သုအိုင်စံ
ငယ်ငယ်ကမြန်မာပြည်မြေပုံဆွဲရင် သံလွင်မြစ်ကို နယ်စပ်မျဉ်းပေါ် တနေရာကပ်ဆွဲရတာမှတ်မိလား။ သံလွင်နဲ့သောင်ရင်း ဆုံခါနီးနေရာလေး။ အဲဒီနားမှာ ကျေကွဲစရာ ရှုခင်းတစ်ခုရှိတယ်။ သံလွင်မြစ်လယ်ကနေ ထိုင်းဘက်ကိုကြည့်လိုက်ရင် ကျွန်းပင်ပေါက်လေးတွေ စနစ်တကျပြန်စိုက်ထားတယ်။ ကျနော်တို့နိုင်ငံဘက်ကိုကြည့်ရင် တောင်ယာစိုက်ဖို့ ရှို့ထားတဲ့မီးလောင်မြေနဲ့ တောင်ကတုံး။ ရှုခင်း၂ခု ဟာမျက်နှာချင်းဆိုင်တည့်တည့်ကြီး။ local tribes က သူဒီမှာပဲမွေးလို့ တောင်ယာခုတ်စားတာထားတော့၊ ကျွန်းပင်ခုတ်ရောင်းပြီး ကွန်းပင်ပြန်မစိုက်ရင် ဒေါနကြီး ကန္တရဖြစ်သွားမှာပေါ့။ ကျနော်တို့ သူပုန်တွေ ပြည်တွင်းစစ်နဲ့အလုပ်ရှုပ်နေကြတယ်လို့ ဆင်ခြေပေးမလား။ တခုခုမှားနေတယ်။ ကျနော် သံလွင်စခန်းနဲ့ မာနယ်ပလောကို စက်လှေနဲ့သွားဖြစ်တိုင်း ဟိုဘက်ငေးလိုက် ဒီဘက်ငေးလိုက် ကိုယ့်တိုင်းပြည်အတွက်စိတ်ထိခိုက်ရတယ်။
အင်္ဂလိပ်ကအနှစ်တရာလောက် ကဲ့ထုတ်သွားတယ်။ ဦးနေ၀င်းက၂၆ နှစ်ကျော် လောင်းကစားလုပ်ပစ်လိုက်တယ်။ အခုစစ်ဗိုလ်ချုပ်တွေက အနှစ် ၂၀လောက် ၀ိုင်းဖဲ့ ကုတ်ပြီးပြီ။ ကျနော်တို့ သူပုန်တွေက ကိုယ့်ကိုယ်ကိုယ် အငတ်ခံပြီး စစ်မှာဖြုန်းတယ်။ တတိုင်းပြည်လုံး အငွေ.လည်းမရှိတော့ဘူး။ အရည်လည်းမရှိတော့ဘူး။ အခဲလည်းမရှိတော့ဘူး။ အခု ကောက်ပင်တွေပါ အသီးမသီး ချင်တော့ဘူး။ သမိုင်းကိုပြန်ကြည့်တော့လည်း လူလိုသူလိုနေခဲ့ရတဲ့ နှစ်ကာလတွေကိုမတွေ.ရဘူး။ မတော်တဆရတဲ့လူ့ဘ၀လေးမှာ လူရုပ်သူရုပ်ပေါက်အောင် မနေချင်ကြဘူးလား ဟင်? တရုပ်တွေက သူတို့ကောင်းကင်မှာ မိုးအတု တွေရွာခိုင်းတာ အကြိမ်တထောင်ကျော်ပြီ ACID RAIN တွေရွာတဲ့အခါ ကိုယ့်တိုင်းပြည်လည်းမလွတ်ဘူး။ သူ့ MAIN INDUSTRIAL ZONE က ကိုယ့်နယ်စပ်မှာ။ အခုလည်း သုတေသီတွေက မြန်မာပြည် အလယ်ကြော ဟက်တက်ကွဲမယ်ဟောထားပြန်တယ်။ နာဂစ် ဘော်ဒါတွေထပ်လာသောင်းကျန်းမှာကိုလည်း ပြင်ထားရမယ်။ တကယ်လို့ စပါးစိုက်စားလို့မရရင် ဘယ်လို turning point ကိုသွားမလဲ back up philosophy လုပ်ထားရမယ်။ ကျနော်တို့က အာဏာရှင်ကိုလည်းပြုတ်ရဦးမယ် တိုင်းပြည်ကိုလည်း ပြန်ဆွဲတင်ရဦးမယ် DUAL DUTIES ကတပြိုင်တည်း လုပ်ရမှာ။ ကိုယ့်ခေတ် မှာပြီးအောင်မလုပ်ပဲ ကိုယ့်မျိုးဆက်ထဲ ကိုယ့်ဒုက္ခတွေ
သွားသွန်ချနေရင် ဘုမသိဘမသိ ခလေးတွေနစ်နာတယ်။ သွယ်ဝိုက်နည်းနဲ့ လူသားချင်း မစာနာရာလည်းဖြစ်တယ်။ အောက်က ဘာအနုပညာမှမပါ ဘာအတတ်ပညာမှမပါတဲ့ ကဗျာလေးတွေကို ကျနော် တိုင်းပြည်ချစ်စိတ်နဲ့ပဲရေးတယ်။ ခင်ဗျားတို့လည်း တိုင်းပြည်ချစ်စိတ်နဲ့ပဲ ဖတ်ပြီး စရေးကြတော့။
မစားဘူးသေးတဲ့တရား
ဟောင်းနေတဲ့တောင်ကုန်းတွေပေါ်
ဟောင်းနေတဲ့ပြည်တွင်းစစ်ကြီးဟာလန်းဆန်းစိမ်းညို့
ဟောင်နံနေသော သေပန်း သေသီးတို့သာ အထွက်တိုးခဲ့တယ်။
ပဋိပက္ခတွေက လူစကားမတတ်တာလား
ပဋိပက္ခွဟာ လူဖန်တီးတဲ့စက်ရုပ်လား
ကိုယ်အတတ်ကိုယ်စူးခဲ့တဲ့ လူတို့ရဲ့ရာစုနှစ်တွေ။
ဘာအတွက်မှမငဲ့ညှာရင်နေပါ
မနက်ဖြန်ဆိုတဲ့နေ့တစ်နေ့အတွက်
မနက်ဖြန်ဆိုတဲ့ခလေးတစ်ယောက်အတွက်
ဘာလုပ်ပေးခဲ့ကြမှာလဲ။
တရားမျှတမှုကိုလိုရင်
တရားမျှတစွာကျင့်ကြံရမှပဲ
အမှားကိုအမှားနဲ့သတ်ရင်
အမှားပဲမွေးလာမှာပဲ
အမှား၊အမုန်း၊အတိတ်ကို
အများသုံးရိက္ခာမလုပ်နဲ့တော့။
အခုခင်ဗျားကို ကျနော်မေးနေတုန်း
ကျနော့်ကိုယ်ကျနော်ပြန်မေးမိရဲ့
မဖြေချင်ဘူးဗျာ
ကျုပ်တို့ဆက်သင်ရဦးမယ်။ ဒါပဲ။ ။
ကြီးမိုက်များရဲ့ညီမျှခြင်း
ငါကလည်းငါ့ခလေးတွေကိုချစ်တယ်
မင်းကလည်းမင့်ခလေးတွေကိုချစ်တယ်
ငါကမင်းကိုပစ်သတ်ရမဲ့တာဝန်ရှိတယ်
မင်းကလည်းငါ့ကိုပစ်သတ်ရမဲ့တာဝန်ရှိတယ်
ငါ့သေနတ်ပြောင်းဝမှာမင်း
မင်းရင်ထဲမှာမင့်ခလေးတွေ
မင်းသေနတ်ပြောင်းဝမှာငါ
ငါ့ရင်ထဲမှာငါ့ခလေးတွေ
အမုန်းဆန်တဲ့ကျည်ဆန်တွေနဲ့ပစ်ခတ်မဲ့အစား
အပြုံးဆန်တဲ့အသိဥာဏ်တွေနဲ့တီးခတ်ရအောင်လား
ငါတို့ငြိမ်းချမ်ရေးကျည်ဘောက်ကိုဖြည့်လိုက်ပါ
ခလေးတွေကိုငါတို့မောင်းထုတ်လို့မရဘူး
ခလေးတွေကငါတို့ကိုမောင်းထုတ်သွားလိမ့်မယ်။ ။
ကင်ဆာ
နှင်းရိုင်းများ
သချိုင်းသွားခဲ့။
မိုးပေါက်များ
တန်ခိုးပျောက်သွားခဲ့။
ရွက်ကြွေများ
အသက်သေသွားခဲ့။
နှစ်တွေပိုတိုးလာခဲ့
စစ်တွေပိုဆိုးလာခဲ့
မြန်မာပြည်ဘယ်ဆီလဲဟဲ့။ ။
မြန်မာစာနဲ့ရေးတဲ့ဝတ္ထု
အုပ်ချုပ်သူဆိုတဲ့လက်က
လူထုဆိုတဲ့ဘောပင်ကိုကိုင်ပြီး
တိုင်းပြည်ဆိုတဲ့ဝတ္ထုကိုရေးတယ်
ရေးရင်းခြစ်ရင်းမှားရင်းပြင်ရင်း
ဘောပင်နဲ့ခေတ် ကုန်ခြင်းတွေသာကျော်ကြားခဲ့
ဘယ်လိုမှဖတ်မရတဲ့စာအုပ်ပဲ
အတ္တထဲပရဟိတဟောင်းလောင်း
ပရဟိတထဲဖြစ်သင့်မှုတွေဟောင်းလောင်း
စာသင်ကျောင်းထဲပညာရေးဟောင်းလောင်း
ပညာရေးထဲမျိုးဆက်ဟောင်းလောင်း
မျိုးဆက်ထဲအနာဂါတ်ဟောင်းလောင်း
ဆွဲဆုတ်မှာလား ပြင်ဆင်မှာလား
ရပ်ကြည့်မှာလား ကျောခိုင်းမှာလား
ကိုယ့်ကိုယ်ကိုယ်ကိုင်ပြီးရေးမှဖြစ်မဲ့ဝတ္ထုထဲမှာ
ခင်ဗျားဟာ
ပိုပြီးကြိုးစားရမဲ့ဘောပင်တစ်ချောင်းပေါ့ဗျာ။ ။
သုအိုင်စံ
Tuesday, April 28, 2009
မှင်မထွက်တဲ့ဘောပင်တွေလား
Posted by
nanda
at
7:32 PM
0
comments
Labels: ကဗျာ
Sunday, April 26, 2009
လှေကားလေး
သုအိုက်စံ
အခုကျနော်ပြောမဲ့ လှေကားလေးဆိုတာ ဒီဓါတ်ပုံ ဘယ်ထောင့်က လမ်းလေးပါ။ အပေါ်တည့်တည့်မှာ ဗဟိုရုံး။ ဒီလမ်းလေးဟာ ရဲဘော်တိုင်း
တက်သွားတက်လာလုပ်ခဲ့ဖူးတယ်။ ဘေးကအလံတိုင်ထိပ်မှာ ခွပ်ဒေါင်းအလံတော်ဟာ တလူလူလွင့်နေတယ်။ တခါက ၀န်ကြီးချုပ် ဥပဓိရုပ်နဲ့ ရဲဘော်တစ်ဦး တက်လာတယ်။ သူဟာ ကဗျာဆရာ ယောဟန်အောင်။ အဖွဲ့အစည်းအတွက် ပေါ်လစီရေးရာတွေမှာ အတော်အားကိုးရတဲ့ရဲဘော်။ တခါက စာအရမ်း ရေးကောင်းတဲ့ ကိုဌေးအောင် တက်လာတယ်။ သူရေးတဲ့ စာဟာ ရိုးရိုးရသစာပေ မဟုတ်ဘူး။ တော်လှန်တဲ့ရသစာပေ။ ခင်ဗျားတို့ မယုံရင် အခု naytthit.com မှာ (ရွက်ဟောင်းကျွေချိန်) ဆိုတဲ့ ၀တ္ထုသွားဖတ်ကြည့်ပါ။ သူ့မှာ တော်လှန်ရေးကို ဘယ်လို ADVANCED ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ဦးနှောက်ရှိတယ်။ ဗဟိုရုံးမှာ ကဗျာရေးကြတဲ့ ဇော်နောင်(ပအို့မြေ) နဲ့ခင်မောင်ဆွေ(မော်ကဲ) နေတယ်။ ဂစ်တာတီးကောင်းတဲ့ ကိုကျော်ကျော်လည်းနေတယ်။ ကြားဖူးတာ ငြိမ်းချမ်းရေးတိုက်ပွဲ ထဲက (သမိုင်းရဲ့လက်များ) ဆိုတဲ့ သီချင်းကို သူရေးတာတဲ့ (မဟုတ်ရင်ပြင်ပေးကြ)။ တခါက ရဲဘော် ဆလိုင်းကိုကိုဦး ဒေါသတွေနဲ့တယ်လာတယ်။ ဘာလို့ဆို ကျနော်တို့ခေါင်းဆောင်တွေကြားမှာက အမြဲပြဿနာတွေရှိနေတတ်တယ်။ တခါက (ငါလွပ်လပ်နေတယ်) ဆိုတဲ့ ကဗျာကိုရေးတဲ့ ရဲဘော် အောင်နိုင်ဦးတက်လာတယ်။ တခါက (ခေတ်သစ်ကောင်းကင်ပျံမည့်ငှက်များ) ကဗျာရှည်ကိုရေးတဲ့ ရဲမေ မိဆူးပွင့် တက်လာတယ်။ (မေမေရေ သားလှလှပပ ဖျားပေါ့) ၀တ္ထုကိုရေးတဲ့ ပွင့်သစ်(ကရိန်ကန်) တက်လာတယ်။ ဒီဓါတ်ပုံ ညာအောက်ထောင့်က နိုင်/စည်းဘားတိုက်မှာ ၀တ္ထုရေးတဲ့ ထိုက်သူနိုင်ရှိတယ်။ အစောပိုင်း ဒေါင်းအိုးဝေ တွေမှာ အရိုင်းဏီ ကလောင်နဲ့ရေးတဲ့ ရဲဘော်တို့တဲမှာ စာရေးတဲ့ ဆရာဂါမဏိ နဲ့ စစ်မင်း(ဧရာ)ရှိတယ်။
ဒီကွင်းပြင်ငယ်လေးဟာ ကျနော်တို့ နေ့တိုင်း တန်းစီ အလံတင် အလံချလုပ်နေကြ။ ညညတွေမှာ ဂစ်တာတီးတယ်။ လူကြီးတစ်ယောက် မြို့ကပြန်လာရင် အဲဒီကပဲ ပျောက်ကြားစောင့်ပစ်ရတယ်။ ပျောက်ကြားပစ်တယ်ဆိုတာ အခမဲ့ ကော်ဖီ လိုက်ကပ်သောက်တာကိုပြောတာ။ တစ်ညမှာ မီးပုံပွဲ လုပ်တယ်။ ကျနော်တို့ အားလုံးရယ် အခုမှ ရောက်လာတဲ့ဝန်ကြီးတွေရယ် လူမျိုးစုခေါင်းဆောင်တချို့ရယ် အလွတ်သဘောတွေ့ဆုံဆွေးနွေး မေး ဖြေ ကြတယ်။
ကျနော်တို့ထဲက ရဲဘော်တစ်ဦးက ထမေးတဲ့မေးခွန်းတွေကို ဘယ်ခေါင်းဆောင်မှမဖြေသလို မဖြေလည်း မဖြေတတ်ကြပါဘူး။ နောက်ပိုင်းမှ သိတာ သူဟာ ကျနော် အခုထိတောင် ရွတ်ရွတ်နေလေ့ရှိတဲ့ ကဗျာတွေကိုရေးတဲ့ ကဗျာဆရာဖြစ်တယ်။ အခုတော့ သူက မြန်မာစာပေလောက မှာတော်တော်အရးပါတဲ့ စာရေးဆရာ ဖြစ်နေပြီ။ ဒါတွေကို ကျနော်ဘာလို့လိုက်ရေးနေလဲ? ကျနော်တို့ဟာ သမိုင်းရဲ့လှေကားထစ်တွေပဲ။ ဘယ်သူတွေတက်နင်းခရီးဆက်သွားခဲ့လဲ? ပြည်သူတွေကောဟုတ်ရဲ့လား? ကျနော် လုပ်ထားတဲ့လမ်းကို ဖတ်ကြည့်ကြပါဦး။ THANK YOU!!!
Posted by
nanda
at
11:39 PM
0
comments
Labels: ကဗျာ
Saturday, April 25, 2009
ဒီရေကိုဆန်တက် ရင်ကော့လျှက်ချီမည်
သုအိုင်စံ
အပေါ်က post ခေါင်းစဉ်လေးကို ဟိုးအရင်က ABSDF ဗဟို လောကွားလူကုန်းမှာရှိတဲ့ စစ်ရုံးမှာ ကျနော်မြင်ဖူးခဲ့တာ။ ဘယ်သူရေးခဲ့တာလဲမသိဘူး။
အဲဒီမှာ ကွန်မြူနစ် ကြောင် ကြောင်နေတဲ့ရဲဘော်တစ်ယောက်လည်းရှိတယ်။ နောင်နှစ်တွေမှာ ဗျတ္တ အမည်နဲ့ ဒေါင်းအိုးဝေမှာ ကဗျာတွေရေးလာတဲ့
ရဲဘော်လည်းရှိတယ်။ တာကြီး လည်းရှိတယ်။ တာကြီးကို ၈၈ ဒီဇင်ဘာ အူးသုထ စခန်းမှာ ပထမဆုံးအကြိမ် စတွေ့ဘူးတာ။ တာကြီးက ကျနော့်ထက် ၃ နှစ်ကျော်ငယ်မယ်ထင်တယ် ၁၃ နှစ်လောက်ပဲရှိသေးတယ်။ နောက်...ကျနော်က မယ်လ၊ မော်ဖိုးကေ ခံစစ်တွေမှာလိုက်တိုက် ပြီးတော့ ကေအင်ယူရဲ့ တိုက်ပွဲအကြမ်းဆုံး နယ်မြေဖြစ်တဲ့ တပ်မဟာ ၁ နယ်မြေမှာ စစ်ကြောင်းတွေနဲ့မျောပါ။ ၂ နှစ်ကျော်ကြာတယ်။ တာကြီးကို စစ်ရုံးမှာပြန်တွေ့တော့ သူက ခလေးမဟုတ်တော့ဘူး။ မကဒတ ဆက်သွယ်ရေး network တခုလုံးကို စက်ခန်းထဲကနေ control လုပ်နေပြီ။ ကွန်မြူနစ် ကြောင်
ကြောင်နေတဲ့ရဲဘော်နဲ့ စကားတွေလာပြော ၀ါဒရေးရာတွေ အယူအဆတွေအကြောင်းလာလာဆွေးနွေးတဲ့ရဲဘော်ငယ် တစ်ယောက်လည်းရှိတယ်။ သူက ၆ တန်းအရွယ်နဲ့တောခိုလာတာ။ သူက စက်လတ်ထဲကကျည်ဆံတွေထွက်လာသလိုမျိုး ဘိုစာကို လေ့လာတာ။ music ပေါင်းစုံလည်းနားထောင်တယ်။ နောက်ပိုင်းမှာ သူ့လေ့လာအားဟာ ULYSSES တို့ MYTHOLOGY တို့လို ကမ္ဘာ့စာပေတွေကို ဘိုလိုဖတ်ပြီး မြန်မာလို
ပြန်ရှင်းပြ ပြောနိုင်လောက်အောင်ကိုကောင်းခဲ့တယ်။ AB ကွဲပြီးတော့ ကျနော်က မကဒတ(မိုး) ရဲဘော်အဖြစ်နဲ့ ပင်လယ်ပြင် မှာတာဝန်ကျတယ်။ တာကြီး လည်း မကဒတ(နိုင်) ရဲဘော်အဇြစ်နဲ့ တာဝန်ကျတယ်။ တပ်မဟာ ၄ နယ်မြေ နောက်တန်းမှာကျနော်သူကိုတွေ့လိုက်သေးတယ်။ နောက်...ကျနော်တို့စစ်ကြောင်း မြိတ်ကျွန်းစု ပင်လယ်ပြင် ရွာတစ်ရွာမှာ စခန်းချနေတုန်း သတင်းတစ်ခုဝင်လာတယ်။ ကျောင်းသားရဲဘော် ၁၅ ယောက် ပါတဲ့
လှေ ပစ်မြှုပ်ခံရတယ်တဲ့။ အဲဒီလှေပေါ်မှာ တာကြီး နဲ့ စက်တစ်လုံးလည်းပါတယ်။ ပိုကျေကွဲစေတဲ့ အချက်က အဲဒါဟာ ရန်သူ့လက်ချက်မဟုတ်ဘူး။
(cut ထားသည်)။ ပင်လယ်ပြင်ဟာ သူပုန်အဖွဲ့အစည်းများစွာကို ရံပုံငွေကိုရှာပေးတယ်။ အဲဒီမှာ စားခွက်လုမှုတွေ ချုပ်ရိုးလုမှုတွေ ရှိတယ်။ ပြောမကောင်းပေမဲ့ ဒီလို ကိုယ့်ကိုယ်ကိုယ် သတ်တဲ့ကိစ္စတွေဟာ တချိန်ချိန်ကျရင် ရာဇ၀င်ရှင်းတမ်းထုတ်ရမှာပဲ။ အခုဆို တာကြီးလည်း တမလွန်မှာ ဒီရေကိုဆန်တက် စစ်အာဏာရှင်ကိုရဲရဲပြတ်ပြတ်တော်လှန်နေဆဲလို့ ကျနော်ယုံကြည်တယ်။ အောက်က ကဗျာတိုလေးတွေနဲ့ တာကြီးတို့လို ဆယ်ကျော်သယ်အရွယ်နဲ့ သူပုန်ဖြစ်လာတဲ့ချာတိတ်တွေကို အလေးပြုလိုက်တယ်။ ၄ ကြောင်းထဲနဲ့ ရာဇ၀င်တွင်မဲ့ ကဗျာတစ်ပုဒ်
လည်းပါတယ်။ အားပေးကြပါဦး ကျနော်လေးစားရပါသော အညတရတို့ရေ..............။
လူငယ်
တစ်ညနေမှာ
ကောင်လေးရဲ့ပုခုံးပေါ်ကို
လူတစ်ယောက် ခုန်ချလာတယ်
ပြီးတော့..သူ.လက်ထဲက
စာတစ်လုံးမှ မရေးရသေးတဲ့
သမိုင်းစာအုပ်အထူကြီးကို ကမ်းပေးတယ်
"ဘောပင်ရော"လို့ကောင်လေးကမေးတော့
ရင်ဘတ်ကိုလက်သီးနဲ့အလေးပြုပြီး
"သွေးနဲ့ရေး"လို့ပြောတယ်
ကောင်လေးကိုထပ်မတွေ.ရတော့ဘူး။ ။
အညတရ
ဘယ်စကားစုကိုမှ
အလုပ်အကျွေးပြုနေတာမဟုတ်ဘူး
ဝါကျထဲမှာပါဝင်ဆင်နွှဲနေပေမဲ့
သူတို့ဟာ
ကတ္တားတွေလိုဥာဏ်ပညာမကြီးမား
ကံတွေလိုလည်းဇာတာစမ်းမလှ
အခြေခံတာဝန်ထမ်းနေကြတဲ့ တြိယာဘ၀နဲ့
တခါတခါ လိုအပ်ရင်ဖြည့်စွက်ခံဖို့
အရန်သင့်ကွက်လပ်လည်းဖြစ်လိုက်ပြန်ရဲ့
တခါတရံ
အနိမ့်နဲ့အမြင့်ကြားက လှေကားအလား
ဟိုဘက်နဲ့ဒီဘက်ကြားက တံတားအလား
အရင်မျိုးဆက်နဲ့နောက်မျိုးဆက်ကြား
စကားဆက်လည်းဖြစ်သွားလိုက်သေးရဲ့
ကတ္တားနဲ့ကံတွေက စိတ်ဓါတ်မမှန်ကြတဲ့အခါ
ဗျည်းနည်းနည်း သရနည်းနည်းနဲ့
(အဓိပ္ပါယ်မဲ့ရင်မဲ့ပစေ)
စကားလုံးတစ်ခုအဖြစ်ပဲသင်းခွဲနေလိုက်ချင်ပ
(ရတတ်ရိုးလား)
လူ့အဆောက်အအုံဝါကျကြီးထဲမှာ
သူတို့ကို ဗျည်းနဲ့သရတွေလုံလုံလောက်ပေးကြ
တြိယာတွေကတြိယာပီပီပေးဆပ်သွားပ့ါမယ်
ဘယ်စကားစုကိုမှ
အလုပ်အကျွေုးပြုနေတာမဟုတ်ဘူး
ဝါကျတစ်ကြောင်းကို သူတို့ဘ၀နဲ့ ပါဝင်ရေးဖွဲ့နေတယ်။ ။
Posted by
nanda
at
7:42 PM
0
comments
Labels: ကဗျာ
Thursday, April 23, 2009
Wednesday, April 22, 2009
နောက်ကျည်မှန်ထားတဲ့ဒဏ်ရာ
သုအိုက်စံ
ကျနော်တို့က ပြည်တွင်းက တောခိုလာတဲ့ ကျောင်းသားသူပုန်တွေဆိုတော့ ဘယ်နယ်စပ်မှာမှ ကိုယ်ပိုင်နယ်မြေမရှိဘူး။
ဒီလိုပဲ မဟာမိတ် လူမျိုးစုသူပုန်တွေနဲ့ အဆင်ပြေသင့်တင့်အောင် ညှိနှိုင်း ရပ်တည်ရှင်သန်တိုက်ပွဲဝင်ရတာ။
လူမျိုးစုသူပုန်တွေက အစာအိမ်ထဲ ထမင်းမရှိရင်စေ့စပ်ရေးလုပ်တယ်။
ကျနော်တို့က ပက်ပက်စက်စက်ပစ်သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေဆိုတော့ စေ့စပ်ရေးလမ်းစဉ်မရှိဘူး။
၁၉၉၄ မှာ အဲဒီစေ့စပ်ရေးဗိုင်းရပ်စ်က စမွှေတော့တာပဲ။ DAB ကြီးတစ်ခုလုံးဟာ တစ်ကောင်ပြီးတစ်ကောင်အဖဲ့ခံရတာ။
ကျနော်တို့ရဲ့ ရပ်တည်ရေးဟာ တော်တော်ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ABSDF ဟာရှိနေတုန်း တိုက်ပွဲဝင်နေတုန်းပဲ။
အောက်မှာဖော်ပြထားတဲ့ ကဗျာ ၂ ပုဒ်ဟာ ၁၉၉၄ ကရေးခဲ့တာ။ အဲဒီအချိန်က ကဗျာ၊ စာပေ ဆိုတာ ဘာမှမသိဘူး။
ဒီလိုပဲ ရင်ဘတ်ကို ဒေါသနဲ့ဆွဲလှန်ပြီး ရေးထားတာ။ အခုလည်း တချို့သူပုန်တွေက ၂၀၁၀ မှာ ဘာဖဲတက်မလဲလို့ ၀င်ဆွဲမလို့တဲ့။
လုပ်ကြည့်ကြပါ။ ကျနော်ကတော့ လောလောဆယ်၂၀၁၂ ကနေ စပြီးကွဲမဲ့ ဆူဆိုက်ဗုံးတွေ nationwide တီထွင်နေတယ်။
လူနဲ့လုပ်တားတဲ့ သူပုန်တပ်တွေကို အားကိုးလို့မရရင် လူနဲ့လုပ်ထားတဲ့ ရင်ဘတ်တွေကိုပဲ အားကိုးရတော့မှာပဲ။
ငါတို့ကျောင်းသားတွေ၊ ငါတို့ဘုန်းကြီးတွေ ပက်ပက်စက်စက် ပစ်သတ်ခံခဲ့ရတာကို ဘယ်တော့မှမမေ့ကြနဲ့။
ကောက် စား ချိန်
ကျားတစ်ကောင်
အစားရှောင်
သမားယောင်ဆောင်နေချိန်။
သားကောင်
နားယောင်မိတ်ဖွဲ.
ဘ၀ပျက်။
လေပွေပြင်းလား
လေပြေညှင်းလား
အဖြေအရှင်းသားလေ။
ရွှေထီးဆောင်းချင်သူများ
မြေကြီးအောင်းအောင်းသွားကြပေါ့။ ။
စိတ်ခြေကျင်း
ခြေထောက်ညောင်းနေမျှော်လင့်ချက်ဟာ
ရိလွယ်ပြဲလွယ်ပြက္ခဒိန်ပေါ်တက်
ငှက်ဖျားရင့်ရင့်တက်နေခဲ့ပြီ။
အနေအထားက
ေ၀၀ါးရှုပ်ထွေး
ပုတ်ဆွေးဆွေး ယုံကြည်ချက်က
တုံ့နှေးနှေးချီတက်လာ
ဒီညစာကိုတော့
ဖောက်ပြန်ခြင်းနဲ့မက်လုံး ရောချက်စားလိုက်ပြီ။
ဝါဒတွေကို
ဝါဒီတွေကစိုက်ပျိုး
ဝါဒီတွေက
ဝါဒတွေကိုရိုက်ချိုး
ကြိုးညှိရင်းကြိုးငြိကြ
ငါတို့ရဲ့ပဋိပက္ခတွေကို
ရာစုအထောင်ထောင်ထိသယ်ဆောင်ကြ။
လမ်းများစွာပေါ်က
တန်းများစွာကိုကျော်ဖြတ်ခဲ့ခြင်းများ
ရောင်းစားဖို့မှမဟုတ်တာ။
အလွှဲအပြောင်းလေးကြား
ဖဲကောင်းလေးများတက်လာမလားလို့...တချို့
လိုအပ်ရင်
စားခဲ့တာထက်လည်းပိုအန်နိုင်တယ်...တချို့
မှားခဲ့တာထက်လည်းပိုအန်နိုင်တယ်...တချို့
သွားခဲ့တာထက်လည်းပိုပြန်နိုင်တယ်...တချို့
ပြီးတော့
"လေသူ" တွေဟာ "လူသေ" တွေပဲ ဖြစ်ဖြစ်သွားတဲ့...တချို့။
ဒါတွေပြောခဲ့ချင်တယ်
၁၉၈၈...................
...........................
...........................
...........................
...........................
...........................
....................၁၉၉၄။
အနာဂတ်ရေ
ခင်ဗျားလာရင်
ကိုယ့်လည်ပင်းကိုယ်ဓါးနဲ့ထောက်ခဲ့
ဖောက်တွက်ရတော့မယ်။ ။
သုအိုင်စံ
Posted by
nanda
at
6:59 PM
3
comments
Labels: ကဗျာ
Sunday, April 19, 2009
သူပုန်မြစ်ပြတ်ဂီတ
သုအိုင်စံ
WAR TACTICALLOGY မှာစကားပုံတစ်ခုရှိတယ်။ YOU CAN LOSE THE BATTLE, YOU CAN'T LOSE THE WAR တဲ့။
ရိုးရိုးလေးပေမဲ့ ကြောက်စရာကောင်းအောင်ထိရောက်တဲ့ စကားပုံဖြစ်တယ်။ "တိုက်ပွဲငယ်လေးတွေ ရှုံးလို့ရတယ်၊ ဒါပေမဲ့
စစ်ကိုတော့အောင်ကိုအောင်နိုင်ရမယ်" လို့ အဓိပ္ပါယ်ရတယ်။ ဘ၀မှာ အဲဒီတိုက်ပွဲငယ်လေးတွေ မနည်း/မများ ရှုံးဖူးတုန်းက
ခံစားမှုနဲ့ ကဗျာနှစ်ပုဒ်ရေးခဲ့ဖူးတာကို အခုဖော်ပြလိုက်တယ်။ ဒါဟာ ဘာကိုမှကိုယ်စားမပြုတဲ့ ကျနော်တဦးတယောက်ရဲ့
ပုဂ္ဂလိကသူပုန်စိတ္တဇ သာဖြစ်တယ်။ ကျနော်ဆင်နွှဲနေတဲ့ တော်လှန်စစ်ကြီးကတော့ သေချာပေါက် အောင်နိုင်ရမှာပေါ့ဗျာ။
ဖောင်ဖျက်သွားသူများ
ဖိနပ်တစ်ဖက်ကတောင်အတက်မှာပြတ်
တခြားတစ်ဖက်ကတောင်တစ်ဝက်မှာရပ်
ဓါးအပဲ့ကဓါးအိမ်ထဲမှာရင်ကွဲနာကျ။
တောင်ခြေမြစ်ထဲမှာတော့
ဖောင်တွေကစဥ့်ကရဲနဲ့ပေါ့ကွာ။ ။
လေပြေရဲ့ဒုတိယစီးရီး
ရုပ်ဖြောင့်တဲ့ လေပြေတစ်ကောင်အဖြစ်နဲ့
ပေါ့ပေါ့နေ ပေါ့ပေါ့စား လမ်းသလားနေရမဲ့ခေတ် မဟုတ်ဘူး
ရင်ခွင်ကို ဦးနှောက်နဲ့တူးဖွင့်
အတွေးအခေါ်သစ် မီးတောက်တစ်ပွင့်နဲ့ အသည်းနှလုံးကို ရှို့ချပစ်လိုက်တယ်
သွေးကြောထဲ မီးဟုန်းဟုန်းတောက်နေတဲ့ မြင်းခွာသံတွေစိမ့်စီး
"ကမ္ဘာမကျေဘူး" ကိုတီးတိုင်း ကြက်သီးဖျန်းဖျန်းထခဲ့တယ်။
ပြီးတော့......လမ်းပေါ်ရောက်သွားတယ်
မပြီးတော့မဲ့ လမ်းပေါ်ရောက်သွားတယ်။
ဝေးဝေးလွင့်လွင့် ဖြစ်သင့်တန်ကောင်းပါရဲ့
ငါ့ကိုယ်ငါ တအားကုန် မောင်းတင်ပစ်လွှတ်လိုက်တယ်
ပစ်ကွင်းတွေကောင်းသလောက် ပစ်မှတ်တွေ ပျောက်ချက်သားကောင်းလှချည်လား
(ခက်တယ်)
ငါကိုက ဒါဏ်ရာရပြီးသား ပစ်မှတ်တွေကို မပစ်တတ်တဲ့ကောင်လေ။
ဖြစ်ချင်တာ-
ဟောဒီ အသုံးမကျတဲ့ ကမ္ဘာကို တဘိုင်းဘိုင်း ခေါင်းစိုက်ကျိုးပျက်စေမဲ့၊ မုန်တိုင်း
ဖြစ်ခဲ့တာ-
သမိုင်းစာမျက်နှာ ညစ်စွန်းရုံလေးပါပဲ၊ လေပွေ
(ဘ၀ပဲလေ၊ ဘ၀ပဲလေ ဆိုပြီးတော့)
မနက်ဖြန်က တစ်ဖက်၊ ဖြေဆေးက တစ်ဖက်
လေပွေဟာ ဖြေဆေးစွဲခဲ့တယ်။
အဲဒီလေပွေဟာ
ခေတ်ကန္တာရကိုအဖြတ်
ငါ့ရာဇ၀င်တွေ ငါ့ကိုပြန်ပတ်တာ ခံလိုက်ရတယ်။
ဖုန်တလုံးလုံးနဲ့ အသက်ရှူကျပ်နေတဲ့ အသက်ရှူနှုန်းတွေ အနည်ထိုင်မဲ့နေ့
လမ်းပေါ်မှာ လေပြေဟာ သီချင်းသစ်တွေ ဟစ်နေဦးမှာပါ။
ဟိုး....တောင်ထိပ်ပေါ်က
ဆည်းလည်းတွေ တီးခတ်တဲ့ သံစဉ်လိုတော့
ဘယ်ချိုမြိန်နိုင်ပါ့ဦးမလဲ.....
..................................ပြီးပြီးသွားတဲ့ ပြုလုပ်နေဆဲ အမှုတွေနဲ့
..................................မပြီး၊ မပြီးတော့မဲ့ ပြုလုပ်နေဆဲ အမှုတွေနဲ့
ဘ၀လေး လွင့်နေတယ်။
သုအိုင်စံ
Posted by
nanda
at
8:47 PM
2
comments
Labels: ကဗျာ
Wednesday, April 8, 2009
၂၀၀၉ ကို တောင်းဆိုခြင်း
မောင်လွမ်းဏီ
မဟာမှိုင်းက
ကဗျာတိုင်းကို
နယ်ချဲ့ရာဇ၀င်နဲ့
နှိုင်းသလိုပ
သမိုင်းမှာ
အောင်ဆန်းလည်းအရိုင်းဖြစ်ခဲ့တယ်
အရိုင်းအောင်ဆန်း၊ သမိုင်းလမ်းကို
ထမ်းရွက်သယ်ပိုး
နောင်လာနောက်သား မျိုးဆက်ဆီ
ဖက်ဆစ်ကို
ကြွက်ဖြစ်စေခဲ့တာ
လူထုသည်သာ သူရဲကောင်းပေါ့
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
မဆလတပါတီ
အာဏာနီကို
မထီရဲသွေး၊ ရှစ်ရှစ်သွေးက
တော်လှန်ရေးကို တေးညည်းဆိုခဲ့ကြပြန်တယ်
လှုပ်ရှားမှုအဆက်ဆက်
အသက်သွေးချွေး
အရေးတော်မဟာ
ဂန္တ၀င်ထဲက တို့ဧရာ။
ရွှေဝါရောင်ဟာ
လေသာဆောင်က ဖန်မီးအိမ်မဟုတ်
ငုတ်တုတ်အငတ်မခံသလို
ဆွမ်းရေဆီမီး ဓာတ်မီးတိုင်မှာ
မေတ္တာပေးယူ အလှူမခံခဲ့တာပေါ့။
ဘာကိုချင့်တွေး
စဉ်းစားပေးရမှာလဲဟေ့
တနေ့တော့
တကွေ့ကွေ့မှာ တို့လူထုရဲ့ တရားသစ္စာ။
Posted by
ကိုဈာန်
at
1:45 PM
0
comments
Labels: ကဗျာ
လူ့အခွင့်အရေး လေးစားရန် ၈၈ အဖွဲ့ တောင်းဆို
Tuesday, 07 April 2009 20:00 သန်းထိုက်ဦး
ွှ့The Irrawaddy News
နအဖ စစ်အစိုးရ အနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှသာလျှင် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ရုတ်သိမ်းသွား စေနိုင်ပြီး တိုင်းပြည် နှင့် လူထုအတွက် အကျိုးရှိနိုင်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများက ယမန်နေ့တွင် တိုက်တွန်းလိုက်သည် ။
ဧပြီလ ၆ရက်နေ့ရက်စွဲဖြင့် ၈၈ မျိုးဆက်ကျောင်းသားများက စစ်အစိုးရသို့ ပေးပို့သောအိတ်ဖွင့်ပေးစာတွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ တရားဥပဒေ စိုးမိုးရန် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် လူ့အခွင့်အရေး ပြဌာန်းချက်များ ပါမပါ သုံးသပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး ရန်၊ စစ်တပ်အတွင်း လူ့အခွင့်အရေး နားလည် ကျင့်သုံး ရန် စသည့် အခြေခံ လူ့အခွင့်အရေး ဆိုင်ရာများကို အဓိက တိုက်တွန်း တောင်းဆိုထားခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(စီအာပီပီ) တို့ က တောင်းဆိုထားသည့် အဆိုပါ အချက်များကို အမြန်ဆုံးဆောင်ရွက်ပေးခြင်းဖြင့် ပိတ်ဆို့ဒဏ်ခတ်မှုများ တဆင့်ပြီး တဆင့် လျော့ကျ ဖယ်ရှား ပေးသွားလိမ့်မည်ဟု ယုံကြည်ပါကြောင်းလည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ပြောသည်။
၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုထွန်းမြင့်အောင်က“တောင်းဆိုချက်များကို ပစ်ပယ်ထားပြီး ဒီမိုကရေစီရေး ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူမှန်သမျှအား ကန့်သတ်ဖိနှိပ် ဖမ်းဆီးထောင်ချနေခြင်းများကိုသာ နအဖ စစ်အစိုးရက ဆက်တိုက် ကျူးလွန် နေသည့်အတွက် ဒီမိုကရေစီ နှင့် လူအခွင့်အရေးကို အလေးထားသော နိုင်ငံကြီးများက နအဖ စစ်အစိုးရအပေါ် နိုင်ငံရေး စီးပွားရေး လူမှုရေး အထွေထွေ ပိတ်ဆို့ ဒဏ်ခတ်မှုများပြု လုပ် ထားခဲ့ခြင်း ဖြစ်သည်” ဟု ပြောသည် ။
စီးပွားရေး ပိတ်ဆို့မှုများနှင့်ပတ်သက်၍ နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်က ကုလသမဂ္ဂ အထွေထွေ အတွင်း အရေးမှူးချုပ်၏ အကြံပေးပုဂ္ဂိုလ် မစ္စတာဂန်ဘာရီ နှင့် တွေ့ဆုံရာတွင် “ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများအား အရင်ဖယ်ရှားပေးရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တောင်းဆိုခဲ့သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။
၎င်း တောင်းဆိုချက်တွင် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများသည် နအဖ စစ်အစိုးရ၏ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်ချိုးဖောက်မှုများကြောင့်သာဖြစ်သည်ဟု နားလည်ယုံကြည်ကြောင်းလည်း ဆိုထားသည်။
တချိန်တည်းတွင် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှု နှင့် ပတ်သက်၍ “ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်း ရေး ပြည်တွင်းပြည်ပ အင်အားစုများ ၂၀၀၉ လှုပ်ရှားမှု” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ ဟိုတယ်တခု တွင် ယနေ့ နံနက် ၁၀ နာရီခွဲ မှ ၁ နာရီ အထိ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည် ။
သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်ပါဝင်သူ ကိုအောင်ခိုင်ဝင်းက နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စီးပွား ရေး ပိတ်ဆို့မှုတွေဟာ စစ်အစိုးရကို ထိခိုင်နစ်နာမှု မရှိဘဲ ပြည်သူများကိုသာ ထိခိုက်မှုရှိကြောင်း ပြောသည်။
ယင်းသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းမီဒီယာများကို ဖိတ်ခေါ်ခဲ့သော်လည်း ယခုပွဲကျင်းပသူများသည် အစိုးရ လိုလားသူများဖြစ်၍ ရန်ကုန်မြို့ရှိ ဂျာနယ်လစ် အများစုက မတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Posted by
nanda
at
1:39 PM
0
comments
Labels: သတင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကေအန်ယူ ခေါင်းဆောင်တွေနဲ့တွေ့
07 April 2009
VOA News
မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် တိုက်ခိုက်ဆဲဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Piromya) နဲ့ တွေ့ဆုံပြီး မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကေအန်ယူဒု-ဥက္ကဋ္ဌ စောဒေးဗစ်တာကပေါကို ကိုသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းရာမှာ စောဒေးဗစ်တာကပေါက အခုလို စပြောပါတယ်။
“အဓိကကတော့ သူ မြန်မာပြည်ရောက်တယ်၊ နေပြည်တော်ထိ ရောက်တယ်ပေါ့ဗျာ။ အဲဒီမှာ နအဖ၀န်ကြီးချုပ် သိန်းစိန်နဲ့ တွေ့တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောတာပဲ၊ အဲဒီကိစ္စနဲ့ ကေအန်ယူနဲ့ တွေ့ပြီး စကားပြောချင်တယ်ပေါ့။ ကျနော်တို့ကတော့ ဒိုင်ယာလော့ဂ်ဆိုရင် အသင့်ပဲလို့။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြဿနာဖြေရှင်းရေးဆိုတာ ကျနော်တို့ အဆက် ဆက် ချခဲ့တဲ့လမ်းစဉ် ဖြစ်ပါတယ်။ ဒိုင်ယာလော့ဂ်က မှန်မှန်ကန်ကန်ဖြစ်ဖို့၊ နောက်ပြီးတော့ ယုံကြည်မှု တည်ဆောက် ဖို့၊ အဲဒါတွေ ရှိတယ်ပေါ့။”
ထိုင်းဘက်က နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ တခြား ဘယ်သူတွေ ပါပါသေးလဲခင်ဗျ။
“နိုင်ငံခြားရေးဝန်ကြီးနဲ့ သူ့ရဲ့လက်ထောက်ပေါ့၊ Personal Assistant ခေါ်မှာပေါ့။”
ကေအန်ယူဘက်ကရော ဒီအစည်းအဝေးမှာ ဘယ်သူတွေ ပါပါသလဲ။
“ကေအန်ယူကတော့ ကျနော်က ဒု-ဥက္ကဋ္ဌအနေနဲ့ပေါ့၊ ပြီးတော့ အတွင်းရေးမှူးပေါ့။”
အခုတွေ့ဆုံတာက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ အရင်ကပြောထားတဲ့အတိုင်း ကေအန်ယူနဲ့ မြန်မာစစ်အစိုးရ ကြား ကြားဝင်ပေးမယ်ဆိုတဲ့ သဘောထားကို ပေးတာပဲလား၊ မြန်မာစစ်အစိုးရဘက်က တိတိကျကျ ဘယ်လိုသတင်းစကား မျိုးကို ပါးလာတာ တွေ့ရပါလဲခင်ဗျ။
“သတင်းစကားပါးတာ တိတိကျကျတော့ မရှိဘူး။ အဲဒါက စကားပြောကြည့်ပေါ့၊ သူ့အနေနဲ့ကတော့ ကြားဝင်ပြီး အကျိုး ဆောင် အနေနဲ့ နှစ်ဖက်တွေ့ဆုံရေး၊ ဆွေးနွေးနိုင်ရေးပေါ့၊ စကားပြောနိုင်ရေးအတွက် သူဆောင်ရွက်ပေးချင်တယ်ဆိုတော့ ကျနော်တို့က ဆောင်ရွက်ပါ၊ ဒါ လက်ခံပါတယ်။”
ဟုတ်ကဲ့၊ သူတို့ဘက်က သဘောထားကိုပဲ အဓိကပြောတာပေါ့။ သတင်းတွေထွက်နေတာက ကေအန်ယူကို မြန်မာ စစ်အစိုးရ နဲ့ အပစ်အခတ် ရပ်စဲဖို့အတွက် ထိုင်းက ဖိအားပေးတာမျိုးတွေ ရှိနေတယ်ဆိုတော့ ဖိအားပေးတာမျိုး၊ တစုံတရာ ပြောတာမျိုးတွေရော ရှိပါလားခင်ဗျ။
“ဖိအားပေးတာတော့ မရှိပါဘူး။ ဖိအားပေးတယ်ဆိုရင် မမှန်ဘူးလေ။ သူ့အနေအထားက ကြားနေ၊ အကျိုးဆောင်ပေါ့လေ။ သူ့နေရာ သူ့ interest တွေ ဘာတွေ ဘာမှ မပြောဘူး။ interest မရှိတဲ့ ပါတီတခုအနေနဲ့ပေါ့။ အဲလို ဆောင်ရွက်ပေးချင် တယ်။”
ကေအန်ယူနဲ့ မြန်မာစစ်အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးနိုင်မယ့် အလားအလာ မကြာခင်အချိန်တွင်းမှာ ဖြစ်လာနိုင်မယ့် အနေအထားမျိုး ရှိပါသလားခင်ဗျ။ ကေအန်ယူဘက်က သဘောထားကရော ဘယ်လိုရှိပါသလဲ။
“ကျနော်တို့ကတော့ တွေ့မယ်ဆို တွေ့မှာပဲ။ စကားပြော ဆွေးနွေးမယ်။ အဲဒီ ဆွေးနွေးတဲ့အပေါ်မှာ အပစ်အခတ် ရပ်စဲရေး တို့ ဘာတို့ဆိုတာ ဆွေးနွေးပြီးမှပဲ သိမှာပဲ။ ကျနော်တို့ လိုအပ်ချက်တွေကလည်း ရှိတာကိုး။ ကျနော်တို့မှာ အတွေ့အကြုံတွေ က ရှိခဲ့တယ်လေ။”
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ပထမဆုံးအကြိမ် တွေ့တာဆိုတော့ ဒုတိယအကြိမ် ဘယ်တော့လောက် ထပ်တွေ့မယ်လို့ စီစဉ်တာမျိုးတွေရော ရှိပါသလားခင်ဗျ။
“အဲဒါတော့ အတိအကျ မရှိပါဘူး။ ကျနော်တို့ ကေအန်ယူသဘောထားကို သူပြောပြမယ်ပေါ့။ မကြာခင်အတွင်းပေါ့လေ၊ ရက်တော့ အတိအကျ သူ မပြောဘူး။ မကြာခင်အတွင်း ပြောပြမယ်၊ ကေအန်ယူရဲ့ သဘောထားကို ပြောပြမယ်ပေါ့။”
အခုဆွေးနွေးပွဲမှာ ရှိနေတဲ့ အမည်မဖော်လိုသူတဦးရဲ့ ပြောဆိုချက်အရတော့ ကေအန်ယူအနေနဲ့ မြန်မာစစ်အစိုးရနဲ့ အခုတခေါက် ဆွေးနွေးရာမှာ ပြည်ပမှာ ဆွေးနွေးလိုတယ်လို့ ထိုင်းကို ဆွေးနွေးပြောဆိုခဲ့ပြီး ထိုင်းဘက်ကလည်း ဒီအတွက်
အကူအညီပေးသွားမယ့် အလားအလာရှိတယ်လို့ သိရပါတယ်။
Posted by
nanda
at
1:35 PM
0
comments
Labels: သတင်း
ဘီယာတစ်ခွက်ရဲ့ထွက်ဆိုချက်
ကြိုက်သူတွေစိတ်ချမ်းသာမငြိုငြင်ဖို့အရေး
လှိုက်ဆူကာမရှိရှိတာလေးနဲ့အမြှုပ်ထလှပ ဟန်ရေးပြနေရ
ငါကဘီယာတစ်ခွက်ပါ။
မယ်မယ်ရရအဓိပ္ပါယ်ရှိတဲ့ဘ၀ကိုရချင်လို့
အလဟသအဆိပ်ပြယ်သွားမှာကိုစိုးရွံ.နေတာပေါ့
အရည်အချင်းတွေ လေသလပ်မသွားခင်အချိန်လေးမှာ
ဘယ်သူလာကောက်သောက်ပါ့မလဲ
စောင့်ရုံပဲတတ်နိုင်တဲ့ဘီယာဘ၀နဲ့
မသတီစရာပါးစပ်တွေကိုပေါင်းသင်းဆက်ဆံခဲ့ရတာ
တခါတခါ
ပေါက်ကရပြော ပေါက်ကရစားတတ်တဲ့ပါးစပ်တွေအတွက်
ဒိထက်အဆများစွာမြင့်တဲ့ပြင်းအားကိုရလိုက်ချင်ရဲ့
ငါ့ကိုယ်ငါပြန်လည်ကျိုချက်ခွင့်မှမရှိတာပဲ
ထွက်သက်မှာ လက်လှမ်းမှီရာနဲ့လုပ်ကြံပစ်လိုက်တယ်
ခင်ဗျားတို့ရဲ့လည်ချောင်းထဲ
ပူရှကျိန်းစပ်အတွင်းနံရံတွေပြိုပျက်စေရမယ်
ဒီအတိုင်းသာနေ့တိုင်းသောက်
သေချာပေါက်သေလိမ့်မယ်
(သို.သော်ကျိန်စာဟာဆွံ.အခဲ့တယ်)
လောကမှာ
ဘီယာတစ်ခွက်လိုလူတွေရဲ့သချိုင်းဟာ
ပါးစပ်တစ်ပေါက်လိုလူတွေရဲ့လည်မြိုထဲမှာရှိသတဲ့
အရင်းရှင်စနှစ်ရဲ့ အ..နှစ်..သာ..ရ..တွေ။ ။
သုအိုင်စံ
Posted by
nanda
at
1:27 PM
1 comments
Labels: ကဗျာ

