကျနော်တို့ အစိုးရအတွက် တကယ်ပဲ အလေးထားတဲ့ စိုးရိမ်မကင်းဖြစ်တဲ့ ကိစ္စရပ်တွေမှာ တိုးတက်မှုမရရှိတာကတော့ ၀မ်းနည်းစရာပါ။ အခြေအနေဟာ နောက်ပြန်ဆုတ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ၆၅ နှစ်လောက် အကျဉ်းထောင်ထဲ ချခံနေရတာကို မြင်တွေ့နေရပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့် မရှိတဲ့အတွက် အရေးယူခံကြရတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလကပဲ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို နယ်ထောင်တွေဆီ ပို့လိုက်ကြတယ်။ အခုဆို နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ရှိသွားပါပြီ။”
ဒါ့အပြင် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံ သွားရောက်ဖို့အချိန်ဟာလည်း အခုချိန် အချိန်ကောင်းဖြစ်တယ်လို့ မစ္စတာ ဆောရက်စ် က ပြောပါတယ်။ မစ္စတာ ဂမ်ဘာရီ စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ ကိစ္စရပ်တွေကို မစ္စတာ ဘန်ကီမွန်း သွားရောက်ရင် စွမ်းဆောင်ပေးနိုင်မယ့် အလားအလာရှိတယ်လို့လည်း သူက တင်ပြသွားပါတယ်။
လက်ရှိလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ဂျပန်သံအမတ်ကြီး ယူကီယို တာကာဆူ (Yukio TAkasu) ကတော့ ဂျပန်နိုင်ငံရဲ့ သဘောထားကို အခုလို တင်ပြသွားပါတယ်။
“ဂျပန်တို့ အမြင်ကတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒီမိုကရေစီ လမ်းပြမြေပုံကို ဖော်ဆောင်ဖို့ အဆင့် ၄ ဆင့် ရောက်နေပြီ။ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ကလည်း စီစဉ်ထားပြီးသား ဖြစ်တယ်။ ဒါကြောင့် ဂျပန်နိုင်ငံအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အုပ်စုအားလုံးတို့ ပါဝင်ခွင့်ရဖို့ မျှော်လင့်တယ်။ အတိုက်အခံ အင်အားစု အားလုံး ပါဝင်ရမယ်လို့လည်း မျှော်လင့်တယ်။” - လို့ ဂျပန် သံအမတ်ကြီးက ပြောသွားတာဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီ အနေနဲ့ကတော့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ရာမှာ တရုတ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့အပြီး မြန်မာအကြောင်း ဆွေးနွေးခဲ့ရာမှာတော့ ကုလသမဂ္ဂက တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို ထောက်ခံတဲ့အကြောင်း မြန်မာနိုင်ငံ တည်ငြိမ်ပြီး ဒီမိုကရေစီ ဖော်ဆောင်နိုင်မှာ မြန်မာနိုင်ငံအတွက်သာမက ဒေသတခုလုံးအတွက်ပါ အကျိုးရှိမှာဖြစ်တယ်လို့ တရုတ်က ရှုမြင်တဲ့အကြောင်း တရုတ်က သူ့ကို ပြောခဲ့တယ်လို့ မစ္စတာ ဂမ်ဘာရီ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Posted by
soneseayar
at
2:56 PM
0
comments
Labels: သတင်း
အကျဉ်းသား ၆,၀၀၀ ကျော် လွှတ်မည်
ဗွီအိုအေ၊ ဖေဖော်ဝါရီလ ၂၀ ရက် ၂၀၀၉
မြန်မာနိုင်ငံမှာ အကျဉ်းသား ၆,၀၀၀ ကျော် လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ က ကြေညာသွားပါတယ်။ လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မလား၊ ဘယ်နှစ်ယောက်လောက် ပါဝင်မလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လူသားချင်း စာနာထောက်ထားမှု အကြောင်းအချက်တွေရယ်၊ အကျဉ်းသားတွေရဲ့ မိသားစုတွေကို စာနာပြီးတော့ရယ် အစိုးရက စိတ်ကောင်းစေတနာ နဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ အစိုးရရဲ့ ည ၈ နာရီ ရုပ်မြင်သံကြားသတင်းမှာ ကြေညာသွားပါတယ်။
အကျဉ်းသားတွေကို မနက်ဖြန် စနေနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စလွှတ်ပေးမှာဖြစ်တယ်လို့ ကြေညာပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်သွားပြီး နောက်တရက်မှာပဲ အခုလို ကြေညာချက်ထွက်လာတာပါ။ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော၊ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ဆုံခွင့်မရခဲ့ပါဘူး။
နိုင်ငံရေးအကျဉ်းသားတွေကို တဖြည်းဖြည်း ပြန်လွှတ်ပေးဖို့ သူက အဆိုပြုတာကို မြန်မာပြည်ထဲရေး ၀န်ကြီးက စဉ်းစားမယ်လို့ ပြောခဲ့ကြောင်း မစ္စတာ ကင်တားနား က ပြောပါတယ်။
Posted by
soneseayar
at
2:55 PM
0
comments
Labels: သတင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြဿနာ အာဆီယံပဋိဥာဉ် အရ ကိုင်တွယ်မည်
ဗွီအိုအေ၊ ဖေဖော်ဝါရီလ ၂၀ ရက် ၂၀၀၉
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဒေသတွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးက စိုးရိမ်မကင်း ဖြစ်နေကြပြီး လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ပေးဖို့ဆိုတဲ့ အာဆီယံပဋိဥာဉ်စာတမ်း အခြေခံမူအရ မြန်မာ့အရေးကို ၀ိုင်းဝန်း တိုင်ပင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဒေသတွင်း ရိုက်ခတ်နေတဲ့ ရိုဟင်ဂျာ ပြဿနာကို ကိုင်တွယ်ရာမှာ အာဆီယံအသိုင်းအ၀ိုင်းအနေနဲ့ မဟုတ်ဘဲ လူလူချင်း ဒုက္ခရောက်နေသူတွေကို ကယ်တင်ကြဖို့ တာဝန်ရှိပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် (Dr. Surin Pitsuwan) ကပြောဆိုလိုက်ပါတယ်။ အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
မြန်မာပြည်တွင်းက လူ့အခွင့်အရေး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဒေသတွင်း လူထုလူတန်းစား အလွှာ အသီးသီးက စိုးရိမ်မကင်း ဖြစ်နေကြပြီးတော့ တကယ်စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်း ပေါ်ကို အမြန် ရောက်ရှိရေး မျှော်လင့်နေကြတယ် ဆိုတာကို အာဆီယံအသင်းကြီးအနေနဲ့ အသိအမှတ်ပြုတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
Dr Surin Pitsuwan.VOA Burmese
အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် (ဓါတ်ပုံ - ဗွီအိုအေ မြန်မာပိုင်း)
“အာဆီယံ ဒေသတ၀ှမ်းလုံးမှာရှိတဲ့ပြည်သူတွေက စိုးရိမ်မကင်းဖြစ်နေကြသလို အာဆီယံ လွှတ်တော်အမတ်တွေကလည်း စိုးရိမ်နေကြပါတယ်။ မီဒီယာသတင်းလောက ကနေလည်း မြန်မာ့အရေးကို စိုးရိမ်မကင်း ဖြစ်နေရတာတွေကို ထုတ်ဖော်ရေးသားနေတာ တွေ့ရပါတယ်။ အသိပညာရှင်တွေ အစိုးရမဟုတ်တဲ့ အဲန်ဂျီအိုအဖွဲ့တွေကလည်း အသံတွေ ကြားနေရတာပါ။ အခု အာဆီယံ ဟာ ခေတ်သစ်တခုကို ပြန်လည်ဆန်းးသစ်နေပြီဆိုတော့ အရှိန်အဟုန် မြှင့်ပြီးတော့ အာဆီယံ အသင်းသူအသင်းသားတွေကြားထဲမှာ စိုးရိမ်မကင်း ဖြစ်ရတာတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်ကြတော့မှာ ဖြစ်ပါတယ်။”
အသင်းဝင် ၁၀ နိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အာဆီယံ ပဋိဥာဉ်စာတမ်းပါ အာဆီယံပြည်သူတွေရဲ့ အခွင့်အရေးတွေကို အားလုံးလေ့လာဖို့ လိုပြီးတော့ အားလုံး တန်းတူ အသုံးချပိုင်ခွင့်ရှိတာမိုလို့ အရင်တုန်းကလို အာဆီယံဟာ သံတမန်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေကိုပဲ ကိုယ်စားပြုတဲ့အသင်း မဟုတ်တော့ဘဲနဲ့ ပြည်သူတွေကို အခြေခံတဲ့ ပြည်သူတွေအတွက် အာဆီယံအသင်းကြီး ဖြစ်ပါတယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒါကြောင့် မြန်မာ့အရေးကို စိုးရိမ်စိတ်နဲ့ တင်ပြ လာကြတယ်ဆိုရင် ပဋိဥာဉ်စာတမ်းနဲ့အညီ ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် က ပြောဆိုသွားပါတယ်။
“ဘာပြဿနာပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် အာဆီယံရဲ့ ပဋိဥာဉ်နဲ့အညီ ကိုင်တွယ်သွားမယ်။ ဘယ်ပြဿနာပဲဖြစ်ဖြစ် ပဋိဥာဉ်နဲ့ ကိုင်တွယ်ခြင်းဖြင့် တရားဝင်မှု ရှိမှာပါ။ အာဆီယံဝန်ကြီးတွေ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ဒီပဋိဥာဉ်ကို ကိုင်ပြီးတော့ ကိုယ့်ရဲ့ လုပ်ရပ်တွေကို သုံးသပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အရင်တုန်းကလို ဒေသတွင်း အသင်းရယ်လို့ မဟုတ်တော့ဘဲ လူထုစိုးရိမ်မကင်း ဖြစ်ရတာတွေကို တင်ပြလို့ ရကြမယ့် ဒေသတွင်း လူ့ဘောင် လူထုအသိုင်းအ၀ိုင်းကို ထူထောင်သွားကြမှာ ဖြစ်ပါတယ်။”
လူ့အခွင့်အရေးပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ရေးပဲ ဖြစ်ဖြစ်၊ အကုန်လုံးခြုံငုံလို့ရတဲ့ ဒီမိုကရေစီရေးပဲ ဖြစ်ဖြစ် ဒီပဋိဥာဉ်ကို အခြေခံပြီး ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒေသတွင်းမှာ ရိုက်ခတ်နေတဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အရေးနဲ့ ပတ်သတ်ပြီးလည်း အားလုံးအနေနဲ့ လူလူချင်း စာနာမှုနဲ့ ကူညီဖို့ ၀တ္တရားရှိတယ်လို့ ပြောပါတယ်။ ဒါဟာ ဘာသာရေး ပြဿနာကို ပြောနေတာမဟုတ်သလို ယဉ်ကျေးမှု ပြဿနာကို ပြောနေတာလည်း မဟုတ်ပါဘူး၊ စီးပွားရေး အကျပ်အတည်းကြောင့် ဆိုတာကိုလည်း ထည့်ပြောနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ထောင်နဲ့ချီတဲ့လူတွေ ပင်လယ်ထဲမျောနေကြတာ ပြဿနာပါပဲလို့ ဒေါက်တာ ဆူရင်း ပစ်ဆူဝမ် က ပြောပါတယ်။
“ဒီ ရိုဟင်ဂျာပြဿနာကို အာဆီယံအနေနဲ့ တာဝန်ယူရတဲ့သဘော မဟုတ်သလို ထိုင်းနိုင်ငံ အနေနဲ့သော်လည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံအနေနဲ့သော်လည်းကောင်း တာဝန်ယူဖို့မဟုတ်ဘဲနဲ့ လူသားတွေအနေနဲ့ တာဝန်ယူဖို့လို့ ပြောပါရစေ။ ဒုက္ခရောက်နေတဲ့သူတွေကို လူသားတွေရယ်လို့ စာနာစိတ်နဲ့ ကူညီကြဖို့ဟာ လူ့ဂုဏ်သိက္ခာနဲ့လည်း ညီပါတယ်။”
ရှေ့သီတင်းပတ်အတွင်းမှာ ကျင်းပတော့မယ့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ အကြိုအနေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးစိုက်ရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကနေ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ပစ်ဆူဝမ် က ဗွီဒီယို ကွန်ဖရင့်စ် နဲ့ လူထုကို ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
Posted by
soneseayar
at
2:53 PM
0
comments
Labels: သတင်း
UNA က ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ
မဇ္ဈိမ-ကိုဝိုင်း၊ ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၀၉
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာပြည်တွင်းရှိ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ - UNA က မြန်မာ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။
ဤသည်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအတွင်း မြန်မာပြည်ဆိုင်ရာ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီက မြန်မာပြည်နှင့် ပတ်သက်၍ တံခါးပိတ် အစီရင်ခံစာ တင်သွင်းသည့် အချိန်နှင့် တိုက်ဆိုင်စွာ ယခုလို ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။
"အဓိက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ UNA ရဲ့ stand ကို ဖော်ပြတာပါ။ ဒီနေ့ ယူအန် လုံခြုံရေးကောင်စီမှာ တံခါးပိတ် စည်းဝေးပွဲ လုပ်မယ်လေ။ ရွေးကောက်ပွဲဖြစ်ရင် ကျနော်တို့က ဝင်ပြိုင်မှာ မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား၊ ဟိုတုန်းက လုပ်ထားတာ မရှိဘူး၊ ကန့်ကွက်တယ်လို့ပဲ ပြောထားတာ။ ရွေးကောက်ပွဲ ဆိုတာမျိုးက အားလုံး ပြေလည်ပြီးတော့မှလေ။ အခုဟာက ထောင်ကျနေတဲ့ လူတွေလည်း မလွှတ်ဘူး။ ဘာမှ ဆွေးနွေးတိုင်ပင်တာလည်း မလုပ်ဘူး" ဟု UNA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇိုမီးအမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။
UNA ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသားလူမျိုးပါတီ ၁၂ ပါတီဖြင့် စတင်စုစည်းခဲ့သော်လည်း မြန်မာစစ်အစိုးရက ၁၀ ပါတီအား တရားမ၀င် ဖျက်သိမ်းပစ်ခဲ့ပြီး လက်ရှိအချိန်တွင် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့သာ အသိအမှတ် ပြုထားသည်။
ယနေ့ထုတ်ပြန်သည့် UNA ထုတ်ပြန်ချက်တွင်မူ ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ဘဲ နအဖ က တဖက်သတ် အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်တပ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ စုပေါင်းဖြေရှင်းမှသာ မြန်မာနိုင်ငံ၏ ပြဿနာများ ပြေလည်မည်ဟုလည်း ဆိုထားသည်။
မြန်မာနိုင်ငံ၏ ပြဿနာများအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် သတ်မှတ်ချက်များ မပါဘဲ အမြန်တွေ့ဆုံရန် မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် အန်အယ်ဒီ၏ အထူးကြေညာချက် အမှတ် ၂ ၏ တောင်းဆိုခဲ့မှုသည် UNA ၏ ထုတ်ပြန်ချက်နှင့် ကွဲလွဲမှု မရှိကြောင်းနှင့် အန်အယ်ဒီက ၂၀၀၈ ခု ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားမှုနှင့် ပတ်သက်၍လည်း ထောက်ခံကြောင်း UNA ထုတ်ပြန်ချက်ထဲတွင် ဆိုထားသည်။
ပူကျင့်ရှင်းထန်က "ကွဲလွဲမှု မဖြစ်ပါဘူး။ ဆွေးနွေးတယ်ဆိုတာက စုံစုံလင်လင်လည်း ဖြစ်တယ်။ ဒီမိုကရေစီ ဘက်တော်သား အားလုံးကို ဒေါ်စုလည်း ကိုယ်စားပြုနိုင်ပါတယ်။ ဒါက နိဂုံးချုပ်တာ မဟုတ်သေးဘူးပေါ့ဗျာ။ စစ်တပ်ကို ကိုယ်စားပြုဖို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်စားပြုနိုင်တယ်'' ဟု ဆိုသည်။
ဆက်လက်ပြီး ''ဒီနှစ်ယောက် ဆွေးနွေးပြီးရင် ရှေ့ဆက်ပြီး ဘာလုပ်မယ်ဆိုတာ လာဦးမယ်။ အဲဒီအခါကျ ကျနော်တို့ ပါရင် ပါဦးမယ်ဆိုတဲ့ အမြင်မျိုးနဲ့ ဒါကို ရပါတယ်ဆိုတဲ့ အမြင်မျိုး ပြောတာပါ။ သူတို့ နှစ်ယောက် ဆွေးနွေးရင်ဆိုတာ ကျနော်တို့ကို ပယ်ထားတာ မဟုတ်ပါဘူး။ အလုပ်ဖြစ်အောင် ပဏာမ အနေနဲ့ သူတို့ နှစ်ယောက် ဆွေးနွေးရင် တခါတည်း ဆုံးဖြတ်နိုင်အောင် ကျနော်တို့ ထောက်ခံတာပါ" ဟု သူက ပြောသည်။
ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း နအဖ ၏ မူဝါဒလမ်းစဉ် ၇ ရပ်နှင့် ၂၀၁၀ ခု ရွေးကောက်ပွဲအား မထောက်ခံရန်နှင့် နအဖ အပေါ် ထိရောက်သည့် လုပ်ဆောင်မှုများ၊ ဖိအားပေးမှုများ ဆောင်ရွက်ပေးရန်လည်း ထည့်သွင်း တောင်းဆိုထားသည်။
တိုင်းရင်းသားအဖွဲ့များတွင် UNA၊ အပစ်ရပ်၊ တောတွင်း လက်နက်ကိုင် စသည်ဖြင့် ကွဲပြားလျက်ရှိရာ တိုင်းရင်းသားအားလုံးကို UNA တခုတည်းနှင့် ကိုယ်စားပြုနိုင်ခြင်း မရှိသဖြင့် တိုင်းရင်းသားအားလုံး စုစည်း ဆွေးနွေးရမည်ဟုလည်း ပူကျင့်ရှင်းထန်က ပြောဆိုသည်။
Posted by
soneseayar
at
2:51 PM
0
comments
Labels: သတင်း
ကုလနှင့် ဂျပန်သဘောထား အဖွဲ့ချုပ် လက်မခံ
ဧရာဝတီ-အေးလဲ့၊ ဖေဖော်ဝါရီလ ၂၀ ရက် ၂၀၀၉
လာမည့် နှစ်အတွင်း မြန်မာပြည်တွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် စစ်အစိုးရအား တိုက်တွန်းရန် ကုလသမဂ္ဂနှင့် ဂျပန်နိုင်ငံတို့ သဘောတူညီ ခဲ့ကြခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်မခံကြောင်း ပြောကြားလိုက်သည်။
ကမ္ဘာ့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်မှာ အထူး စိုးရိမ်ဖွယ်ဖြစ်သည်ဟု အဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုသည်။
“(သူတို့ရဲ့ ပူးတွဲ ကြေညာချက်ဟာ) အထွေထွေ ညီလာခံက အစဉ်အဆက် ချထားခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရေး ဆိုတာနဲ့ မကိုက်ညီဘူး။ ဒါ စိုးရိမ်ဖွယ်ရာဖြစ်တယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အဖွဲ့ချုပ်က ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံ လာရောက်စဉ်က အဖွဲ့ချုပ်က ပြုလုပ်ခဲ့သည့် တောင်းဆိုချက်များကို ဖော်ပြထားသည်။
ထို တောင်းဆိုချက်များတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ရန်၊ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး နိုင်ငံရေး ပြဿနာများကို ဆွေးနွေးရန်၊ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ရန် စသည့် အချက်များ ပါဝင်သည်။
အလားတူပင် UNA ဟု ခေါ်သည့် ရန်ကုန်အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ကလည်း ယနေ့ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ပြီး ဆွေးနွေးရေးကို ထပ်မံ တောင်းဆိုလိုက်သည်။
လာမည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း၊ ၂၀၀၈ အခြေခံ ဥပဒေ ဆိုသည်မှာလည်း စစ်အစိုးရစိတ်ကြိုက် ရွေးထားသည့် လူတစုကသာ ရေးဆွဲထားခြင်း ဖြစ်ကြောင်း စသည်တို့ကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
စစ်အစိုးရ၏ အာဘော်ဖြစ်သည့် မြန်မာ့အလင်း သတင်းစာတွင် အဆိုပါ အခြေခံဥပဒေမှာ ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်က ထောက်ခံ အတည်ပြုထားခြင်း ဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ရေးသားထားသည်။
ဤအတောအတွင်း မြန်မာပြည်တွင် ရောက်နေသော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးသူ မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာက ၎င်း၏ ၆ရက်ကြာ ခရီးစဉ်ကို ယမန်နေ့က အဆုံးသတ်ခဲ့သည်။ လေယာဉ်ပေါ် မတက်မီ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်ပြောင်းလဲမှု မရှိဟု ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဟာ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာပြီ ဆိုတာကို ပြောဖို့တော့ ခက်ခဲနေပါတယ်” ဟု မစ္စတာ ကင်တာနာက ပြောဆိုသွားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့် ပတ်သက်ပြီး ယနေ့ တံခါးပိတ် အစည်းအဝေး ကျင်းပကြောင်းလည်း သိရသည်။
Posted by
soneseayar
at
2:50 PM
0
comments
Labels: သတင်း
နေဘုန်းလတ်ကို ထောင်ဒဏ် လျှော့
ဧရာဝတီ-ကိုစိုး၊ ဖေဖော်ဝါရီလ ၂၀ ရက် ၂၀၀၉
စစ်အစိုးရက ထောင်ဒဏ် နှစ်ရှည် ချမှတ်ထားသော လူငယ်ဘလော့ဂါ ကိုကို ယနေ့တွင် ထောင်ဒဏ် ၈ နှစ်ခွဲ လျှော့လိုက်ကြောင်း မိသားစုဝင် တဦးက ပြောသည်။
အဆိုပါ ကိုနေဘုန်းလတ်ကို ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လချမှတ်ထားရာမှ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချလိုက်ခြင်း ဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက ပြောသည်။
“၈ နှစ်ခွဲ လျှော့လိုက်ပါတယ်၊ ၃၂(ခ)၃၆ ဗီဒီယို အက် က ၃ နှစ်ခွဲချထားတာကို ၆ လလျှော့လိုက်တယ်၊ အီလက် ထရွန်နစ် ပုဒ်မ တခုအတွက်ကို ၈ နှစ် လျှော့လိုက်တယ်၊ သားကတော့ ဘားအံထောင်မှာပဲ”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
အသက်(၂၈)နှစ်ရှိ ကိုနေဘုန်းလတ်(ခေါ်)ကိုနေမျိုးကျော်ကို ၂၀၀၈ ခု နိုဝင်ဘာလ ၁၀ ရက်တွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင်လူငယ်တဦးဖြစ်သည့် ယင်း ကိုနေဘုန်းလတ်အား ၂၀၀၈ ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းတွင် စစ်အာဏာပိုင်များက မည်သည့်အကြောင်းပြချက်မှမပေးဘဲ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဒေါ်အေးအေးသန်းကမူ ယခုကဲ့သို့ထောင်သက်တမ်းလျှော့ပေးခြင်းကို ၀မ်းသာသော်လည်း မည်သည့်ပြစ်မှုမှကျူး လွန်ခြင်းမရှိသည့်အတွက် ကိုနေဘုန်းလတ်အား ပြစ်ဒဏ်မှကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း ပြောသည်။
“အီလက်ထရွန်နစ်နဲ့ပတ်သက်ပြီးတော့ ထောင်ချထားတယ် ဆိုတာကလည်း သားက ဘာမှ ကျူးလွန်မှုမှလည်း မရှိဘဲနဲ့ချထားတာ၊ ၈ နှစ် လျှော့တယ်ဆိုတာက အန်တီတို့ အနေနဲ့ ဒါကိုဝမ်းတော့သာတာပေါ့၊ ဒါပေမယ့် အပြည့် အ၀ ၀မ်းမသာနိုင်ဘူး၊ အန်တီ့အနေနဲ့ကတော့ ကွင်းလုံးကျွတ်ပဲ လွတ်စေချင်တာပေါ့၊ သူကျူးလွန်ထားတဲ့ ပြစ်မှုမှ မဟုတ်တာ ၊ သက်သက် အမှုဆင်ထားတဲ့ ကိစ္စ”ဟု ဒေါ်အေးအေးသန်း က ပြောသည်။
လွန်ခဲ့သည့် ၂ ရက် ခန့်ကလည်း နိုင်ငံရေး အကျဉ်းသားများဖြစ်သော အန်အယ်လ်ဒီ လူငယ် ခေါင်းဆောင် တဦး ဖြစ်သူ ကိုသိန်းဆွေနှင့် ကိုရဲမြတ်ဟိန်းတို့ကို ထောင်ဒဏ်၂ နှစ်ခွဲစီ လျှော့ချပေးလိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်း၏ ပြောပြချက်အရ သိရသည်။
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသော လူရွှင်တော် ဇာဂနာ၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်နှင့် ကိုတင်မောင်အေးတို့ကိုလည်း ဖောဖော်ဝါရီ ၁၃ ရက်နေ့က ထောင်ဒဏ်များ လျှော့ချပေး လိုက် ကြောင်း မိသားစုဝင်များကပြောသည်။
ထောင်ဒဏ် ၅၉ နှစ် ချမှတ်ထားပြီး မြစ်ကြီးနားထောင်တွင်ထားရှိသော ကိုဇာဂနာကို အီလက်ထရွန်နစ်အမှု တမှု လျှင် ၈ နှစ်ဖြင့် ၃ မှုအတွက် ထောင်ဒဏ် ၂၄ နှစ် လျှော့ပေးလိုက်သည်ဟု ဆိုသည်။
တခြားသော ထောင်ဒဏ် ၁၉ နှစ် ချမှတ်ထားသည့် ကိုဇော်သက်ထွေးကိုမူ အီလက်ထရွန်နစ်မှု ၁ မှု အတွက် ထောင် ဒဏ် ၈ နှစ် လျှော့ပေးလိုက်ပြီး ထောင်ဒဏ် ၁၈ နှစ် ချမှတ်ထားသော ကိုသန့်ဇင်အောင်ကို အီလက် ထရွန်နစ်မှု ၁ မှုအတွက် ၈ နှစ်လျှော့ပေးလိုက်ကြောင်းနှင့် ထောင်ဒဏ်၂၉ နှစ် ချမှတ်ထားသော ကိုတင်မောင် အေး ကို အီလက်ထရွန်နစ်မှု ၁ မှုအတွက် ၈ နှစ်အပါအ၀င် တရားမ၀င် စာရွက်စာတန်းအမှု ၇ နှစ် ပေါင်း ၁၅ နှစ် လျှော့ပေးလိုက်ကြောင်းလည်း သိရသည်။
စစ်အစိုးရက ယခုကဲ့သို့ ထောင်ဒဏ်များလျှော့ပေးခြင်းသည် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံသို့ လူ့အခွင့်အရေး အခြေအနေများ စုံစမ်းရန် လာရောက်သော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာ ၏ ခရီးစဉ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား အသိုင်း အ၀န်းက ယူဆနေကြသည်။
သို့သော် အန်အယ်လ်ဒီ နှင့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့ကမူ ယင်းသို့ ထောင်ဒဏ်များ လျှော့ချရန်အတွက် မစ္စတာ ကင်တာနာ၏ ခရီးစဉ်က မည်သို့မျှ စွမ်းဆောင်နိုင်မည်ဟု မထင်မြင်ကြောင်းပြောဆိုထားသည်။
AAPP ၏ ထုတ်ပြန်ချက်အရ နိုင်ငံတ၀န်းရှိ စစ်အစိုးရ အကျဉ်းထောင်များအတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူပေါင်း ၂၁၃၇ ဦးရှိကြောင်း သိရသည်။
ယမန်နေ့က မစ္စတာ ကင်တာနာသည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုမရှိကြောင်းပြောခဲ့သည်။
“မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဟာ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာပြီဆိုတာကို ပြောဖို့ ခက်ခဲနေပါတယ်”ဟု မစ္စတာ ကင်တာနာက သတင်းထောက်များကို ပြောဆို သွားသည်။
မစ္စတာ ကင်တာနာသည် ၎င်း၏ ၆ ရက်တာ ခရီးစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များစွာဖြစ်ပေါ်နေသည် ဟု သတင်း များထွက်ပေါ်နေသော ကရင်ပြည်နယ်သို့သွားရောက်၍ ဘုရားကုန်းနယ်မြေရှိ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA Peace council) နှင့် တွေ့ဆုံခဲ့ပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)အဖွဲ့နှင့်လည်း တွေ့ဆုံ ခဲ့သည်။
ထို့အပြင် မစ္စတာ ကင်တာနာသည် အင်းစိန်ထောင်သို့ သွားရောက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်အမတ်များဖြစ်သော ဒေါက်တာတင်မင်းထွဋ်၊ ဦးညီပု၊ ကျန်းမာရေး ဆိုးဝါးနေပြီး အင်းစိန် ထောင် ဆေးရုံတွင် ရောက်ရှိနေသော ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၊ နိုင်ငံရေး အမှုလိုက် ရှေ့နေ ကိုညီညီထွေးနှင့် ဒေါ်ပုံနမီ ခေါ် ဒေါ်မြညွန့်တို့ကိုလည်းတွေ့ဆုံခဲ့သည်။
မစ္စတာ ကင်တာနာက မြန်မာစစ်အစိုးရအား ၂၀၁၀ ရွေူးကောက်ပွဲ မတိုင်မီ တရားဥပဒေ စိုးမိုးရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် လူ့အခွင့်အရေး ပြဌာန်းချက်များ ပါမပါ သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး ရန်၊ စစ်တပ်အတွင်း လူ့အခွင့်အရေး နားလည် ကျင့်သုံးရန် စသည့် အခြေခံ လူ့အခွင့်အရေး ဆိုင်ရာ အချက် ၄ ချက်ကို အကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းထားသည်။
အာဂျင်တီးနားလူမျိုး လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ် မေလမှ စတင် ၍ ယခင်ကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲယိုး၏ တာဝန်ကို လွှဲပြောင်းထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် သြဂုတ်လ ခရီးစဉ်အပါအ၀င် ယခုတကြိမ်နှင့်ဆိုပါလျှင် မြန်မာနိုင်ငံသို့ လာရောက်သည်မှာ၂ ကြိမ် ရှိပြီဖြစ်သည်။
Posted by
soneseayar
at
2:48 PM
0
comments
Labels: သတင်း

.jpg)
