Friday, January 9, 2009

ဗိုလ်ချုပ်မှူးကြီး မြေးနှင့် မော်ဒယ်မလေး ဇာတ်လမ်း

ဧရာဝတီ-အေးလဲ့၊ ဇန်န၀ါရီလ ၈ ရက် ၂၀၀၉

စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး က မော်ဒယ် ဝတ်မှုန်ရွှေရည်ကို အလိုမတူဘဲ ခေါ်ဆောင် သွားသည်ဟူသော ကောလာဟလ သတင်းများ အင်တာနက် ဘလော့ စာမျက်နှာများနှင့် လူအများကြား ပျံ့နှံ့ ပြောဆိုလျှက် ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ဖိုးလပြည့်က အဆိုပါ မော်ဒယ်မလေးကို နေအိမ်တခုတွင် သုံးရက်ကြာ ချုပ်နှောင်ထားခဲ့သည် ဆိုသည့် သတင်းများ ကိုလည်း ကြားသိခဲ့ရသည်။

ကာယကံရှင်များနှင့် နီးစပ်သည့် အသိုင်းအဝန်းကမူ ဖိုးလပြည့်၏ သူငယ်ချင်း ဖြစ်သူ ၀တ်မှုန်ရွှေရည်၏ ရည်းစားဟောင်း တဦးက ယင်းသို့ ချုပ်နှောင် ထားခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောဆိုကြသည်။

“လွန်ခဲ့တဲ့ ၃ ပတ်လောက်က အရာရှိသား ကိုအောင်မျိုး (အရာရှိ ဘယ်သူလဲ ဆိုတာတော့ မသိဘူး) ဆိုသူက ဝတ်မှုန်ရွှေရည်ကို လှိုင်သာယာရှိ နေအိမ် တအိမ်မှာ သုံးရက်လောက် ချုပ်ထားတယ်လို့ ကြားတယ်၊ ကိုအောင်မျိုးကိုတော့ အချုပ်ခန်း ပို့လိုက်တယ်လို့ သိရတယ်” ဟု ကာယကံရှင်များနှင့် နီးစပ်သူ တဦးက ဆို သည်။

ယင်း ဝတ်မှုန်ရွှေရည်သည် ဖိုးလပြည့်နှင့် အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ကြပြီး နာမည်ကြီး ဟစ်ပ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့်လည်း ချစ်သူရည်းစား ဖြစ်ကြောင်း သိရသည်။

အင်တာနက် စာမျက်နှာများတွင် ၀တ်မှုန်ရွှေရည်နှင့် စိုင်းစိုင်းခမ်းလှိုင်တို့ နှစ်ဦး၏ ဓာတ်ပုံနှင့် ဗီဒီယိုခွေများလည်း ရေပန်းစားခဲ့သေးသည်။

ဝတ်မှုန်ရွှေရည်သည် စိုင်းစိုင်းခမ်းလှိုင်နှင့် မကြာမီ လက်ထပ် ကြတော့မည် ဖြစ်ကြောင်းလည်း နီးစပ်သူများက ဆိုသည်။

ယခုကိစ္စများနှင့် ပတ်သက်ပြီး ဝတ်မှုန်ရွှေရည်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းက အလုပ်များနေသည့် အတွက် ပြန်လည် မဖြေကြားနိုင်ကြောင်း ပြောသည်။

ဗိုလ်ချုပ်မှူးကြီး၏မြေး ဖိုးလပြည့်ကမူ ၀တ်မှုန်ရွှေရည်နှင့် သတင်းထွက်သည်သာမက နေခြည်လင်းလက် ဆိုသော မော်ဒယ်မကလေးနှင့် ရည်းစား ဖြစ်နေသည် ဟုလည်း အင်တာနက် ဘလော့ စာမျက်နှာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ရိုးမ ၃ အင်တာနက် သတင်းစာမျက်နှာ တွင်လည်း အဆိုပါ ဖိုးလပြည့် က စင်္ကာပူတွင် ကျောင်းနေဖက် သူငယ်ချင်း ဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို မကျေမနပ်ဖြစ်ပြီး ၎င်းသူငယ်ချင်း နေအိမ်ကို ခဲဖြင့်ပေါက်ကာ သူငယ်ချင်းဖြစ်သူ၏ မိဘများကို ကျေနပ်သည်အထိ တောင်းပန်ခိုင်းသည်ဟု ဖော်ပြထား ပြန်သည်။

လက်ရှိ ဖိုးလပြည့်နှင့် ရည်းစားဖြစ်နေသူမှာ အင်လျားလမ်းရှိ ဂျမ်ဘို ဂျပန်ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏီ ပိုင်ရှင်၏ သမီးဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် ဖြိုးငွေစိုး၏ ရည်းစားဟောင်း ဖြစ်ကြောင်း နီးစပ်သူများ ထံမှသိရသည်။



အသက် ၁၇ နှစ်ကျော်ရှိ ယင်းဖိုးလပြည့်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး ဒေါ်ကြည်ကြည်ရွှေ နှင့် ခင်ပွန်းဖြစ်သူ ဒေါက်တာ နေစိုးမောင်တို့၏သား ဖြစ်ပြီး ရန်ကုန်မြို့ လှိုင်သာယာရှိ နည်းပညာ တက္ကသိုလ်တွင် ပညာသင်ကြားနေသူ ဖြစ်သည်ဟု ဆိုသည်။

အလားတူ ဖိုးလပြည့်၏ ဦးလေးတော်စပ်သူ ဦးသန့်ဇော်ရွှေသည်လည်း မိန်းမကိစ္စ နာမည်ကြီးသူဖြစ်ပြီး မော်ဒယ်များ၊ သရုပ်ဆောင်များနှင့် ရှုတ်ပွေသူဟုလည်း ပြောဆိုနေကြသည်။

0 comments: