Saturday, May 31, 2008

Ms. Yadana Khin (1982-2008)

U4226708, Third year-Geology
Rangoon Art/Science University

A'karikz Yannaing
31/05/2008


You are supposed to be here
On this canteen branch of third year Geology
I am right here to read you
A load of my new anti-government poetry
You are supposed to be here to tell me
Your summer stories about your beloved Irrawaddy
I am here to give you my school leave diary
That can tell how I missed you from highland territory
We every yearly have to be here for our self
Yadana, you are supposed to be here for yourself!



Tell me how you want to run the nation
From this poor condition and tight situation
Tell me how you want to blame on pass generations
For dumping undone revolutionary duties on your shoulders
Then, you always promised me to carry and saluted to your brother
Yadana, you are supposed to be here for better future of Burma!


Tell me how you hate my old school left wing ideology
Tell me how hip-hop songs are carrying real politic and reality
Tell me where I stole these multiple-rhymes in my lyrics from
Then, always told me "I am the best" plus shameful kisses upon
Yadana, you are supposed to be here for our long summer hunger!


Is that the reason I am alive?
Because I am an eastern highlander.
Is that the reason you have to die?
Because you were born in Irrawaddy delta.


There was cyclone Nargis between your lips and my lips!
I know your geology excursion is full of mud and tragic!
Ya..da..na……!

A'karikz Yannaing
31/05/2008

အပြည့်အစုံသို့...

နောက်ဆုံးခေါ်သံ - Final Call and Last Chance

အခုနောက်ဆုံးဝင်လာတဲ့ သတင်းအရ အမေရိကန်က ဆေးသဘောင်္ကို ၀င်ခွင့်ပြုဖို့ တောင်းဆိုနေသေးတယ်ဆိုတဲ့ သတင်းပါပဲ။ ဒါဟာ ကျနော်တို့ မြန်မာတွေကို နောက်ဆုံးခေါ်သံလားလို့ တွေးနေမိတယ်။ ဒီနေ့ မနက်မှာ ရောဝတီတိုင်းဖက်က လယ်သမားကြီးတယောက်နဲ့ စကားပြောဖြစ်ပါတယ်။

သူအပြောအရ နအဖ က ဘာဆို ဘာမှ ထိထိရောက်ရောက် မကူညီသေးပါဘူးလို့ ဆိုတယ်။ နှစ်အိမ်ကို အားလူး နှစ်လုံး၊ လူနှစ်ယောက် ကြက်ဥတလုံး နဲ့ ဆန် နှစ်ဗူးဆီသာရပါသေးသတဲ့။ မုန်တိုင်းဆဲပြီးနောက် စစ်တပ်က တပ်ရင်းမှူးနဲ့အဖွဲ့ ရောက်လာတယ်။ ဘာအကူညီမှမပါဘူး။ နောက်တပ်စုတစု လာထားတယ်။ သူတို့ကိုလည်း ရာရှင်တွေ မပေးလိုက်ဘူး။ ဒီတော့ ဒီစစ်သားသုံးဆယ်က ဒုက္ခသည်တွေဆီက ရသမျှ စုဆောင်းထားတဲ့ မရှိမဲ့ ရှိမဲ့လေးကို ကပ်စားသွားပါသေးသတဲ့။ သူထိုင်းဖက်ကို လာရတဲ့အကြောင်းကတော့ သူတို့ အမျိုးတယောက် ထိုင်းမှာ လာအလုပ်လုပ်နေလို့ လာရောက် အကူအညီတောင်းတာပါ။ ကျနော်တို့ သူ့ကိုဘတ် ၂ ထောင်သာ ကူညီလိုက်နိုင်ပါတယ်။

ကျနော်တို့ နိုင်ငံရေး အသိုင်းအ၀ိုင်းက လူတွေကလည်း အရှုံးနဲ့ အသားကျနေတော့ ရှုံးရင်လုပ်တတ်တယ်။ နိင်ရင်ဘာမှမလုပ်တတ်ဘူး။ အခွင့်အရေးကိုအသုံးမချတတ်ကြဘူး။ ၈ လေးလုံး လူထုတိုက်ပွဲ အမြင့်ဆုံးအချိန်မှာ ကျနော်တို့ အစိုးရဖွဲ့ဖို့ နှစ်ရက်ဆက်တိုက် ကြိုးစားကြတယ်။ အစိုးရ မဖွဲ့နိုင်ခဲ့ကြဘူး။ ဦးနုကို ထောက်ခံလိုက်ကြဖို့ ကျနော်တို့ ကြိုးပန်းချက်တွေဟာ သဲထဲရေသွန်ဖြစ်ရတယ်။ (ဦးနု အစိုးရအဖွဲ့ကို ထောက်ခံဖို့ သေရေး ရှင်ရေးတမျှ အရေးကြီးနေလို့ ကျောင်းသားတွေထဲမှာရော၊ နိုင်ငံရေး ခေါင်းဆောင်တွေကိုပါ အင်တိုက် အားတိုက် ပြောခဲ့ရတဲ့အတွက် အလွန်ပင်ပန်းသွားတယ်။ အစည်းအဝေးပြီးတော့ ဘာမှ မဖြစ်လာတဲ့အတွက် လူက အရုပ်ကြိုး ပြတ်ဖြစ်သွားတယ်။ အစည်းအဝေးတွေမှာ အရမ်းစကားပြောရတဲ့အတွက် အသလို ဖြစ်သွားခဲ့ရတယ်။ ကျနော် စကားပြောရင် ထစ်ထစ်သွားတယ်။ ကျနော့်ကိုယ်ကျနော် လန့်သွားပါတယ်။ ကိုဇော်မင်း (ဒေါက်တာဇော်မင်း)ကို သွားပြရတယ်။ သူက ကျနော်ကို ဂလူးကို့စ် ကုန်သွားတယ်လို့ ပြောပါတယ်။ ဂလူးကို့စ် နှစ်လုံးဆက်တိုက်သွင်းပြီး နှစ်ရက် နားခဲ့ရတာကို ခုထိမှတ်မိသေးတယ်။)

၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နိုင်တယ်။ လုပ်ရမှာက ပါလီမန်ခေါ် အစိုးရချက်ခြင်းဖွဲ့ ဒါပဲရှိတယ်။ ဒါပေမဲ့ ဒါဟာ ဖြစ်မလာခဲ့ပါဘူး။ ၂၀၀၈ - အခြေခံဥပဒေ ကို အတည်ပြုဖို့ ဆန္ဒခံယူပွဲ လုပ်တယ်။ ကိုခွန်မြင့်ထွန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ရွေးကောက်ပွဲ ကိုယ်စားလှယ်က ကျနော်ကို ဘယ်လို သဘောထားလဲလို့ မေးတော့ - ကျနော်က ဆန္ဒ ခံယူပွဲမှာ ကျနော်တို့ ရှုံးမှာကို မပူပါဘူး။ နိုင်မှာကိုပဲ ပူတယ်။ သူက ရီပါတယ်။ ဘာဖြစ်လို့လည်းလို့မေးတော့ ကျနော်တို့က ရှုံးတာနဲ့ အသားကျနေပြီ။ နေတတ်နေပြီ။ ရှုံးရင်ဘာ ဆက်လုပ်ရမလဲကို သိကြတယ်။ နိုင်ရင်တော့ ဘာမှ ဆက်မလုပ်တတ်ကြတဲ့အတွက် နိုင်မှာကို ပူတယ်လို့ ပြောခဲ့ပါတယ်။

၂၀၀၈ - နာဂစ်မုန်တိုင်းဟာ ဒုက္ခတွေကိုပဲ သယ်လာတာမဟုတ်ဘူး။ အခွင့်အလမ်းတွေကိုလည်း သယ်လာတယ်လို့ ကျနော်မြင်တယ်။ အမေရိကန်သဘောင်္ပေါ်မှာ Food တခုတည်း မဟုတ်ဘူး Freedom
လည်း ပါလာပါတယ်။ အခွင့်အလမ်းကို အရယူတတ်ကြရမယ်။ အချိန်ကောင်းကို တွက်ချက်တတ်ရမယ်။
အရေးကြီးတာက ကိုယ်ဘာလုပ်ရမလည်းဆိုတာ သိကြဖို့ လိုတယ်။

ပြည်တွင်း အင်အားစုတွေက ကယ်ဆယ်ရေးထဲမှာ စုပြုံပြီးရောက်နေတာ မှားတယ်။ ဘာဖြစ်လို့လည်းဆိုတော့
အပျက်အစီးက သိပ်ကြီးလွန်းနေတယ်။ ရန်ကုန်က တက်ကြွသူတွေ အားလုံး သွားကူရင်တောင်မလောက်ဘူး။
နောက်ပြီိး ဘယ်နှစ်ကြိမ်သွားနိုင်မှာလဲ။ ရန်သူက ခွင့်ပေးနေရင်တောင် ခြေကုန်လက်ပန်းကျသွားနိင်တယ်။
နောက် ပြည်ပရောက်နေတဲ့ မြန်မာတွေက ဘယ်နှစ်သန်းဖိုး ကူညီနိုင်မှာ မို့လို့လည်း။ အခု ပင်လယ်ထဲ ရောက်နေတဲ့ စစ်သင်္ဘောတွေပေါ်မှာသာ အလုံအလောက် အစားစာတွေရှိတယ်။ လူအင်အားရှိတယ်။ တကယ် နားလည်တဲ့ သူတွေပါလာတယ်။

ဒီတော့ ငါဒို့အလုပ်က ဘာလဲ။ ငါဒို့အလုပ်က ဘာလဲ? ငါဒို့အလုပ်က ဆန္ဒပြပွဲတွေကို ဖော်ထုတ်ရမယ်။ ရန်ကုန်မြို့ကို Chaos ဖြစ်အောင် ဖန်တီးရမယ်။ သံရုံးတွေရှေ့ ဆန္ဒပြ။ အစာပေးပါ။ ရေပေးပါတောင်း။ အသက်ရှင်သန်ခွင့်ကိုတောင်း ကိုယ့်ကိုကူညီမဲ့သူတွေ ၀င်ရောက် ပတ်သက်လာအောင်လုပ်။ ဒါပဲ။

တော်လှန်ရေးက ဘာဖြစ်နေလဲဆိုတော့ Revolution Without Rebels ဖြစ်နေတယ်။ နအဖက ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ တိုက်နေတာ မဟုတ်တော့ဘူး။ မီဒီယာတွေနဲ့ စစ်ဖြစ်နေသလိုပဲ ဖြစ်နေတယ်။ တော်လှန်ရေး သမားတွေက မရှိတော့ဘူးကိုး။ ဒီမှာ တွေ့နေရတာတွေကတော့ ပရောဂျက်လူးရှင်း ဖြစ်နေကြပြီ။ ဖွံ့ဖြိုးရေး သမားတွေ ဖြစ်နေကြတယ်။ ဘယ်သူကမှ တော်လှန်ရေးအကြောင်း၊ တိုက်ပွဲအကြောင်း၊ လက်နက်တွေ စုဆောင်းကြဖို့အကြောင်း မပြောကြတော့ဘူး။ ပြောရင်လည်း မကြိုက်ကြတော့ဘူး။

နိုင်ငံခြားက မြန်မာတွေကလည်း လွတ်မြောက်ရေးအကြောင်း ပြောပါတယ်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် အင်အားတွေကို ကူညီဖို့ မပြောဘူး။ ကျနော်တို့ မုန်တိုင်းဖြစ်ကတည်းက ပြည်တွင်းလှုပ်ရှားမှုအတွက် ဒေါ်လာ ၁၆၆၅ သာ ရရှိဘူးသေးတယ်။ သန်းနဲ့ချီပြီး အကူညီတွေရတဲ့ အဖွဲ့တွေရတယ်။ သိန်းနဲ့ချီပြီး ရတဲ့သူတွေ ရတယ်။ ဒါပေမဲ့ တိုက်နေတဲ့ ပြည်တွင်းက ရဲဘော်တွေကတော့ ခြေဗလာပဲ ကိုယ်ထမင်းကိုယ်စားပြီး ရဲရဲတောက် ဆန္ဒပြနေတဲ့ ပုံတွေတွေ့ရတော့ ဘယ်လို ကြည်ညိုမှန်း မသိဘူး။ ကျနော်တို့ တော်လှန်ရေးက Revolution without rebels သာဖြစ်နေပေမဲ့ ခေါင်းဆောင်တွေကတော့ ရိုက်သတ်ရင် လက်ညောင်းသွားမယ်။ သောက်ပါးစပ်တွေ ပြောလိုက်တဲ့ နိုင်ငံရေး။ ပြောလိုက်တဲ့ ပေါ်လစီ။ ဒီကြားထဲ အမေရိကန်က ၀င်တိုက်တာ မလိုချင်ဘူးဆိုတဲ့ သောက်သံတွေက ထွက်လာလိုက်သေးတယ်။ သူတို့ကြည့်တော့လည်း ဒေါသထွက်လို့တောင် သေနတ်တချက် မဖောက်ဘူးကြတဲ့ သူတွေချည်းပဲ။ ကြွက်သေဖို့အရေးမှာ ကြောင်နီခုတ်မှ ကြောင်ပြာခုတ်မှ လုပ်နေသေးတယ်လေ။

ကဲ... ရဲဘော်တို့ ဒို့ဘာဆက်လုပ်ကြမလဲ။ အမေရိကန်ကတော့ ဆေးသင်္ဘော ၀င်ခွင့်ပြုပါလို့ နောက်ဆုံး ခေါ်သံ ပေးနေပြီ။
မိုးသီးဇွန်

အပြည့်အစုံသို့...

လပွတ္တာ ဘိုကလေး အင်တာနက်ရပြီ

NEJ/ ၃၀ မေ ၂၀၀၈

မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံရသည့် လပွတ္တာနှင့် ဘိုကလေးမြို့များတွင် ဒုက္ခသည်များ စားစရာ လုံလုံလောက်လောက် မရှိသော်လည်း IPSTAR ဂြိုဟ်တုမှတဆင့် အင်တာနက်သုံး၍ ရနေပြီ ဖြစ်သည်။ သို့သော် ထိုအင်တာနက်မှာ ဒုက္ခသည်များအတွက် မဟုတ်ဘဲ လပွတ္တာနှင့် ဘိုကလေး မြို့များရှိ ကုလအဖွဲ့များဖြစ်သည့် UNICEF တို့အတွက်သာ ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

IPSTAR ဂြိုဟ်တုသည် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ပိုင်သည့် Shin Satellite ကုမ္ပဏီပိုင် ဂြိုဟ်တုဖြစ်ပြီး မြန်မာအပါအ၀င် အရှေ့တောင်အာရှ (၁၇) နိုင်ငံအတွက် အမြန်နှုန်း အင်တာ နက်ရစေရန် ဖြန့်ဖြူးပေးနေသည်။ အဆိုပါ ဂြိုဟ်တုကို Thaicom 4 ဂြိုဟ်တုဟုလည်း ခေါ်သည်။

အပြည့်အစုံသို့...

ရန်ကုန်ရှိ ကျောင်းသားမိဘများ ကျောင်းအပ်ကြပြီ

ဧရာဝတီ-ကိုစိုး | မေ ၃၀၊ ၂၀၀၈

အခြေခံပညာကျောင်းများတွင် ယခုနှစ်ကျောင်းအပ်နှံကြသော ကျောင်းသူကျောင်းသားများအား ရန်ကုန်မြို့လယ်ရှိ ကျောင်း အများစုက မည့်သည့် အခကြေးငွေမျှ ဖြတ်တောက်ရယူခြင်း မရှိကြောင်းနှင့် တချို့သော မြို့ ဆင်ခြေဖုံးကျောင်းများတွင် အခကြေးငွေတချို့ကို ကတိကဝတ်ဖြင့် ယူနေကြောင်း ကျောင်းသား မိဘများက ပြောသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံ မြို့နယ်ရှိ အထက်တန်းကျောင်း တကျောင်းတွင် သားသမီး ၃ ဦးကို ကျောင်းအပ်ခဲ့သည့် ကျောင်းသား မိဘ မိခင်တဦးက ကျောင်းသားတဦးလျင် ကျောင်းဝင်ကြး ၁၅၀၀ ကျပ်ကိုပေးခဲ့ရပြီး ကျောင်းဝတ်စုံ ဝယ်ယူရန်နှင့် နာဂစ် မုန်တိုင်း လေဘေးအတွက် အလှူငွေထည့်ရန် ကျောင်းတာဝန်ရှိသူများက ကတိကဝတ် ပြုခိုင်းသည်ဟု ပြောသည်။

“ကျောင်းဝင်ကြေးက ၁၄၀၀ ပါ၊ အကြွေမရှိလို့ ၁၅၀၀ ဖြစ်သွားတာ၊ သမီးတွေအပ်တုန်းကတော့ မပေးရသေးဘူး၊ သားကြီး ၉ တန်း ကျောင်းသားကိုအပ်တော့မှ လေဘေးအတွက် ထည့်ခိုင်းလို့ ၂၀၀၀ ထည့်ပါ့မယ်လို့ လက်မှတ်ထိုး ကတိပြုခဲ့ရတယ်၊ ဘာဖြတ်ပိုင်းမှ မပေးဘူး၊ ပါးစပ်နဲ့ပဲ၊ ကျောင်းတက်တော့မှ ကိုယ့်အသိစိတ်ဓာတ် နဲ့ ကိုယ့် ကျောင်းမှာ ကိုယ်လိုအပ်တာတွေ အကုန် ဝယ်ပါ ဖြည့်ပါလို့လည်း ပြောတယ်၊ ကျောင်းတက်တော့မှ ပိုက်ဆံ တောင်းမယ်နဲ့ တူပါတယ်၊ စာအုပ်ဖိုး ဟိုကြေး ဒီကြေးတွေတောင်းမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

၁ တန်းနှင့် ၃ တန်း တက်ရောက်ရန် ကျောင်းအပ်နှံခဲ့သော သမီး ၂ ဦး အတွက် ယခုနှစ် ကျောင်းဝတ်စုံ အသစ်များ ပြောင်း လဲမည်ဖြစ်သောကြောင့် ဝတ်စုံဝယ်ရန် တာဝန်ရှိသူများက စာရင်းတောင်းသည်ဟုလည်း သိရသည်။

“အခု ဒီနှစ် စိတ်ပျက်စရာကောင်းတာက ကျောင်းယူနီဖောင်းတွေ လဲပစ်တာပဲ၊ အသစ်တွေလဲတာ၊ မနှစ်ကမှ ၃ စုံ ၄ စုံ ဝယ်ပေးထားတာ၊ အခု တခါ ထပ်ပြောင်းပြန်ပြီဆိုတော့ ညီအစ်မ ၂ ယောက်ဆို တယောက် ၃ စုံလောက်၊ မိုးတွင်းဆို မလွယ်ဘူးလေ၊ အကုန်လုံးလဲရတာ စရိတ် မသက်သာဘူး၊ အခုပုံစံက စကတ်နဲ့ အင်္ကျီဖြစ်သွားပြန်ပြီ၊ မနှစ်က အင်္ကျီအဖြူ ပေါ်မှာ အပေါ်က ဂါဝန် အစိမ်းထပ်တဲ့ပုံစံ၊ တစုံကို သမီးအကြီးအရွယ်ဆို ကျပ် ၆၀၀၀ ၊ အငယ် ဆို ရင် ၅၅၀၀ ၊ မနှစ်က လည်း အဲဒီလိုပဲ ရောင်းတာ၊ သူတို့ဆီမှာပဲ ဝယ်ခိုင်းတာ၊ အခု စာရင်းတွေ အတင်း ပေးခိုင်း နေတယ်”ဟု လည်း အထက်ပါ ကျောင်းသားမိဘ မိခင်က ပြောဆိုသည်။

ယခုနှစ်ကျောင်းအပ်ရာတွင် စာအုပ်စာတန်းကြေးနှင့် တခြားသော အထွေထွေကြေးများ မကောက်ခံသည်ကို အံ့သြမိ သော်လည်း ဝမ်းမသာနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီနှစ်က လူအများစု ဒုက္ခဖြစ်နေကြတာဆိုတော့ အရမ်းတော့ ပိုက်ဆံ မကောက်ရဲဘူးပေါ့၊ ဒါပေမယ့် ယူနီဖောင်း ပြောင်း လိုက်တာတို့ ဘာတို့တော့လုပ်တာပေါ့၊ ကျောင်းဖွင့်မှ အကုန်တောင်းမယ် ထင်တယ်၊ ပြီးတော့ အလှူငွေ မကောက်ရလို့ ရစ်တာတွေရှိသေးတယ်၊ အမျိုးတယောက် ရပ်ကွက်ထဲက ကျောင်းတကျောင်းမှာသွားအပ်တာ လက်မခံဘဲ ရစ်နေတာ ၃ ရက်လောက်ရှိပြီ၊ မွေးစာရင်းတို့ သန်းခေါင်စာရင်းတို့ အထောက်အထားအပြည့် အစုံ ပါတာကို ရစ်တာ၊ အလှူငွေမှ မရတာ၊ ကလေးက အသက် ၉ နှစ်၊ သူငယ်တန်း အပ်တာ”ဟုလည်း ဆိုသည်။

ယခင်နှစ်များကဆိုပါလျင် မူလတန်းအဆင့် သူငယ်တန်းအတွက် ကျောင်းစအပ်ရာတွင် အပ်သည့်ကျောင်း၌ ညီအစ်ကို မောင်နှမများရှိပါက ကျပ် ၃ သိန်း ခန့် ကုန်၍ မရှိလျင် ကျပ် ၅ သိန်း မှ ၁၀ သိန်းခန့်အထိ ကုန်ကျကြောင်း သိရသည်။

“တချို့တတ်နိုင်တဲ့ ကျောင်းသားမိဘတွေ ကိုယ်တိုင်ကိုက ကိုယ့်စာရင်း ကိုယ်ရေးပြီး ပိုက်ဆံတွေထည့်ကြတာ မျိုးရှိတယ်၊ မြို့ဆင်ခြေဖုံး ရပ်ကွက်ထဲက ကျောင်းတွေကတော့ အဲဒီလောက်မကုန် ဘူးပေါ့၊ ဒါပေမယ့် ၂ သောင်း တို့ ၅ သောင်းတို့ လောက်တော့ ပေးရတာ ချည်းပဲ”ဟု ကျောင်းသားမိဘ မိခင်က ပြောပြသည်။

ရန်ကုန်မြို့လယ်ရှိ စာသင်ကျောင်းများတွင် တက်ရောက်မည့် ကျောင်းသားများကို ကျောင်းစတင်အပ်သည့် အချိန်တွင် မည်သည့်ငွေကြေးမှ မကောက်ခံသော်လည်း တချို့ကမူ ကျောင်းဝတ်စုံ ဝယ်ခိုင်းကြောင်း သိရသည်။

“ဗိုလ်တထောင် အထက ၄ မှာ ဂါဝန် ဝတ်စုံရောင်းတယ်၊ ကိုယ်လိုသလောက် တစုံ၊ ၂ စုံ ဝယ်လို့ရတယ်၊ ဝတ်စုံ က ကျပ် ၄၅၀၀ ရှိတယ်၊ မူလတန်းဝတ်စုံ၊ ဘယ်နှစုံဝယ်လို့ သတ်မှတ်မထားဘူး၊ အပြင်ဝတ်စုံက ၂၃၀၀ လောက် ပဲရှိတယ်၊ ဒါပေမယ့် ကျောင်း တဆိပ်ပါမှဆိုတော့ ကျောင်းက အနည်းဆုံး တစုံတော့ ဝယ်ရတာပေါ့၊ ကျောင်းဝင် ကြေးမပေးရဘူး၊ ကတိကဝတ် ပြုရတာမျိုးလည်း မရှိဘူး” ဟု ဗိုလ်တထောင်မြို့နယ်မှ ကျောင်းသား မိဘ တဦးက ပြောဆိုသည်။

ကျောက်တံတားမြို့နယ် မူလတန်းကျောင်းတွင် “အခမဲ့ ကျောင်းအပ်နိုင်သည်”ဟူသော ဆိုင်းဘုတ်ပင် ထောင် ထားကြောင်း နှင့် ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) တို့တွင် ကျောင်းအပ်ခ မည်သည့်ငွေကြေးမျှ မပေးရကြောင်းလည်း ကျောင်းသားမိဘများက ပြောသည်။

“ဟုတ်တယ် ကျောင်းမှာ ဆိုင်းဘုတ်နဲ့ကို ရေးထားတာ၊ အခမဲ့ ကျောင်းအပ်နိုင်သည် ဆိုပြီးတော့လေ၊ ကျောင်း ဖွင့်မှ အကုန်ပေးရမလား မသိဘူး”ဟု ရန်ကုန် ကျောက်တံတားမြို့နယ်ရှိ မူလတန်း ကျောင်းသား မိဘ တဦးက ပြောသည်။

ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) တွင် စတုတ္ထတန်းတက်ရောက်ရန် သွားရောက်အပ်နှံခဲ့သော ကျောင်းသား မိဘတဦးကလည်း“ကုန်ကျစရိတ် လောလောဆယ်ဘာတခုမှ မကောက်သေးဘူး၊ မိဘဆရာ အသင်းကြေးတွေလည်း ဘာတခုမှ မဖြတ်သေးဘူး၊ ကျနော်ကြားတာတော့ နောက်မှ ကျသင့်ငွေတောင်းမယ်တဲ့၊ ကျောင်းဖွင့်တော့မှပေါ့”ဟု ပြောဆိုသည်။

ယမန်နှစ်က အလှူငွေကောက်ခံမှုနှင့်ပတ်သက်ပြီး အခြေခံပညာကျောင်းပေါင်း ၄၀ ကျော်ကို အခြေခံပညာ ဦးစီး ဌာန က ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒဂုန်မြို့နယ် အထက်တန်းကျောင်း အမှတ် (၁) သည် အဆိုးဆုံး ဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။
ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံရေးကာလကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းအပ် လက်ခံစဉ် အလှူငွေ မကောက်ခံရန်နှင့် ကောက်ခံပါကတိုင်ကြားနိုင်သော တယ်လီဖုန်းနံပါတ်များပါဝင်သည့် ကြေညာချက် ကို ၂၀၀၇ ခုနှစ် မေလ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အပြည့်အစုံသို့...

ဧရာဝတီတိုင်း အိုးမဲ့အိမ်မဲ့ (၇) သောင်းကျော်

NEJ/ ၃၀ မေ ၂၀၀၈

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ခန့်မှန်းချက်အရ ဧရာဝတီတိုင်းတွင် မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဦးရေ (၁) သန်းခွဲ ရှိပြီး ဧရာဝတီတိုင်း လေးမြို့နယ်တွင် အိုးမဲ့အိမ်မဲ့ဦးရေ (၇) သောင်း ကျော်ရှိသည်ဟု ကုလသမဂ္ဂက မှန်းထားသည်။

လပွတ္တာ၊ ဘိုကလေး၊ မြောင်းမြ၊ ဖျာပုံ (၄) မြို့နယ်တွင် လပွတ္တာမှာ အိုးမဲ့အိမ်မဲ့ဦးရေ (၃၄,၀၀၀) ရှိသည့်အတွက် စုစုပေါင်းလေးမြို့နယ် အိုးမဲ့အိမ်မဲ့ဦးရေ၏ (၄၈) ရာနှုန်း ရှိသည်။ ဒုတိယ အိုးမဲ့အိမ်မဲ့ ဦးရေ အများဆုံးမှာ ဘိုကလေးဖြစ်ပြီး အဆိုပါမြို့တွင် အိုးမဲ့အိမ်မဲ့ဦးရေ (၁၅,၅၀၀) ရှိသည်။

မော်ကျွန်းဆိုလျင် မုန်တိုင်းမတိုင်မီက လူဦးရေ (၃) သိန်းခွဲ ရှိသော်လည်း မုန်တိုင်းကြောင့် လူ (၅) ထောင်နီးပါး သေပြီး (၈) သောင်းနီးပါး ပျောက်ဆုံးနေသည်ဟု (UNOCHA) က မှန်းထား သည်။ ငပုတောတွင် မြို့နယ်လူဦးရေ၏ (၄၆) ရာနှုန်း ဒုက္ခရောက်ပြီး အိမ်ခြေ (၄၉) ရာနှုန်း ပျက်စီးသည်ဟုပါ UNOCHA က ထုတ်ပြန်သည်။

ဘိုကလေးမြို့ဆိုလျင် မုန်တိုင်းကြောင့် အိမ်ခြေ (၉၀) ရာနှုန်း ပျက်စီးသည်ဟု ဧရာဝတီတိုင်း ရောက်နေသည့် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောသည်။ မုန်တိုင်းကြောင့် ဘိုကလေးတွင် လူ (၁) သောင်း သေသည်ဟု မုန်တိုင်းအပြီး စစ်အစိုးရက ထုတ်ပြန်သည်၊

မုန်တိုင်းကြောင့် ဆန်ဂိုဒေါင်များ၊ စပါးဂိုဒေါင်များ ပျက်စီးကုန်သည့်အတွက် ဘိုကလေး ဈေး ကွက်မှာ ဆန်ရှားနေသည်။ မုန်တိုင်းမကျမီက ဆန်တအိတ် (၁) သောင်းခွဲ ရှိရာမှ မုန်တိုင်းအပြီး မေလ (၁၀) ရက်နေ့တွင် ဆန်တအိတ် (၆) သောင်း ဖြစ်သွားသည်ဟု Action Contre la Faim (ACF) အဖွဲ့က ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်း နလံထူရေးအတွက် လုပ်ငန်းများတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်ကလည်း ငွေဖြစ်လွယ်သည့် အလုပ်အကိုင် (Cash for Work Program) ဖြင့် စတင် လုပ်ဆောင်နေသည်
ဟု စုံစမ်းသိရသည်။ ဥပမာ- ဘိုကလေးနှင့် ကျိုက်လတ်ကဲ့သို့ ဒေသများတွင် ရေကန်ပြန်ဆည် သည့် လုပ်ငန်းများ၊ လယ်သမားများ စပါးစိုက်ရန် လုပ်ငန်းခွင် ကူညီသည့်လုပ်ငန်းများအတွက်
န၀လီပေးပြီး အလုပ်ရှာပေးသည့်သဘော ဖြစ်သည်။ ။

အပြည့်အစုံသို့...

လေဒဏ်သင့် ကျောင်းပျက်များကြောင့် ကျောင်းသား တသန်းကျော် ပညာရေးထိခိုက်ရ

မဇ္ဈိမသတင်းဌာန၊ မေလ ၃၀ ရက် ၂၀၀၈

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းသင့် ဒေသများတွင် ကျောင်းများ ပျက်စီးကြသဖြင့် ထိခိုက်နစ်နာရသူ ကျောင်းသားလူငယ် ဦးရေမှာ ၁ ဒဿမ ၁ သန်း ရှိသည်ဟု အစိုးရ ကိန်းဂဏန်းများက ဆိုသည်။

ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် ပျက်စီးသွားသော အခြေခံပညာ ကျောင်းပေါင်း ၄၁၀၆ ကျောင်း ရှိသည့်အနက် လုံးဝ ပျက်စီးသွားသော ကျောင်း ၁၂၅၅ ရှိကာ၊ ၈၀၄ ကျောင်းမှာ ဆိုးဝါးစွာ ပျက်စီးသွားသလို၊ ၁၉၉၆ ကျောင်းမှာမူ အမိုးများ ပျက်သွားသဖြင့် ကျောင်းသားများ ယခုလို ပညာသင်ကြားရေး ထိခိုက်ကြရသည်။

"ကျနော်တို့ မြို့ပေါ်မှာက အထက ကျောင်း ၂ ကျောင်းကပဲ အမိုးလန်သွားတာ ရှိတယ်။ အဲဒါတော့ လူကြီးတွေ လာကြည့်တော့ ပြင်ပြီးသွားပြီ။ တခြား မူလတန်း ကျောင်းလေးတွေဆိုရင် ကျောင်းဆောင်တခုလုံး ပြိုသွားတာ ရှိတယ်။ အနီးအနားက ရွာတွေဆိုရင် ဘာမှကို မကျန်တော့တာတွေ ရှိတယ်" ဟု ဘိုကလေး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတ၀ှမ်း ကျောင်းဖွင့်ရာသီကို ရောက်တော့မည် ဖြစ်သော်လည်း မုန်တိုင်းဒဏ်သင့် ဒေသများမှ ပျက်စီးသွားသော ကျောင်းအများစုတို့မှာ ယနေ့ထိတိုင် ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိသေးပါ။

ကျောင်းသားမိဘများ အနေနှင့်လည်း မိသားစု စားဝတ်နေရေးကိုသာ လုံးပန်းနေရ၍ ကလေးများ၏ ကျောင်းတက်ရန် ကိစ္စကို မတွေးဝံ့အောင် ရှိနေကြသည်။

"ကျမကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လို့ ကြိုးစားပြီး ကျောင်းထားခဲ့တယ်။ အခုက ကျောင်းကလည်း ပျက်နေပြီ။ ကျမတို့ အိမ်လည်း မရှိတော့ဘူးဆိုတော့ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘူး။ ကလေးတွေက ကျောင်းတက်ချင်ကြတယ်" ဟု ဘိုကလေးမ ကျောင်းသားမိဘ တဦးက ပြောသည်။

ကျောင်းသားငယ်များသည် ကျောင်းတက်ရန်ထက် စားဝတ်နေရေး အခက်အခဲများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြသည်။

"သူများတွေက ကျောင်းအပ်နေရပြီလေ။ သမီးက မအပ်ရသေးဘူး။ စိတ်မကောင်းဘူး။ သမီးက ဒီနှစ် ၁၀ တန်းတက်မှာ၊ ၀ိဇ္ဇာဘာသာတွဲ ယူထားတယ်။ အဖေတို့က မရှိတဲ့ ကြားက မြို့မှာ ကျောင်းထားပေးထားတော့ ကြိုးစားပါတယ်။ အခုကတော့ အိမ်တောင် မရှိတော့ဘူး။ ကျောင်းတက်ရဖို့ကတော့ သမီးရဲ့ ကံတရားလို့ပဲ မှတ်ပါတယ်" ဟု ဘိုကလေးမြို့နယ်အပိုင် အတွဲနှစ်ရွာမှ မညိုညိုက ပြောသည်။
ဧရာဝတီတိုင်းအတွင်း လေဘေးဒဏ်သင့် ၇ မြို့နယ်တွင် အခြေခံ ပညာသင်ကျောင်းများ ဖွင့်ရက်ကို တလ နောက်ဆုတ်လိုက်ကြောင်း ဧရာဝတီတိုင်း ပညာရေးရုံးက ထုတ်ပြန်ထားသည်။

"ဒီလို ထုတ်ပြန်တာ ဟုတ်ပါတယ်။ ဧရာဝတီတိုင်းက အရင် ကြေညာပြီးတဲ့ ဘေးဒဏ်သင့် ၇ မြို့နယ်ကိုပါ။ တလ နောက်ဆုတ်လိုက်ပါတယ်" ဟု ပုသိမ်မြို့ တိုင်းပညာရေးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ကျောင်းများ ဖွင့်ရန် အဆင်သင့် မဖြစ်သေး၍ ဧရာဝတီတိုင်းရှိ လေဘေးဒဏ်သင့် ငပုတော၊ ကျိုက်လတ်၊ ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်းမြို့နယ် ၇ မြို့နယ်တို့အတွင်းမှ အခြေခံပညာ ကျောင်းဖွင့်ရက်များကို ရွှေ့ဆိုင်းလိုက်သည်။

တနိုင်ငံတ၀ှမ်းလုံး ကျောင်းအပ်ရက်ကို မေလ ၂၅ ရက်နေ့မှ စတင် သတ်မှတ်ထားသည်။ ကျောင်းဖွင့်ချိန်မှာ ဇွန်လ ၂ ရက်နေ့ ဖြစ်သည်။

ရန်ကုန်တိုင်းနှင့် အခြား ပြည်နယ်-တိုင်းများမှ ကျောင်းများသည် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

အပြည့်အစုံသို့...

ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ်လီပို့က ကြေညာ

ဧရာဝတီ-အေးလဲ့ | မေ ၃၀၊ ၂၀၀၈

အင်တာနက်ပေါ်မှ အစိုးရခွင့်မပြုသော သတင်းစာမျက်နှာများနှင့် ဘလော့ (Blog) များကို ယခင်က ပရောက်စီ (proxy) နံပါတ်များ အသုံးပြုကျော်ဝင်ကာ ဖတ်နိုင်သော်လည်း ယနေ့မှစ၍ ဝင်ရောက် ဖတ်ရှုနိုင်ခြင်းမရှိတော့ကြောင်း အင်တာနက် အသုံးပြုသူများ နှင့် အင်တာနက်ဆိုင် ဝန်ထမ်းများထံမှ သိရသည်။

လက်ရှိ အင်တာနက် ပုံမှန် သုံးစွဲသူ တဦးက “ပရောက်စီနံပါတ် အခု ၂၀ လောက်ရှိတာ ၁ ခုပဲ စမ်းကြည့်ဖို့ ကျန်တော့တယ်။ စမ်းပြီးသမျှတွေ တခုမှမရဘူး။ အင်တာနက်ဆိုင်တွေမှာ အသုံးပြုနေကျ freedom ပရောက်စီလည်း မရတော့ဘူး။ ဆိုင်တွေ အားလုံး စိတ်ညစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က အင်ဂျင်နီယာအဖွဲ့၊ ကွန်ယက်လည်ပတ်ရေးဌာန၊ မြန်မာတယ်လီပို့ ဝက်ဘ်ဆိုက်မှတဆင့် proxy Server များ ပြောင်းလဲခြင်း ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်တွင် “မြန်မာတယ်လီပို့အနေဖြင့် ပိုမို၍ အဆင့်အတန်းမြင့်ကောင်းမွန်သော Internet ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သောစက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။ ယခုအခါ Internet သုံးစွဲရန်အတွက် proxy Server များကိုအသုံးပြုရန်မလိုအပ်တော့ပါ။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ Web Brower Software များတွင် Proxy Setting များကိုဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။

အင်တာနက် အသုံးပြုသူ တဦးက “ပရောက်စီ သုံးစရာမလိုဘူးဆိုရင် အခုဒီအတိုင်းဖွင့်ရင်လာရမှာပေါ့၊ အခုဟာက ဘလော့ တောင်ကြည့်လို့ မရတော့ဘူး ဂျီမေးလေး ပေးသနားထားတာပဲ ကျေးဇူးတင်ရမယ်” ဟု ပြောသည်။

တခြားသော အင်တာနက် အသုံးပြုသူ တဦးကလည်း “ပြည်သူတွေ ကြည့်ချင်တာ ကြည့်ကြပါစေဆိုပြီး ချပေးတာတော့ မဟုတ်နိုင်ဘူး။ လှည့်ကွက်တခုဖြစ်နိုင်တယ်၊ Internet Access ကို ဖွင့်ပေးပြီး IP Address ကတဆင့် ဖမ်းချင်တာလည်း ဖြစ်နိုင်တယ်။ အရင်ကဆိုရင် proxy ခံပြီးသုံးနေတော့ ကျနော် သုံးနေတာ ဘာလဲဆိုတာမသိနိုင်ဘူး” ဟု ပြောသည်။

နိုင်ငံရေးနှင့်သက်ဆိုင်သည့် ဝက်ဘ်ဆိုက်များ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဝက်ဘ်ဆိုက်များ၊ g-mail ၊ G-talk၊ Google၊ pop site၊ စသည့် ဆိုက်များကို မြန်မာနိုင်ငံသားများ တိုက်ရိုက် အသုံးပြုခွင့် မရအောင် အစိုးရက နည်းပညာအသုံးပြုပြီး အမျိုးမျိုး ထိန်းချုပ်ထားခဲ့သောကြောင့် သုံးစွဲသူတို့က ပရောက်စီ နံပါတ် များကို အမျိုးမျိုးပြောင်းလဲ၍ ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များကို ဝင်ကြည့်နေရခြင်း ဖြစ်သည်။
မြန်မာနိုင်ရှိ အင်တာနက်ဆိုင်ရာဝန်ဆောင်လုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာတယ်လီ ပို့တို့က ဆောင်ရွက် ပေးလျှက်ရှိပြီး ယခုမြန်မာတယ်လီပို့သည် ယခင်က Bagan Net ဖြစ်ကာ ဝန်ကြီးချူပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ သား ဦးရဲနိုင်ဝင်း၏ လုပ်ငန်းဖြစ်ခဲ့သည်။

အပြည့်အစုံသို့...

စစ်အစိုးရ ရွေးကောက်ပွဲကို အန်အယ်လ်ဒီမ၀င်သင့်ဟု ဗကပ အကြံပေး

NEJ/၃၀ မေ ၂၀၀၈

မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေ ၂၀၀၈ ကို တိုက်ဖျက်ရန်အတွက် ပြင်ဆင်ရာတွင် ၂၀၁၀ ပြည့် နှစ် ရွေးကောက်ပွဲကို အန်အယ်လ်ဒီ ၀င်မပြိုင်သင့်သော်လည်း အတိုက်အခံ နိုင်ငံရေး အင်အားစုသစ်တရပ်က အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲ ၀င်ကစားဖို့ လိုသည်ဟု မကြာခင်က ထုတ်ပြန်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၏ အစီရင်ခံစာတွင် အကြံပေးထားသည်။

သို့သော် အတိုက်အခံ နိုင်ငံရေးအင်အားစုသစ်က အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲ မည်သို့မည်ပုံ ၀င်ကစားရမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိပေ။ စစ်အစိုးရ အခြေခံ ဥပဒေတွင် ပါတီများအပေါ် ချုပ်ကိုင်သည့် ဥပဒေများ ရှိနေသည့်အတွက် အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲ အန်အယ်လ်ဒီမပါဝင်သင့်ကြောင်း အစီရင်ခံစာတွင် အကြံပေးထားသည်။

တိုက်ပွဲပုံသဏ္ဌာန်အရ လိုအပ်လျှင် လက်နက်ကိုင် တိုက်ပွဲအတွက် ပြင်ဆင်သင့်သည်ဟု ပြော သော်လည်း အနည်းဆုံး တပ်မတော်နှင့် စေ့စပ်ဆွေးနွေးရေးမူကို ကိုင်စွဲမည်ဟု ဖော်ပြထားသည်။ ထို့ပြင် နှစ် (၂၀) ကျော် ဒီမိုကရေစီ အလံကိုင်အဖြစ် ရပ်တည်ခဲ့သည့် အန်အယ်လ်ဒီကို အတွေး အခေါ်အရ ကူညီသင့်သော်လည်း ဗကပ အနေနှင့် အန်အယ်လ်ဒီ အတွင်းရေးကို ၀င်စွက်ရန် မဖြစ်ဟု သုံးသပ်ထားသည်။

စစ်အစိုးရအနေနှင့် ရွေးကောက်ပွဲလွန်ကာလများ အထူးသဖြင့် ပထမအကြိမ် လွှတ်တော်ခေါ်ပြီးနောက်ပိုင်း အခြေခံဥပဒေ ၂၀၀၈ အကျပ်အတည်းများ ကြုံရမည်ဟုပါ အစီရင်ခံစာက ဟောကိန်း ထုတ်ထားသည်။ ။

အပြည့်အစုံသို့...

မုန်တိုင်းအကျိုးဆက် ကုန်ဈေးနှုန်းများ ဆက်လက်တက်

မဇ္ဈိမသတင်းဌာန၊ မေလ ၂၉ ရက် ၂၀၀၈

ချင်းမိုင်။ ။ မုန်တိုင်းအပြီး ရန်ကုန်တွင် ကုန်ဈေးနှုန်းများ ၂ ဆခန့် မြင့်တက်နေကာ ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု စီးပွားရေး သမားများက ပြောဆိုသည်။

မေလ ၂ ရက်နေ့ နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း စားသောက်ကုန် ဈေးနှုန်းများသည် ယခင်ထက် ၂ ဆ တက်ပြီး ယနေ့အချိန်ထိ ပြန်လည် ကျဆင်းခြင်း မရှိသေးဘဲ ဆက်လက် မြင့်တက်ဖွယ် ရှိနေခြင်း ဖြစ်သည်။

“ဆန်ဈေးကတော့ အခုတလော အရမ်းတက်လာတယ်။ တပြည်ကို ၁၇ဝဝ ကျပ် ဖြစ်သွားတယ်။ နှစ်တင်းအိတ် ဆိုရင် ၅ သောင်း ၄ ထောင် ရှိတယ်။ အနည်းဆုံး ၅ဝဝ လောက် တက်သွားတယ်။ ရိုးရိုးပေါ်ဆန်း အရင်တုန်းက တပြည်ကို ၈ဝဝ ၊ အခုပေါက်ဈေး ၁၆ဝဝ။ ဧည့်မထက အရင်တုန်းက ၆ဝဝ၊ အခု ၉ဝဝ။ ပဲဆီက အရင်တုန်းက ၄ဝဝဝ ၊ အခု ပေါက်ဈေး ၇ဝဝဝ။ စားအုန်းဆီက တဆယ်သား ၂၅ဝ၊ အခု ၄၂ဝ ဈေး” ဟု ရွှေပြည်သာ မြို့နယ်မှ ဒေသခံ အိမ်ရှင်မက ပြောသည်။

ကြက်သွန်နီ အညံ့စားသည် ယခင်က ကျပ် ၁ဝဝ ရှိရာမှ ယခုအခါ ၂၅ဝ အထိ ရှိသည်ဟု သူက ဆက်ပြောသည်။

ကြက်သွန်ပွဲစား တဦးကလည်း “မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ၊ ပျော်ဘွယ်၊ တောင်တွင်းကြီးမှာ ထွက်တဲ့ ကြက်သွန်တွေက ၂၅ဝ မှာ ၅ဝဝ အထိ ရှိမယ်။ ကြက်သွန် အသေးကတော့ ၂ဝဝ မှာ ၃ဝဝ အကြား ရှိပါတယ်။ ပိဿာ ၂ဝဝ ဆိုရင် ပစ္စည်းအညံ ဖြစ်တယ်။ အခွံကျွတ်များမယ်။ ပခုက္ကူထွက် အသေး ၃ဝဝ နဲ့ ၃၂၅ အကြားမှာ ရှိတယ်။ ကျန်တဲ့ဟာ အထားမခံတဲ့ ဟာမျိုးဆိုရင် လတ်တလော သုံးမယ် ဆိုတဲ့ဟာဆိုရင် ၂၅ဝ နဲ့ ၂၇၅ ၊ ကြက်သွန်ဖြူ တပိဿာ ၂ဝဝဝ ပေါက်တယ်” ဟု ပြောဆိုသည်။

ဧရာဝတီနှင့် ပဲခူးတိုင်းအတွင်း မုန်တိုင်းနှင့် ရေဘေးကြောင့် ဆန်များ ပျက်စီး ဆုံးရှုံးရသဖြင့် ရန်ကုန်တိုင်းအတွင်း ဆန်တင်ပို့မှု အကြီးအကျယ် ကျဆင်းသွားသဖြင့် ဆန်ဈေးနှုန်း ဆက်လက် မြင့်တက်ဖွယ် ရှိသည်ဟု ဘုရင့်နောင် အမည်ရှိ ဆန်ပွဲရုံမှ ပွဲစားတဦးက ပြောသည်။

သူက “ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း တင်ပို့ဆန်တွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားတယ်။ ဆန်တင်ပို့မှု နည်းပါးလာတဲ့အတွက် ဆန်ဈေး တက်လာနိုင်ဖွယ်ရာ ရှိတယ်” ဟု ပြောသည်။

ယခုအခါ ပုသိမ် ပေါ်ဆန်းမွှေး စူပါရှယ် (၂၄ ပြည်) တအိတ်လျှင် ကျပ် ၄၇ဝဝဝ၊ ပုသိမ်ပေါ်ဆန်း ရိုးရိုး ၄၁ဝဝဝ၊ ပုသိမ် ဒုတိယ အတန်းအစားမှ (အလတ်စား) ၃၉ဝဝဝ၊ ဆန်အညံ့ ၂၇ဝဝဝ ၊ ပဲဆီသန့်စစ်စစ် တပိဿာ ၇ဝဝဝ ၊ ပဲဆီ အလတ်စား တပိဿာ ၅၅ဝဝ ၊ စားအုန်းဆီ ၃၈ဝဝ၊ ဆားတပိဿာ ၁၂ဝဝ ရှိပြီး ယခင်ဈေးထက် နှစ်ဆနီးပါး တက်နေသည်ဟု ဆန်ပွဲရုံတခုက ပြောသည်။ ယခင်ဈေးထက် ၂ ဆခန့် တက်ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ငရုပ်ပွဲရုံတခုမှ စီးပွားရေး လုပ်ငန်းရှင်ကလည်း “ငရုပ်၊ ကြက်သွန်၊ ပဲအမျိုမျိုး လောလောဆယ် တက်လာဖို့ မရှိသေးပါဘူး။ အခြေအနေကိုတော့ တိတိကျကျ မပြောနိုင်ပေမယ့် အနည်းအကျဉ်း တက်လာနိုင်တယ်။ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ရှိတယ်။ မိုးလည်း ကျနေတယ်။ ဒါကြောင့်ပါ” ဟု ပြောသည်။

သူက “ငရုပ်သီးတွေကတော့ မြစ်ဝကျွန်းပေါ်ဘက်က ထွက်တဲ့ ငရုပ်သီး ရှိတယ်၊ အညာက ထွက်တဲ့ ငရုပ်သီးတွေ ရှိတယ်။ ငရုပ်သီးက အစားစား ရှိတယ်။ မြစ်ဝကျွန်းပေါ် ဝါးခယ်မ၊ ရွှေလောင်း၊ အိမ်မဲတို့မှာ ထွက်တဲ့ ငရုပ်သီးခြောက် အရှည်တွေက တပိဿာ ၁၆ဝဝ နဲ့ ၁၈ဝဝ အထိ ရှိတယ်။ ပခုက္ကူ ထွက်တဲ့ ငရုပ်သီးမှာလည်း တပိဿာ ၁၈ဝဝ နဲ့ ၁၉ဝဝ ပေါက်တယ်။ ကျောက်ဆည်ဘက်က ထွက်တဲ့ မိုးထောင် တပိဿာ ၂ဝဝဝ မှာ ၂၁ဝဝ အထိရှိတယ်” ဟု ဆက်ပြောသည်။

အပြည့်အစုံသို့...

လွတ်လပ်စွာ အကူအညီပေးရေး စစ်အစိုးရ သတင်းစာများက ဆန့်ကျင်ဝေဖန်

ဧရာဝတီ-ကိုစိုး | မေ ၂၉၊ ၂၀၀၈

မြန်မာနိုင်ငံရှိ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များအား လွတ်လပ်စွာအကူအညီပေးရေးနှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပ အကူအညီများနှင့် ဒုက္ခသည်များအပေါ် ဝေဖန်ရေးသားထားသည်များကို ယနေ့ထုတ် စစ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတွင် မေလ ၂၅ ရက်နေ့က ကျင်းပခဲ့သော နိုင်ငံပေါင်း ၅၁ နိုင်ငံနှင့် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများပါဝင်သည့် လေဘေးဒုက္ခသည်ကူညီရေး အလှူရှင်နိုင်ငံများ ကတိ ကဝတ်ပြု ညီလာခံနှင့် ပတ်သက်၍ “မြန်မာနိုင်ငံအတွင်း အဆီးအတားမရှိ လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင်ခွင့် Free Access ရမှ အကူအညီများ စို့စို့ပို့ပို့ ထပ်မံ ပေးအပ်မည်ဆိုသော အသံများကို ကြားရကြောင်း၊ ယင်း Free Access ဆိုသည့်စကားမှာ အိမ်ခြံဝင်းတံခါးမှ မီးဖိုချောင်တံခါးအထိ တံခါးအားလုံးကိုဖွင့်ပေးမှ ကျေနပ်မည့် အဆင့်မျိုးအထိ ရောက်သွားနိုင်၍ စဉ်းစားရမည်ဖြစ်ကြောင်း” စသည်ဖြင့် ဖော်ပြထားသည်။

မုန်တိုင်းကြောင့် ပျက်စီးမှုနှင့် ပြန်လည်ထူထောင်ရေးအတွက် စစ်အစိုးရ လိုအပ်ချက် ဒေါ်လာ ၁၁ ဘီလီယံခန့် တင်ပြ တောင်းဆိုသော်လည်း ဒေါ်လာသန်း ၁၅၀ ကျော်သာ ယခုညီလာခံက ကတိပြုကြသောကြောင့် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောဆိုသည့် အရေးပေါ် ၃ လစာ အကူအညီအတွက် ဒေါ်လာ ၂၀၁ သန်း ပမာဏ ကိုပင် မပြည့်မီကြောင်း လည်း သတင်းစာက ဝေဖန်ပြောဆိုသည်။

သတင်းစာတွင် လွန်ခဲ့သော ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ဆူနာမီလှိုင်းဘေး သင့်ခဲ့စဉ် အရေးပေါ် ထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်း ပေးခဲ့သည့် ကမ္ဘာ့ဘဏ်က ယခု မုန်တိုင်းဒဏ်ခံ မြန်မာ ပြည်သူများ အတွက် အကူအညီ မပေး၊ ငွေမချေးကြောင်းကိုလည်း ထောက်ပြဝေဖန်ထားသည်။

၁၉၉၈ ခုနှစ်က မြန်မာစစ်အစိုးရ ချေးယူထားသော ငွေများ ပြန်လည်ပေးဆပ်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ရှင်းလင်းချက်ကို မူ သတင်းစာက ဖော်ပြမထားပေ။

သို့သော်“မြန်မာပြည်သူများအတွက်မူ နိုင်ငံခြား အကူအညီ အထောက်အပံ့ဆိုသည်မှာ မရလျှင်လည်း မိမိတို့ ဘာသာ ရပ်တည်ထူမတ်နိုင်သူများ ဖြစ်ကြသည်။ တကယ်တော့ နိုင်ငံတကာက မြန်မာ ပြည်သူများကို နှစ်စဉ် ကူညီ ထောက်ပံ့သည့် နှုန်းထားမှာ လူတဦးလျှင် ၃ ဒေါ်လာခန့်သာ ရှိပြီး ဖွံ့မှုနည်းသော နိုင်ငံများတွင် အနည်း ဆုံးရရှိ မှုဖြစ်သည်”ဟု သတင်းစာ တွင်ဖော်ပြထားသည့် “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ ဝေကြပေလိမ့်မည်” ဆောင်းပါးက ပြောဆိုသည်။

မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းသားများအနေဖြင့် အရသာလည်းရှိ အာဟာရလည်းဖြစ်စေသော ငါး၊ ပုစွန်၊ ဟင်းသီးဟင်းရွက် များစားသုံး၍ အသက်ရှင်သန်နိုင်သည်ဟုလည်း ယင်း ဆောင်းပါးက ဆိုသည်။

အင်္ဂလိပ်ဘာသာဖြင့် ယနေ့ထုတ်ဝေသော The New Light Of Myanmar သတင်းစာတွင်လည်း နာဂစ် မုန်တိုင်း ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရသော ဒုက္ခသည်များကို ဝေဖန်ပြောဆိုထားသည်။

လမ်းမပေါ်တွင် အလှူရှင်များ ပစ်ချပေးလှူသည့် ပစ္စည်းများကို တောင်းယမ်းလက်ခံယူနေသော ယင်းဒုက္ခသည် များသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုအမူများဖြစ်သည်ဟု သတင်းစာက ဝေဖန်သည်။

သတင်းစာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ကိုလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လေ ဘေး ဒုက္ခ သည်များအား အကူအညီပေးရာတွင် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းသည်ဟု စွပ်စွဲထားပြန်သည်။

အန်အယ်လ်ဒီ ဧရာဝတီတိုင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကမူ ၎င်းတို့ အနေနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ် ရေးတွင် နိုင်ငံရေးရည်ရွယ်ချက် မပါဝင်ကြောင်း ပြောဆိုသည်။

“အခုအကူအညီပေးနေတဲ့သူတွေက ဧရာဝတီမြစ်ဝကျွန်းပေါ်သား အန်အယ်လ်ဒီ အဖွဲ့ဝင်တွေပါ၊ သူတို့ ကိုယ်တိုင်လည်း အကူအညီလိုနေတဲ့ လေဘေး ဒုက္ခသည်တွေဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်က ပြောပြသည်။

ယမန်နေ့ထုတ် သတင်းစာပါ စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ သတင်း ထုတ်ပြန်ချက် အမှတ်(၈) တွင် ကူညီလှူဒါန်းလိုသူများ ၎င်းတို့အဖွဲ့ထံတွင် အကူအညီတောင်းခံနိုင် ကြောင်းနှင့် လေဘေး ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရသည့် ဒေသများအထိ သွားရောက်လှူဒါန်းနိုင်ပါက ပိုမို ထိရောက်ကြောင်း ဖော်ပြထားသည်။

သို့သော် ယင်းလေဘေးသင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားရောက်လိုသော နိုင်ငံခြားသားများအနေနှင့် နိုင်ငံခြားရေး ဝန်းကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်စာရယူရမည်ဖြစ် ကြောင်း လွန်ခဲ့သော ၂ ရက်ခန့်ကသွားရောက်ရန်ကြိုးပမ်းခဲ့သည့် INGO အဖွဲ့တဖွဲ့မှ အကူအညီပေးရေးဆောင်ရွက်နေသူ နိုင်ငံခြားသား တဦးက ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ လေဘေးသင့် ဒေသများသို့ သွားရောက်မည်ဆိုပါက ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ခရီးသွားလာခွင့် ရယူရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ကလည်း မေလ ၂၃ ရက် ရက်စွဲဖြင့် ခရီးသွားလုပ်ငန်းရှင်များသိရှိရန် ထုတ်ပြန် ဖြန့်ဝေထားသည်။
လွန်ခဲ့သော တနင်္ဂနွေနေ့ကလည်း ဧရာဝတီတိုင်းသို့ သွားရောက်ခဲ့သည့် ပြည်တွင်း အကူအညီကား အစီး ၂၀ ကျော်ကို လှိုင်သာယာမြို့နယ်အစပ်တွင် အာဏာပိုင်များက ဖမ်းဆီးပြီး ယာဉ်မောင်းနှင့်အတူ အင်းစိန် ဂျီတီအိုင် ကျောင်းဝန်း အတွင်းသို့ခေါ်ဆောင်သွားကြောင်း လေဘေး အကူအညီပေးခဲ့သူများကပြောဆိုသည်။

အပြည့်အစုံသို့...

ကယ်ဆယ်ရေးပစ္စည်း မဝေသည့် ရယကဥက္ကဠ အရိုက်ခံရ

NEJ/ ၃၀ မေ ၂၀၀၈

ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်အတွင်း ရယက ဥက္ကဋ္ဌတဦးကို ရပ်ကွက်သားများက ၀ိုင်း၍ ရိုက်နှက်ခဲ့ ကြောင်းသိရသည်။

ယမန်နေ့ည (၇) နာရီခန့်က အဆိုပါ ဥက္ကဋ္ဌ နေအိမ်အတွင်း ၀င်၍ ရပ်ကွက်မှ လူငယ် (၃၀) ခန့်က ဥက္ကဋ္ဌနှင့် ၎င်း၏ မိသားစုများကို ရိုက်နှက်ခဲ့ကြောင်း အဆိုပါရပ်ကွက်၏ မျက်မြင်သက်သေတဦးက ပြောသည်။

အကြောင်းမှာ နာဂစ်မုန်တိုင်းဒဏ်သင့် အိမ်များအတွက် ရပ်ကွက်အလိုက် ချပေးသော သွပ်၊ သံ အပါအ၀င် ထောက်ပံ့ရေး ပစ္စည်းများကို အိမ်ပေါ်တွင် မိမိတို့ ပစ္စည်းအဖြစ် ထားရှိကာ မျှဝေမပေး သည့်အတွက် ဖြစ်ကြောင်းသိရသည်။

“ရပ်ကွက်မှာ သွပ်တွေကို မဲဖောက်တယ်။ အမှန်ဆိုရင် ပျက်စီးတဲ့ အိမ်တိုင်းအတွက် ဒီထောက်ပံ့ ရေးပစ္စည်းတွေကို ပေးရမှာပဲ။ ခုတော့ မောင်ပိုင်စီးတယ်။ ဒါကြောင့် မကျေမနပ်ဖြစ်နေတာကြာပြီ” ဟု အဆိုပါ ရပ်ကွက်သားတဦးက ပြောသည်။

“ကျနော်တို့ ရပ်ကွက်မှာချည်း မဟုတ်ဘူး။ ဒီလိုမျိုး လုပ်တာတွေက ရပ်ကွက်တိုင်းမှာရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုဖြစ်ပျက်ခဲ့သော ရပ်ကွက်မှာ သုဝဏ္ဏမြို့အပိုင်၊ (၂) ရပ်ကွက်ဖြစ်ပြီး ဥက္ကဋ္ဌ အမည်မှာ ဦးတင်ထွဋ် ဖြစ်ကြောင်း၊ ၎င်းသည် ယခုအခါ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသ နေရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်းသိရသည်။

အပြည့်အစုံသို့...

လယ်သမား ဒုက္ခသည်များ လယ်ထဲပြန်ဝင်ရေး အခက်တွေ့

မဇ္ဈိမသတင်းဌာန၊မေလ ၂၉ ရက် ၂၀၀၈

နယူးဒေလီ။ ။ လယ်ထွန်ရမည့်အချိန် ရောက်ပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ်ထိ ဧရာဝတီတိုင်းမှ လေဘေး ဒုက္ခသည်များမှာ စားဝတ်နေရေးကိုသာ ဦးစားပေး မျှော်လင့်နေရပြီး လယ်ထဲဆင်း ထွန်ရေးဝင်ဖို့ရန် အခက်အခဲများ ကြုံတွေ့နေသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ဘိုကလေး၊ ဟိုင်းကြီးကျွန်း၊ ဒေးဒရဲ၊ လပွတ္တာမြို့တို့မှ လေဘေး ဒုက္ခသည်များမှာ နေရေးထိုင်ရေးနှင့် စားရေးတို့အတွက် အလှူရှင်များကိုသာ စောင့်မျှော် နေကြရသလို သူတို့၏ လယ်မြေများ ရေလွှမ်းကုန်ခြင်း၊ ကျွဲနွားများ သေကြေပျက်စီးခြင်း၊ မျိုးစပါး ပျက်စီးခြင်းတို့ကြောင့် လယ်ထွန် စပါးစိုက်ရန်အတွက်ပင် မစဉ်းစားနိုင်ကြသေးခြင်း ဖြစ်သည်။

“လယ်သမားတွေက သူတို့နေဖို့ စားဖို့တောင် မရှိတာ၊ ဘယ်လိုလုပ် လယ်ထွန်စပါးစိုက်ဖို့ ဖြစ်နိုင်မှာလဲ။ ဒီကြားထဲ အာဏာပိုင်တွေက မောင်းထုတ်လို့ နဂိုနားခိုတဲ့ နေရာတွေကနေ ထွက်ပေးနေရပြီး အခုဆိုနေစရာမဲ့ လမ်းဘေးမှာ အိပ်နေရတယ်” ဟု ဘိုကလေး ဒေသခံတဦးက ပြောသည်။

ဟိုင်းကြီးကျွန်းမှ ဒုက္ခသည်များမှာ လယ်ပြန်လုပ်ချင်စိတ် ရှိနေသော်လည်း မုန်တိုင်းကြောင့် နေအိမ်လည်း ပျက်စီး၊ ကျွဲနွားများ သေဆုံးကုန်ပြီး စားဝတ်နေရေးအတွက်လည်း ပူပန်နေရသဖြင့် စိတ်ကစဥ့်ကလျား ဖြစ်နေသည်ဟုလည်း ဟိုင်းကြီးကျွန်းသို့ ကွင်းဆင်းလေ့လာခဲ့သူ NGO ဝန်ထမ်းတဦးက ပြောသည်။

ဧရာဝတီတိုင်း ဒေးဒရဲနှင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များရှိ လယ်သမားများမှာလည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ကို နောက်ဆုံးထား လယ်ထွန်ရမည့်နေ့အဖြစ် သတ်မှတ်ထားသော်လည်း ယနေ့ထိ ထွန်ရေးဝင်နိုင်ခြင်း မရှိကြသေးဘဲ ရှိနေကြသည်ဟု သိရသည်။
“လယ်သမားတွေ လယ်စိုက်နေရတာ မမြင်ရသေးဘူး။ သူတို့ ဘယ်သူမှ မစိုက်နိုင်သေးဘူး။ ကျွဲနွား၊ မျိုးစပါးတွေလည်း ပျက်စီးကုန်ပြီ။ စက်တွေလည်း ရေဝင်သွားတော့ စက်တွေ ပြင်နေကြတုန်းပဲ ရှိသေးတယ်” ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။

မုန်တိုင်းနှင့်အတူ ပါလာသည့် ပင်လယ်ရေများကြောင့် ဧရာဝတီ၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင် လယ်မြေဧက ၁ ဒဿမ ၃၇ သန်း ဆားငန်ရေလွှမ်းခဲ့ပြီး ကျွဲနွားပေါင်း ၂ သိန်း ၈ သောင်း သေဆုံးသည်ဟု အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

အစိုးရ အာဏာပိုင်များက ဧရာဝတီတိုင်းအတွင်းရှိ လပွတ္တာ၊ ဒေးဒရဲ၊ ဘိုကလေး စသည့် မြို့နယ်များတွင် ရွှေ့ပြောင်း ခိုလှုံနေရသည့် လေဘေးဒုက္ခသည်များကို သူတို့၏ နေရပ်များသို့ ပြန်ခိုင်းနေပြီး လယ်ထွန်စပါး စိုက်နိုင်ရန်အတွက် လက်တွန်းလယ်ထွန်စက်များ ပေးအပ် လှူဒါန်းထားသည်ဟု သတင်း ထုတ်ပြန်ထားသည်။

အစိုးရ၏ အစီအစဉ်ဖြင့် လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲမြို့နယ်များရှိ လယ်သမားအချို့ လယ်ထွန်နေကြပြီ ဖြစ်သော်လည်း ဘိုကလေး၊ ဟိုင်းကြီး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များမှ လေဘေးဒုက္ခသည် လယ်သမားများမှာ ယနေ့ထိ အစိုးရ၏ ထိရောက်သည့် အကူအညီများ၊ လယ်မြေအပေါ် ကွင်းဆင်း လေ့လာမှုများ မတွေ့မမြင်ရသေးဘဲ ရှိနေကြသည်။

“လက်တွန်းလယ်ထွန်စက် အစီး ၈ ရာကျော် ပေးထားတယ်တဲ့။ တီဗီထဲမှာလည်း လက်တွန်း လယ်ထွန်စက်တွေ ကားကြီးနဲ့ ဧရာဝတီတိုင်းတွေကို သယ်သွားတာ တွေ့တာပဲ။ ဒါပေမယ့် ကျနော် ရွာထဲမှာတော့ မတွေ့သေးဘူး” ဟု ကွမ်းခြံကုန်းရောက် လေဘေး ကယ်ဆယ်ရေးသမားက ပြောသည်။

ဟိုင်းကြီးကျွန်း၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲတို့ရှိ လယ်သမားများမှာ မျိုးစပါးနှင့် ထွန်ရေး ကိရိယာ အစုံအလင် ရရှိလာပါက ထွန်ရေးဝင်ရန် အသင့်ရှိနေပြီး စိတ်ဒဏ်ရာများကို ကုစားနိုင်ရန် မျှော်လင့်နေကြသည်ဟု သိရသည်။

“ရေကျသွားလို့၊ စိုက်စရာ ပျိုးစရာတွေလည်း ရှိမယ်ဆိုရင် ပြန်စိုက်မှာပဲ။ ဒါကျနော့် အပြင်းပြဆုံး ဆန္ဒပဲ။ စီးပွားဖြစ် မဟုတ်တောင် လယ်ပြန်စိုက်ရန် စားဖို့ရမယ်၊ အလုပ်လုပ်နေရလို့ စိတ်ပိုင်းဆိုင်ရာ ပြန်လည် လန်းဆန်းလာမှာမို့ အလုပ် ပြန်လုပ်ချင်တယ်” ဟု ကော့မှူး လယ်သမားတဦးက ပြောသည်။

အာရှ၏ စပါးကျီအဖြစ် ကျော်ကြားခဲ့သည့် မြန်မာ့လယ်ယာမြေများမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးကုန်ပြီး ယခုနှစ် စပါးထွက်နှုန်း နည်းပါးလာနိုင်သည့် အခြေအနေများ ကြုံတွေ့နေရပြီဟု အများက ပြောဆိုနေကြသည်။

အပြည့်အစုံသို့...

မန္တလေးလူရွှင်တော်များ၏ မုန်တိုင်းရန်ပုံငွေပွဲ အတားခံရ

ဧရာဝတီ-အေးလဲ့ | မေ ၂၉၊ ၂၀၀၈

မန္တလေးမြို့ရှိ လူရွှင်တော်များ၏ မုန်တိုင်းရန်ပုံငွေ ဖျော်ဖြေပွဲကို ယနေ့ပြုလုပ်ရန်စီစဉ်ထားရာ သဘင်အစည်းအရုံးက အကြောင်းပြချက်မပေးဘဲ ဇွန်လ ၄ ရက်နေ့သို့ ပြောင်းရွှေ့ခိုင်းသည်ဟု မန္တလေးရှိ အနုပညာအသိုင်းအ၀န်းက ဧရာဝတီကို ပြောသည်။

လူရွှင်တော် ဦးလူမော်က “ဒီနေ့မနက် ၉ နာရီလောက်မှာ အလှူခံထွက်ဖို့ လူရွှင်တော် အဝတ်အစားတွေ ဝတ်ထားပြီးပြီ … ဆိုင်းဝိုင်းတွေ၊ တီးဝိုင်းတွေကားပေါ်တင်နေတဲ့အချိန်မှာ မထွက်ပါနဲ့ဦးဆိုပြီး မန္တလေးသဘင်အစည်းအရုံးက လာပြောသွား တယ်။ ကျနော်တို့အနုပညာသမားတွေကတော့ သွားဖို့ စိတ်ဓာတ်ပြင်းပြနေတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

အလှူခံထွက်မည့် လူရွှင်တော်များတွင် နှုတ်ခမ်းမွေးညီနောင်များဖြစ်ကြသည့် ဦးပါပါလေး၊ ဦးလူဇော်၊ ဦးလူမော်တို့ အပါအ၀င် မန္တလေးလူရွှင်တော်ကြီးများဖြစ်ကြသည့် ဦးဒီပါ၊ ဦးချစ်စရာ စသူတို့လည်း ပါဝင်ကြောင်း သိရသည်။

သဘင်အစည်းအရုံးက လူရွှင်တော်များ၏ လူမှုရေးရန်ပုံငွေရှာပွဲကို ပိတ်ပင်ထားသော်လည်း မန္တလေးရှိ နာမည်ကျော် သဘင်ပညာရှင်များက အလှပြယာဉ်များဖြင့် ယခုလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် ဖျော်ဖြေအလှူခံလျက်ရှိသည်။

သဘင်အစည်းအရုံး၏ လှည့်လည်ဖျော်ဖြေမှုအစီအစဉ်များကို မြို့နေလူထုသိရှိစေရန် အလှူခံဖိတ်စာများကို ဝေငှထားပြီး ဖြစ်သည်။

စိန်ဓူဝံ ဆိုင်းအဖွဲ့၏ တာဝန်ရှိသူတဦးက “မန္တလေးမှာရှိတဲ့ ဆိုင်းဆရာ၊ နှဲဆရာ၊ အငြိမ့်တွေက အတီးသမားတွေ လူရွှင်တော် ဆရာတွေကစုပြီး အလှူခံထွက်ဖို့ပါ၊ အခုရက်ရွှေ့ခိုင်းတာကတော့ သဘင်အစည်းအရုံးက ဇာတ်မင်းသားတွေလှည့်နေတဲ့ ထဲလိုက်လှည့်ရမှာမို့ ကျနော်တို့နဲ့ မလိုက်နိုင်တော့လို့ ရက်လွှဲတဲ့သဘောပါ၊ ပွဲပိတ်တာတော့ မဟုတ်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။

လူရွှင်တော်များသည် ၎င်းတို့၏ဖျော်ဖြေမှုအစီအစဉ်ကို စိန်ဓူဝံ ဆိုင်းအဖွဲ့ဖြင့် ဇာတ်တိုက်ထားပြီး ၃ ရက် ဖျော်ဖြေရန် စီစဉ်ထားသည်။

ဇတ်သဘင်အစည်းအရုံးအစီအစဉ်ဖြင့် လှည့်လည်ကပြသည့် အနုပညာရှင်များတွင် နာမည်ကျော် ဇာတ်မင်းသား ဝင်းနောင်၊ ဝေယံဦး၊ ရွှေညီအစ်ကိုတို့ပါဝင်ပြီး ဖျော်ဖြေရေးကားများဖြင့် ညနေပိုင်းတွင် လှည့်လည်အလှူခံလျက် ရှိသည်။

မန္တလေးမြို့ခံတဦးက “ဒီနေ့တော့ ဘုရားကြီးဘက်ကနေ ဈေးချိုဘက်ကို လှည့်ဖို့ရှိတယ်လို့ ဖိတ်စာမှာ ပါတယ်။ အလှူငွေ တွေ တော်တော်လေးရတယ်။ ၂၃ ရက်နေ့ကဆိုရင် ကျပ် ၁၁ သိန်းလောက်ရတယ်လို့ ကြားတယ်” ဟု ပြောသည်။

ထို့အတူ ဇွန်လ ၇ ရက် နေ့ညနေ ၅ နာရီတွင်လည်း မြန်မာဘရူဝါရီလီမိတက်က ဦးစီးကျင်းပသည့် လေဘေးဒုက္ခသည်များ ရန်ပုံငွေပွဲကို မန္တလေးရှိ ဗထူးအားကစားကွင်း၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကဖွဲ့စည်းထားသည့် ကရုဏာသံစဉ် တေးဂီတအဖွဲ့က တီးခတ်မည်ဟု ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

ကရုဏာသံစဉ် တေးဂီတအဖွဲ့နှင့်တွဲဖက်၍ နာမည်ကျော်တီးဝိုင်းများဖြစ်သည့် layzy club, Metal Zone, The Trees တို့နှင့်အတူ ပလေးဘွိုင်းသန်းနိုင်၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ R ဇာနည်၊ ဟန်ထွန်း၊ တင့်တင့်ထွန်း၊ သျှီ၊ ချစ်သုဝေ၊ L ဆိုင်းဇီ စသည့် တေးသံရှင်များ ပါဝင်သီဆိုမည်ဖြစ်ကြောင်းလည်းသိရသည်။

ရရှိလာမည့် ရန်ပုံငွေကို ဂီတအနုပညာရှင်များကိုယ်တိုင် မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များထံ သွားရောက် လှူဒါန်းမည် ဟုလည်း ကြေမုံသတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံကျော်ဟာသသရုပ်ဆောင်များဖြစ်ကြသည့် အရိုင်း၊ ကင်းကောင်၊ ဇာဂနာ၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ဧရာ၊ ဗေလုဝ၊ မော့စ် တို့အပါအ၀င် သရုပ်ဆောင်များစွာတို့သည်လည်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ လေဘေးဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များအား သွားရောက်တွေ့ဆုံကာ အကူပစ္စည်းများ ပေးအပ်လျက်ရှိသည်။

အပြည့်အစုံသို့...

သရုပ်ဆောင် အကယ်ဒမီ ကျော်သူ ပါဝင်သော ဇာတ်ကားများ ပြန်လည်ပြသခွင့် ရရှိ

NEJ/ ၃၀ မေ ၂၀၀၈

အကယ်ဒမီကျော်သူ ပါဝင်သော ဇာတ်ကားများ ပြန်လည် ပြသခွင့် ရရှိတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင် ထုတ်ပြန်ပြောကြားသည်။

ကျော်သူ ပါဝင်သရုပ်ဆောင်ထားသော ဗွီဒီယိုနှင့် ဒီဗွီဒီဇာတ်ကားပေါင်း (၆၀) ကျော်ကို နအဖက လွန်ခဲ့သည့် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် ပြသခွင့် ပိတ်ပင်ခဲ့ပြီး ဇာတ်ကား ရိုက်ကူးခွင့်ပါ တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နအဖက ပြန်လည်ပြသခွင့် ပေးလိုက်သည့်အတွက် ရုပ်ရှင်လောကသားများနှင့် ရုပ်ရှင် ထုတ်လုပ်သူများက ၀မ်းသာလျှက် ရှိကြကြောင်း ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိရေး အသိုင်းအ၀ိုင်းမှ သိရသည်။


“ဗွီဒီယို တကားကို ရိုက်ရင် ရင်းနှီးရတဲ့ ငွေပမာဏ အနိမ့်ဆုံး သိန်း (၁၀၀) ၀န်းကျင်ရှိတယ်။ ဒီလို အကုန်အကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိခွင့် မပေးဘဲ ပိတ်ပင်ထားတာ ခံရတဲ့အတွက် ကျွန်တော်တို့ရဲ့ ငွေကြေးကုန်ကျမှုနဲ့အတူ အနုပညာ ဆုံးရှုံးမှုတွေ ဆက်တိုက် ဖြစ်ပေါ်စေပါတယ်။ ငွေကြေးဆုံးရှုံးမှုကို တွက်ရတာထက် အနုပညာဆုံးရှုံးမှုက ပိုများပါတယ်” ဟု (၃၆) လမ်းမှ ဇာတ်ကားထုတ်လုပ်သူ တဦးက ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကမူ သူ့အနေဖြင့် ယခု လောလောဆယ်တွင် ရုပ်ရှင်လုပ်ငန်းထက် လေဘေးဒုက္ခသည်များအတွက် လူမှုရေးလုပ်ငန်းများကို ဇောင်းပေးပြီး လုပ်နေကြောင်း ပြောသည်။

၎င်းက “ဇာတ်ကားတွေ ပြန်ရိုက်ဖို့ကတော့ လောလောဆယ် အဲဒီဖီးလ်မရှိဘူး။ ကျနော့်အနုပညာကို ပိတ်ထားတာ (၉) လ ရှိပြီ။ ကျနော် အနုပညာနဲ့လည်း စိမ်းတဲ့သဘော ရှိနေတယ်။ အခုလော လောဆယ် ကျနော်က လူမှုရေးကိစ္စကို လုပ်နေတော့ အနုပညာကိစ္စ လုပ်ဖို့ သိပ် ဖီးလ်မရှိဘူး။ လာပြီးကမ်းလှမ်းရင်လည်း ဖီးလ်ရှိမှ ကျနော်ရိုက်တော့မယ်” ဟု ပြောသည်။

ယခုကဲ့သို့ နအဖအနေဖြင့် အကယ်ဒမီ ကျော်သူ၏ ဇာတ်ကားများကို ပြန်လည်ဆင်ဆာခွင့်ပြုခြင်း အပေါ် ရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူက ပြောခွင့်မရှိကြောင်း ငြင်းဆိုသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်၏ သတင်းအယ်ဒီတာတဦးက “ဒါက ရှင်းနေတာပဲ၊ စစ်အစိုးရ က သဘောထားကြီးပါတယ်လို့ မြင်အောင်၊ ကျော်သူဟာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါတဲ့သူ တယောက်ဖြစ်လို့ အရင်က သူ့ကို ဖမ်းဆီးခဲ့ဖူးတာရော၊ ဇာတ်ကားတွေ ပြသခွင့်မပေးတာတွေကိုပါ အခုဆိုရင် အားလုံး လွတ်လွတ်လပ်လပ် နေလို့ရပြီလို့ သူများ မြင်သာအောင် လုပ်လိုက်တာပဲ” ဟု ပြောသည်။

သံဃာတော်များ ဦးစီးသည့် ရွှေဝါရောင် ဆန္ဒပြမှုတွင် ကိုကျော်သူသည် ဘုန်းတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ပါဝင် ထောက်ခံခြင်းတို့ကြောင့် အောက်တိုဘာ (၁၀) ရက်တွင် ဖမ်းဆီးခံ ခဲ့ရပြီး အောက်တိုဘာ (၁၈) တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ။

အပြည့်အစုံသို့...

Thursday, May 29, 2008

လူသေလမ်း

နာဂစ်တဲ့

ငါချစ်တဲ့ပြည်သူတွေ

အလောင်းဆယ်ယူ

ကယ်သူမဲ့ဝေး ....။


ကျူတောနဲ့ ကိုင်းစပ်

လှိုင်းအပ်တဲ့ လတာသောင်

ခရာဆူးခြုံ ထိုအထဲ

လူသေအလောင်းတွေ ပြန့်လို့ကျဲ။


“လှိုင်းတတ်ရာ ဗေဒါ တက်

လှိုင်းသက်ရာ ဆင်း”

ဆရာဇော်ဂျီ ဖွဲ့နွဲ့ခဲ့ “ဗေဒါလမ်း”

ခုများဖြင့် .....

................. ။


ကိုကြည်ထွန်း

Rest of your post

အပြည့်အစုံသို့...

Wednesday, May 28, 2008

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆန္ဒပြသည့် အန်အယ်လ်ဒီပါတီဝင်များ ဖမ်းဆီးခံရ

ခေတ်ပြိုင်-ပီတာအောင်/ ၂၇ မေ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ် ဒီ) ပါတီဝင် (၁၅) ဦးကို ယနေ့ နေ့လယ်ပိုင်းက လုံထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်မှ ပါတီဝင်တဦးက ပြောသည်။

အဖွဲ့ချုပ်လူဝင်များသည် အဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ လမ်းလျှောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အန်အယ်လ်ဒီပါတီဝင်တဦးက “နေ့ခင်း (၁) နာရီခွဲလောက်မှာ ကလေးတွေက ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွှတ်ဆိုတဲ့ ဆိုင်းဘုတ်ရယ်၊ ဗိုလ်ချုပ်ပုံရယ် ကိုင်ပြီး အန်တီစု အိမ်ဘက်ကို လျှောက်သွားကြတယ်။ အဲဒါကို ကမ္ဘာအေးဘုရားလမ်း မြရိပ်ညိုဟိုတယ်နား နှင်းဆီကုန်းနား အရောက်မှာပဲ သူတို့ကို ဒိုင်နာကားနဲ့ ဆွဲတင်သွားတယ်။ အန်တီအိမ်နား မရောက်ခင်မှာဘဲ ဒိုင်နာကားနဲ့ တင်ခံရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူတို့မှာ ဒလမှ စောပြည့်ဖြိုးအောင်နှင့် ထက်စိုးလင်း၊ မင်္ဂလာဒုံမှ ထွန်းဝင်းသိန်းနှင့် လှမျိုးနိုင်၊ တွံတေးမြို့မှ ဆရာဦးအောင်ဖေ၊ စမ်းချောင်းမှ ထွန်းထွန်းဝင်းနှင့် ပြည့်ပြည့်၊ တာမွေမှ ကျော်မျိုးနိုင်နှင့် ကြည့်မြင်တိုင်မှ ရန်နိုင်ထွန်း၊ ရွှေပြည်သာမှ ထက်ထက်ဦးဝေနှင့် ၎င်း၏ သမီး (၁၂) နှစ်၊ လှိုင်သာယာမှ မောင်ဆန်း (ခေါ်) ဆန်းနိုင်၊ ကျော်နိုင်၊ မျိုးကျော်ဇင်၊ သက်နိုင်ထွန်း၊ ခရမ်းမှ ၀င်းမြင့်မောင်တို့ဖြစ်ကြောင်း၊ ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း မရမ်းကုန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့မွန်းလွဲပိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရသည့် (၁၈) နှစ်မြောက် အခမ်းအနားတခု ဗဟိုဌာနချုပ်တွင် ကျင်းပပြီး ယမန်နေ့က စစ် အစိုးရ ကြေညာသည့် ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲရလဒ်ကို လက်မခံကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာသည်။ ။

အပြည့်အစုံသို့...

ဆန်ပြဿနာ ရင်ဆိုင်ရမည်ဟု ပဲခူးအမတ် သတိပေး

ဧရာဝတီ-အေးလဲ့ | မေ ၂၇၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ကြောင့်တောင်သူ လယ်သမားများ၏ လယ်ယာအများအပြား ပျက်စီးဆုံးရှုံးသည့် ဒုက္ခနှင့် ကြုံတွေ့ရကာ လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဆန်ပြဿနာနှင့် ရင်ဆိုင်နိုင်ရကြောင်းကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။

“ဧရာဝတီတိုင်းဆိုတာ မြန်မာနိုင်ငံရဲ့ အဓိက ဆန်အိုးကြီးပဲ၊ အခု မိုးစပါးအတွက် မျိုးစေ့ကလည်း အရင်လို မျိုးစေ့၊ မျိုးအောင်ရဖို့ မလွယ်ဘူး၊ ဒီတော့ လာမယ့်ရာသီမှာ ဆန်ပြသာနာ အကြီးအကျယ်ဖြစ်ပြီး အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင် တယ်”ဟု ဦးမြတ်လှ ကဆိုသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပဲခူးတိုင်းတွင် နွေစပါးစိုက်ဧက အများအပြားဆုံးရှုံးကာ ယခု မိုးရာသီအတွင်း ပြန်လည်စိုက်ပျိုး မည့် မိုးစပါးစိုက်ပျိုးရန် မျိုးစေ့လည်း ပျက်စီးဆုံးရှုံးမှုများသဖြင့် မျိုးကောင်းမျိုးသန့်ရရန် မလွယ်ကူသောကြောင့် လယ်သမား များစိုက်ပျိုးရန်အခက်အခဲဖြစ်ကာ ဆန်ပြဿနာနှင့် ရင်ဆိုင်ရနိုင် ကြောင်း ဦးမြတ်လှက ပြောပြသည်။

“နွေအချိန်မှာ မိုးရွာလိုက်တော့ နွေစပါးတွေက မိုးစို၊ ရေ လျှံပြီးတော့ သိပ်ဒုက္ခရောက်တယ်၊ ကားလမ်းမ ပေါ်ထိအောင်စပါး ကို ခင်းလှန်းထားရတယ်။ တချို့ဆိုလည်း အပင်တွေပေါက်ကုန်တယ်၊ အခုတော့ လယ်သမားတွေ ဘဝကတော့ စားစရာ သောက်စရာ နေစရာတောင် မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းရှိ လယ်သမားများ အခက်အခဲဒုက္ခရောက်ကြရပုံကိုလည်း ဘိုကလေးမြို့နယ် ဖျာပုံ ခရိုင် စက်စမ်းကျေးရွာမှ ဒေသခံ တဦးက ယခုလိုပြောသည်။

“ကျမတို့ဆီမှာတော့ မနှစ်က ဒီအချိန် ဆိုရင် လယ်ထွန်ချိန်၊ ပြီးရင် ပျိုးကျဲပြီး လုပ်ငန်းစ ချိန် ဖြစ်တယ် ၊ အခုတော့ လယ်ထွန်ယက် ဖို့ ကျွဲ နွား မရှိတော့ဘူး၊ လယ်သမား အများစုမှာ လယ်ထွန်စက်ရှိတဲ့သူက နည်းတယ်၊ ရှိတဲ့ စက်တွေက လည်း ပျက်ကုန်ပြီ” ဟု စက်စမ်းရွာ ဒေသခံက ပြောသည်။

စက်စမ်းရွာတွင် စပါးပြန်လည် စိုက်ပျိုးရန် အတွက် ရေငန် အနည်းငယ်သာ ရောက်သော်လည်း မျိုးစပါးနှင့် လယ်ထွန်စက် ရှိမည်ဆိုပါက ပြန်လည်စိုက်ပျိုးနိုင်ကြောင်းလည်း သိရသည်။

သိုလှောင်ထားသည့် နွေးစပါးများသည်လည်း မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးများလန်သွား သဖြင့် ရေဝင်ကာ ပျက်စီးဆုံး ရှုံးကြောင်း စက်စမ်းရွာ ဒေသခံက ပြောပြသည်။

၎င်းက ဆက်လက်ပြီး“လတ်တလော အခြေအနေ မှာတော့ နေစရာနဲ့ စားဝတ်နေရေး အခက်အခဲရှိတယ်၊ သီတဂူ ဆရာတော် လာလှူတာတွေတော့ရတယ်၊ အစိုးရကပေးတာဆိုလို့ လူတယောက်ကို ဆီ နှစ်ကျပ် ခွဲသား၊ ဆန်နို့ဆီဘူး တလုံး၊ အားလူး သုံးလုံး၊ တအိမ်ထောာင်ကို အဝတ် ၇ ထည်၊ သူတို့နဲ့ ရင်းနှီးသူတွေနဲ့ ဝန်ထမ်းတွေကတော့ အမိုးဆို လည်း အလိပ်နဲ့ရတယ်၊ ကျမတို့လိုရွာသား ကတော့ မဲနှိုက်မှပဲရတယ်” ဟု ပြောဆိုသည်။

ဧရာဝတီတိုင်းရှိတခြားသော မုန်တိုင်း ဒဏ်ခံဒေသများတွင်လည်း လယ်ယာမြေများ၊ ကျွဲ နွားတိရစ္ဆာန်များ သေကြေ ပျက်စီး ဆုံးရှုံးသောကြောင့် လယ်သမားများအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများပြန်လည် လုပ်ကိုင်ရန် လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။

ယင်း မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်း တို့တွင် ကျွဲ နွား တိရစ္ဆာန် ကောင်ရေ ၁၅၆၀၀၀ ကျော်သေဆုံးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကပြောသည်။

ရန်ကုန်အခြေစိုက် ဗွိုက်စ် ဂျာနယ်တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာမြေ ဧက ၂.၄၃ သန်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဖော်ပြသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် ဆန် တန်ချိန် ၁၀.၇ သန်း နှင့် ၁၀.၆ သန်းအကြား ထွက်ရှိခဲ့ရာ ယခု ၂၀၀၈ ခုနှစ် တွင် ဆန်အထွက် နှုန်း ၈ ရာခိုင်နှုန်း လျော့နည်းဖွယ်ရှိသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းထားသည်။

အပြည့်အစုံသို့...

စစ်အစိုးရက ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်းတိုးပြန်

မဇ္ဈိမသတင်းဌာန၊ မေလ ၂၇ ရက် ၂၀၀၈

နယူးဒေလီ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် တိုင်းသူပြည်သားများက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း မြန်မာစစ်အစိုးရက သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ထပ်မံ တိုးမြှင့်လိုက်ကြောင်း အစိုးရ သတင်းရပ်ကွက် တခုအရ သိရသည်။

အစိုးရ အရာရှိများက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အတိုက်အခံ ခေါင်းဆောင်၏ နေအိမ်ကို သွားရောက်ပြီး နေအိမ် အကျယ်ချုပ် သက်တမ်းတိုးမြှင့်သည့် အမိန့်စာကို ဖတ်ပြခဲ့သည်ဟု သတင်းရပ်ကွက်က ပြောသည်။ သို့သော် သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိခဲ့ပါ။

ထပ်မံ တိုးမြှင့်လိုက်သော သက်တမ်းသည် ၆ လဖြစ်ကြောင်း သတင်းရပ်ကွက်က ပြောသည်။ သို့ပေမယ့်လည်း အခြားသော သတင်းဌာန အချို့က တနှစ်သက်တမ်းတိုးခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။

ယနေ့သည် ဒေါ်စု၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲအပြတ်အသတ် အနိုင်ရခဲ့သည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရာ ၁၈ နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ်ပြန်သည်။

ဒီချုပ် အဖွဲ့ခေါင်းဆောင်များက ဒေါ်စု၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်ခြင်းအပေါ် ကြားသိရခြင်း မရှိသေးပါ။ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သက်တမ်းတိုးသည့် သတင်းသာ မှန်ကန်လျှင် စစ်အစိုးရသည် ဥပဒေကို ချိုးဖောက်လိုက်ပြန်ပြီဟု ပြစ်တင် ရှုတ်ချလိုက်သည်။

"လုပ်ချင်ရာလုပ်တာ ဥပဒေမှာ မရှိပါဘူး။ သူတို့ လုပ်ချင်တိုင်း လျှောက်လုပ်မယ်ဆိုရင် ဒါဟာ ဥပဒေမရှိတာပဲ။ မင်းမဲ့စရိုက် ပါပဲ။" ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

သူက ဥပဒေကို နိုင်ငံသားတိုင်း လိုက်နာသင့်ကြောင်းနှင့် စစ်အစိုးရ အနေဖြင့် သူတို့ ဖန်တီးခဲ့သည့် ဥပဒေကိုပင် ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ကမ္ဘာတဝှမ်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအတွက် ရပ်တည် ကူညီပေးနေသည့် အမေရိကန် အခြေစိုက် Freedom Now အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်လိုက်ခြင်းသည် နိုင်ငံတကာ ဥပဒေကိုပါ ချိုးဖောက်ခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

"အံသြစရာတော့ မရှိပါဘူး။ အခုဟာက ကိုယ်ပိုင် ပြဌာန်းထားတဲ့ ဥပဒေကိုရော ချိုးဖောက်လိုက်တာ ဖြစ်တယ်" ဟု အဖွဲ့၏ ဥက္ကဌလည်းဖြစ်၊ ဒေါ်စု၏ ရှေ့နေလည်းဖြစ်သူ ဂျရတ်ကင်ဆာက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ ဥပဒေအရ "နိုင်ငံတော် နှောက်ယှက် ဖျက်ဆီးလိုသူများမှ ကာကွယ်ရေး ဥပဒေ" ဖြင့် လူတယောက်ကို အမြင့်ဆုံး ငါးနှစ်အထိ တနှစ်တခါ သက်တမ်းတိုးကာ ထိန်းသိမ်းထားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေ ၂၄ ရက်၊ ၂၀၀၈ ခုနှစ်တွင် အကျယ်ချုပ်သက်တမ်း ငါးနှစ်ပြည့်ပြီး ဖြစ်သည်ဟု သူမ၏ အတိုင်ပင်ခံ ရှေ့နေ ကင်ဆာက အပြောအရ သိရသည်။ ဒေါ်စုသည် လွန်ခဲ့သည့် ၁၈ နှစ်အတွင်း နေအိမ် အကျယ်ချုပ်အားဖြင့် စုစုပေါင်း ၁၂ နှစ်ကျော် နေခဲ့ရပြီး ဖြစ်သည်။

ယနေ့ အစောပိုင်းက ဒေါ်စုနေအိမ်သို့ ချီတက်သွားကြသော ဒီချုပ်မှ လူငယ် ၂၀ ခန့်ကို ရဲများက ဖမ်းဆီးသွားခဲ့သည်။ မခံမရပ်နိုင် ဖြစ်နေကြသော လူငယ်များက ဒေါ်စုကို လွှတ်ပေးရန် ကြွေးကျော်သံများတိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ရဲဝံ့စွာဖြင့် ချီတက်ခဲ့သည်။

အပြည့်အစုံသို့...

ဆန္ဒခံယူပွဲရလဒ် စီအာပီပီ အသိမှတ်မပြု

ခေတ်ပြိုင်-ကျော်ထင်/ ၂၇ မေ ၂၀၀၈

(၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံသည်ဟု ယမန်နေ့ ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ရလဒ်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) က အသိအမှတ်မပြုကြောင်း ပြောကြားသည်။

စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က ယနေ့ကျရောက်သော (၁၈) နှစ်မြောက် (၉၀) ပြည့်နှစ်ရွေးကောက်ပွဲနေ့အထိ ကိုယ်တိုင်ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လျစ်လျူရှုထားပြီး သဘာဝကပ်ဘေးကြီး ကျရောက်နေချိန်၌ပင် အတင်းအဓမ္မ ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲကို အသိမှတ်မပြုကြောင်း ပြောသည်။

၎င်းက “(၉၂) ရာခိုင်နှုန်းကျော်ကျော်ရတယ်ပဲ ပြောပြော၊ ဒါကတော့ ဘယ်လိုပဲ ပြောပြောပါ။
လုံးဝ စီအာပီပီအနေနဲ့သော်လည်းကောင်း၊ အန်ကယ် တဦးတယောက်တည်းအနေနဲ့သော်လည်း ကောင်း လုံးဝလက်ခံမှု မရှိပါဘူး။ ဒါဟာ ပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်လည်း မဟုတ်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ လမ်းပြမြေပုံအတိုင်း လုပ်ဆောင်နေမှုများသည် မကောင်းသည့် အစဉ်လာများဖြစ် ကြောင်း၊ တဖက်သတ် လုပ်ဆောင်နေမှုများသည် ယာယီအားဖြင့် လုပ်ဆောင်နိုင်သော်လည်း ရေရှည်တွင် တမျိုးသားလုံး ထောက်ခံမှုနှင့် ညီညွတ်မှုကို မရသည့်အတွက် တိုင်းပြည်အနာဂတ် အတွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စီအာပီပီကို တရားဝင် ပြည်သူ့လွှတ်တော် ခေါ်ယူခွင့် မရသည့်အတွက် အန်အယ်လ်ဒီအပါအ၀င် (၉၀) ပြည့် ရွေးကောက်ပွဲအနိုင်ရပါတီများမှ ကိုယ်စားလှယ်များဖြင့် ၁၉၉၈ ခုတွင် ဖွဲ့စည်းခဲ့သည်။

ဆန္ဒခံယူပွဲ ရလဒ်အပေါ် ပြည်တွင်းပြည်ပမှ အတိုက်အခံ အင်အားစုများကလည်း အသိမှတ် မပြုကြောင်း သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ယနေ့ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ (၁၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားတွင်လည်း နအဖကြေညာသည့် လူထုဆန္ဒခံယူပွဲ ရလဒ်နှင့် ပတ်သက်၍ လက်မခံနိုင်ကြောင်း ရှုတ်ချပြောဆိုသည်။ ။

အပြည့်အစုံသို့...

Sunday, May 25, 2008

မြန်မာနိုင်ငံတွက် မျှော်လင့်ချက် ရောင်ခြည်များ

၂၃ရက် မေလ တွင် နအဖမှ နိုင်ငံခြားသား ကယ်ဆယ်ရေးအဖွဲ့ ဝင်အားလုံးအား မြန်မာပြည်ထဲ ၀င်ခွင့်ပေးရန် သဘောတူညီကြောင်း ဘန်ကီမွန်းမှ ထုတ်ပြန်ကြေငြာသည် [1] ။ ယူအန်အဖွဲ့ ဝင်များလာတိုင်း မျောက်ပြဆန်တောင်း လုပ်တတ်သော ၊ အရှက်မရှိ အတုအပများကို နေရာချထားတတ်သော နအဖမှ ထိုသို့သော် သဘောတူညီချက်ပေးလိုက်သည် ဆိုခြင်းမှာ သတင်းကောင်းဟု ခေါ်နိုင်သော်လည်း အလွန်တော့ ယုံရခက်ပါသည် ။

ရွှေဝါရောင်တော်လှန်ရေးအချိန်ကာလက ဂန်ဘာရီနှင့် နေပြည်တော်တွင် တွေ့ ဆုံဆွေးနွေးပွဲများလုပ်ခါ ဂန်ဘာရီကြီးအား နအဖမှ ဖလှဲတကင်း ပြုံးရွှင်နှုတ်ဆက်နေစဉ် ၊ ရန်ကုန်မြို့ နှင့် တခြားမြို့ များတွင် ဘုန်းကြီးများ ၊ ပြည်သူများကို ဖမ်းစီးခြင်းများ ၊ ဘုန်းကြီးကျောင်းများကို ၀င်ရောက်ရှာဖွေ ချိတ်ပိတ်ခြင်းများကို နောက်ကွယ်မှ အင်အားမြှင့်တင်ပြီး လုပ်ခဲ့ကြသည် ။ ထိုသို့ ယူအန်မှ အကြီးအကဲများကို သဘောတူညီချက် ကတိ စသည်တို့ကို ပြီးပြီးရောဆိုသလို မျက်နှာပြောင်တိုက်ပြီး ကောက်ကျစ်ယုတ်မာသော နအဖက ပေးခါ ၊ သူတို့ပြန်သွားချိန်တွင်တော့ မြန်မာနိုင်ငံကို ချယ်လှယ်ချင်သလို ချယ်လှယ်ခဲ့သည်မှာ အတိတ်တွင် မရေမတွက်နိုင်အောင် ဖြစ်ပျက်ခဲ့ဖူးပြီး ဖြစ်သည် ။

ဘန်ကီမွန်း၏ နောက်ဆုံး ထုတ်ပြန်ကြေငြာချက်တွင် စစ်အစိုးရသည် နိုင်ငံတကာ၏ ပူးပေါင်းကယ်ဆယ်ရေးလုပ်ငန်းများကို လျောလျောရှူရှူ လက်ခံတော့မည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည် [1] ။ မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံများတွင် အသင့်စောင့်ဆိုင်းနေကြသော ကယ်ဆယ်ရေးအဖွဲ့ ဝင်များသည် နအဖမှ မီးစိမ်းပြသည်နှင့်တပြိုင်နက် ချက်ချင်းဝင်နိုင်ရင် အသင့်ပြင်ထားကြပြီးသား ဖြစ်ပေသည် ။ အကယ်၍ ဤစစ်အစိုးရသည် ဘန်ကီမွန်းပြောသလို တကယ်လက်ခံလိုစိတ်ရှိခဲ့သော် အဘယ်ကြောင့် ခုချိန်ထိ မြန်မာပြည်ထဲသို့ နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့ ဝင်များ အလုံးအရင်းနှင့် မ၀င်ရောက်နိုင်သေးသနည်း ။

“နိုင်ငံရေးပိုင်း ဆက်နွယ်မှုမရှိဘဲ ၊ ဘာမှ တန်ပြန်တောင်းဆိုမှုမရှိသော (no strings attached) ကယ်ဆယ်ရေးအဖွဲ့ ဝင်များအားလုံးကို ကြိုဆိုကြောင်း” သိန်းစိန်က ထုတ်ပြန်ကြေငြာခဲ့သည် [2] ။ ထိုသို့ဆိုလျှင် အဖွဲ့ အစည်းတိုင်းကို နိုင်ငံရေးဆက်နွယ်မှု ရှိမရှိ စသည်ဖြင့် အသေးစိတ် လိုက်လံစစ်ဆေးပြီးမှ လက်ခံမည်ဟူသော သဘောသက်ရောက်နေသည် ။ ထို့အပြင် မြန်မာရေပိုင်နက် အနီးတ၀ှက်တွင် အသင့်ရှိနေပြီဖြစ်သော စစ်သဘောင်္ စစ်လေယာဉ်များကို ၀င်ခွင့်မပေးနိုင်ပါဟုလည်း ပြောကြားခဲ့သည် ။ ထိုင်းနိုင်ငံရှိ Utapao air base တွင် အခြေစိုက် စောင့်ဆိုင်းနေသော အမေရိကန်လေတပ်မှ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက “မြန်မာဘက်က သူတို့ကို ပေးဝင်ချင်တဲ့အချိန်တိုင်း ၀င်ဖို့ အဆင်သင့်ဖြစ်နေပြီး ၊ သူတို့မှာ နိုင်ငံရေးပိုင်း ပတ်သက်လိုစိတ် လုံးဝမရှိကြောင်း ၊ လူသားချင်းစာနာထောက်ထားခါ အကူအညီများပေးနိုင်ရန် အခွင့်အရေးကိုသာ မျှော်လင့်မိကြောင်း” တောင်းပန်တိုးလျှိုးသော လေသံနှင့် ပြောတာ ဖတ်ရဖူးသည် ။ သို့ပါသော်လည်း သန်းရွှေနှင့် အပေါင်းပါများ၏ အသည်းနှလုံးများကတော့ သံ နှင့် ထု ထားသည် ထင်ရလောက်အောင် မာရည်ကျောရည် ရှိလှ၏ ။ အသည်းနှလုံး မရှိတော့ဖူးလားဟု ထင်ရလောက်အောင် ရက်စက်ယုတ်မာစွာ ခုချိန်ထိ ကယ်ဆယ်ရေးပစ္စည်းများ အများအပြားပါဝင်သည့် မြန်မာပြည်သူတို့ကို အလျှင်အမြန် အကူအညီပေးနိုင်မည့် ထို စစ်လေယာဉ် စစ်သဘောင်္များကို ၀င်ခွင့်မပြုပေ ။

ယူအန် ၊ အာစီယံ ၊ အမေရိကန် ၊ အင်္ဂလန် စသော နိုင်ငံကြီးများသည် ရွှေဝါရောင် တော်လှန်ရေးတုန်းကလည်း နအဖ အပေါင်းပါများ၏ လုပ်ရပ်များကို ပြစ်တင်ရှုံ့ ချခဲ့ယုံမှလွဲ၍ ဘာမှ မလုပ်ခဲ့ ။ ဂန်ဘာရီ၏ ခရီးစဉ်များသည် အခေါက်ခေါက် အရေအတွက်သာ ရှိခဲ့ပြီး ဘာမှ အကျိုးမထူးခဲ့ ။ ယူအန်မှ သူတို့၏ ပါဝင်မှုလုပ်ငန်း မအောင်မြင်ခဲ့ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ၊ မြန်မာပြည်မှ သေဆုံးရသော ရဟန်းပြည်သူတို့အကြောင်း မေ့လျော့သွားခဲ့ကြသည် ။ အချိန်တွေကြာလာသည်နှင့်အမျှ မြန်မာပြည်သူတို့၏ ဆင်းရဲနွမ်းပါးလှသော ဘ၀များအကြောင်း ၊ ဖိနှိပ်ချုပ်ချယ်ခံရခြင်းများအကြောင်း ကမ္ဘာ့ သတင်းများတွင် မှေးမှိန်ပျောက်ကွယ်သွားခဲ့သည် ။

ယခုတဖန်လည်း နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းများ အားလုံးကို ပေးဝင်ပါမည်ဟူသော စကားတခွန်းနှင့် ဘန်ကီမွန်း မြန်မာပြည်မှ ပြန်ထွက်တော့မည်လား ။ နအဖ လိုက်ပြသော ဒီလိုမေးရင် ဒီလိုဖြေဟု ဟန်လုပ်ပြဖို့ ချိန်းခြောက်ခံထားရသော ဒုက္ခသည် တချို့ တလေကို တွေ့ ဆုံပြီး ဘန်ကီမွန်းမြန်မာပြည်ကို နောက်တခါ ကျောခိုင်းဦးမည်လား ။

ဘန်ကီမွန်း၏ ထုတ်ပြန်ကြေငြာချက်တွင် ဤသို့ ပြောခဲ့သည် - “I came here to give the people of Myanmar a message of hope that the world is watching, and that the world is with you.”

ဟုတ်ပါသည် - သူပြောသလို ကမ္ဘာသည် မြန်မာနိုင်ငံအား အမြဲလို စောင့်ကြည့်နေရုံမှတပါး ဘာမှ မလုပ်ခဲ့ ။ သူပြောသလို ကမ္ဘာသည် မြန်မာပြည်သူတို့အား အဝေးမှ အားပေးစကားများ ပြောကြားရုံမှလွဲ၍ ဘာမှ မလုပ်ခဲ့ ။ အနှစ်နှစ်ဆယ်နီးပါး ကြာမြင့်ခဲ့ပြီ ။ တကယ်တော့ ကမ္ဘာသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ပါသော စကားလုံးများ ပေးရုံမှလွဲ၍ ဘာဆို ဘာမှ မလုပ်ခဲ့ချေ ။

သို့ပါသော်ကြောင့် ခုချိန်မှစ၍ ကျွန်တော်တို့ ကိုယ်ပိုင်အသိစိတ်ဓါတ်နှင့် အမိမြန်မာနိင်ငံအား နွံထဲမှ ကယ်ဆယ်ရန် ကိုယ့်အားကိုယ်ကိုး၍သာ လုပ်ရတော့မည်ဟူသော ယတိပြတ်ခံယူချက်များသာ ကျွန်တော်တို့တွက် မျှော်လင့်ချက်ရောင်ခြည်များအဖြစ် ကျန်ရှိနိုင်တော့မည် ဟု ကောက်ချက်ချလိုက်မိပါတော့သည် ။



References:
[1] Ban Ki-Moon's remarks to press at Sedona Hotel - http://www.un.org/apps/news/infocus/sgspeeches/search_full.asp?statID=248
[2] Myanmar welcomes "no strings attached" disaster relief - http://www.reliefweb.int/rw/RWB.NSF/db900SID/SKAR-7EYEUX?OpenDocument

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလ ရန်ကုန်တွင်ပျံ့နှံ့

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 24 2008 16:00 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည် ဟူသော ကောလာဟလသည် ရန်ကုန်မြို့တွင် ယနေ့ ပျံ့နှံ့နေသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဥာဏ်ဝင်းက “ကျနော်တို့လည်း ကြားပါတယ်။ Rumor အနေနဲ့ပါ။ သေချာတာ ဘာတခုမှ မရှိသေးပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်သော အချိန်နှင့် တိုက်ဆိုင် ထွက်ပေါ်လာသော ကောလာဟလနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ မဇ္ဈိမအနေဖြင့် ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

-----

ရန်ကုန်မှ သတင်း ရပ်ကွက်တခု၏ အဆိုအရ ဧရာဝတီတိုင်း အတွင်းမှ လေဘေး ဒုက္ခသည်များကို သွားရောက် ကြည့်ရူရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ နံနက်ပိုင်းတွင် နေအိမ်မှ လာရောက် ခေါ်ဆောင်သွားသည်ဟု ပြောသည်။

သို့သော် သံတမန် သတင်း ရပ်ကွက်တခုက အထက်ပါ သတင်းကို သတင်းမှား ဖြစ်သည်ဟု ဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်စောင်းရှိ နေအိမ်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။

ဧရာဝတီတိုင်း လပွတ္တာမှ ဒေသခံများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင် မတွေ့ရသေးသလို လာရောက်မည် ဆိုသော သတင်းကို လည်း မကြားရသေးဟု မဇ္ဈိမသို့ ဆက်သွယ် ပြောဆိုသည်။

ဤအတောအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့ဝင် တချို့သည် ဧရာဝတီတိုင်းသို့ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သွားရောက်နေကြသည်ဟု သိရသည်။

အန်အယ်ဒီ ဗဟိုလူငယ်ပြန်ကြားရေးမှ ကိုနေခြည်ဝင်းက “အဖွဲ့ချုပ်က ဗဟိုအမျိုးသမီး အဖွဲ့ကတော့ လပွတ္တာဖက်ကို သွားတာတော့ ဟုတ်တယ်။ အန်တီပါ၊ မပါတော့ မသေချာဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေကြီး ဦးအောင်သိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်သည် ဟူသော သတင်းကိုပင် အတည် မပြုနိုင်သေးဟု ပြောသည်။

အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “အခုက ဒီလိုပဲ အရပ်ထဲမှာ သတင်းတွေ ထွက်နေတယ်။ အန်ကယ်တို့ အနေနဲ့ကတော့ ဘာမှ မသိရသေးဘူး။ ဒေါ်စုနဲ့ အဖွဲ့ချုပ်နဲ့လည်း ခုထိ အဆက်အသွယ် မရသေးဘူး။ အဲဒီတော့ ဒါကို အတည်မပြုနိုင်သေးဘူး။ အခုက ဒေါ်စု လပွတ္တာအထိတောင် ရောက်သွားတယ် ပြောနေကြတယ်။ သူအကျယ်ချုပ်က လွတ်မှာက မေလ ၂၇ ရက်မှပါ။ ဒီလို သတင်းထွက်တာနဲ့ ပတ်သတ်လို့ အန်ကယ့်အမြင်ကတော့ ဒီနေ့ မဲဆန္ဒ ခံယူနေတော့ လူထုကို အာရုံပြောင်းအောင်များ လုပ်နေတာလားလို့လေ” ဟု ပြောသည်။

အပြည့်အစုံသို့...

YEAR OF THE GHOST

A'karikz Yannaing

This year……….
I've got two teenage kids to send to university
They're both with a new teen spirit and ready
I think they practice too much about Rangoon City

This year……….
My two arms look stronger and steady
My new farms look browner and wealthy
I'll work hard and reduce my middle-aged fancies
On this two arms,
One wife's desire is nicely treated and healthy
On this two arms,
Three children' future is wisely guided and openly free
On this two arms,
Five lives of one culture is simply founded as a family

This year……….
My wife wants to celebrate bronzed annual wedding
And I want to be a temporary monk and stress free
Our good kids will be away from us but I'll be worry

This year……….
Our town has reached enough saved-money
To built a standard high school permanently
And everybody is so proud of our soccer team
For bringing the state championship trophy

This year……….
Our eldest son will come out from political prison
…………………………………………………..
…………………………………………………..

This year……….
I no longer be a householder or manage all the duties
My wife no longer talkatively talks about her girlish dreams
Our children no need to go and study for their aimed degrees
This year,
We, our self and the whole town were destroyed by cyclone Nargis!

This year……….
This year was wiped out from the calendar extraordinarily
This year has drown and died under the water of catastrophe

This year……….
This year has nothing left to say but ghost stories
Son, you are my only sun after my sunset, KEEP FIGHTING!


[A salute to all the political prisoners who have lost their families
During unfair sentences inside of Burma's a few deadliest prisons!]

A'karikz Yannaing
24 May, 2008

အပြည့်အစုံသို့...

Saturday, May 24, 2008

စစ်အစိုးရ ကိုယ့်ဥပေဒေ ကိုယ်လိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု လူ့အခွင့်အရေးအဖွဲ့မှ ပြောကြား

မဇ္ဈိမသတင်းဌာန၊ မေလ ၂၄ ရက် ၂၀၀၈

မြန်မာစစ်အစိုးရသည် ကိုယ်ထုတ်ထားသည့် ဥပဒေကို လေးစား လိုက်နာ၍ စနေနေ့တွင် ထိန်းသိမ်းမှု သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် အမေရိကန်အခြေစိုက် Freedom Now လူ့အခွင့်အရေး အဖွဲ့ကြီးက သောကြာနေ့ ...

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရသည် ကိုယ်ထုတ်ထားသည့် ဥပဒေကို လေးစား လိုက်နာ၍ စနေနေ့တွင် ထိန်းသိမ်းမှု သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် အမေရိကန်အခြေစိုက် Freedom Now လူ့အခွင့်အရေး အဖွဲ့ကြီးက သောကြာနေ့တွင် မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၏ ဥပဒေအရ သူ့ကို ထိန်းသိမ်းမှု သက်တမ်းသည် မေလ ၂၄ ရက်နေ့ သန်းခေါင်ယံတွင် တရားဝင် ကုန်ဆုံးမည် ဖြစ်သဖြင့် ထိုဥပဒေနှင့်အညီ သူ့ကို လွှတ်ပေးရမည်ဟု Freedom Now ၏ ဥက္ကဋ္ဌ Jared Genser က ပြောဆိုခြင်း ဖြစ်သည်။

“စစ်အစိုးရအနေနဲ့ သူ့ကို လွှတ်မပေးဘူးဆိုရင် ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ် ပြန်ပြီး ချိုးဖောက်တာ ဖြစ်နေမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် မိသားစုဝင်များ၏ ညွှန်ကြားချက်အရ သူ၏ ဥပဒေ အကျိုးဆောင်လည်း ဖြစ်သူ Genser က ပြောသည်။

၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ရန်မှ ကာကွယ် တားဆီးသည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) အရ ‘နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုသူ၊ အများပြည်သူ၏ ငြိမ်းချမ်းမှုကို တားဆီး နှောင့်ယှက်သူဟု ယူဆရသူ မည်သူမဆို အများဆုံး ၅ နှစ်အထိ တားဆီး ကန့်သတ်မိန့် ထုတ်ပြန်နိုင်သည်။ ထိုအမိန့်ကို တနှစ်လျှင် တကြိမ် သက်တမ်း တိုးမြှင့်ရမည်’ ဟု ပြဋ္ဌာန်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအကြိမ် ၂ဝဝ၃ ခုနှစ် မေလတွင် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး၊ ယခု မေလ ၂၄ ရက်နေ့တွင် အကျဉ်းစံသက်တမ်း ၅ နှစ်ပြည့်မြောက်မည်။ သူသည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရသည်။

“ထိန်းသိမ်းမှု သက်တမ်းကို ဆက်ထားဖို့ စစ်အစိုးရမှာ ဘာဥပဒေ အခွင့်အရေးမှ မရှိပါဘူး။ တကယ်လို့ ဆက်ဖမ်းထားမယ် ဆိုရင် ဒါဟာ ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ့်ဘာသာ ပြန်ချိုးဖောက်တာပဲ ဖြစ်လိမ့်မယ်” ဟု Genser က ပြောသည်။

သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အခြား ခေါင်းဆောင်များကလည်း သူတို့ပါတီ ခေါင်းဆောင်ကို ထိန်းသိမ်းထားခြင်းကို အစဉ်တစိုက် ကန့်ကွက် ဆန့်ကျင်ခဲ့ကြပြီး ဖမ်းဆီးထားသည်မှာ တရားမဝင်ကြောင်းနှင့် လွှတ်ပေးရန်ကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

“ဒါပေမဲ့ အစိုးရက ဥပဒေကို လေးစား လိုက်နာမှုမရှိဘဲ သူ့ကို ဆက်ထိန်းသိမ်းထားခဲ့ပါတယ်” ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“တကယ်လို့သာ ဒီတကြိမ်လည်း ထိန်းသိမ်းမှု သက်တမ်းကို ထပ်တိုးခဲ့မယ်ဆိုရင်၊ အစိုးရဟာ ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာမှု မရှိဘူးဆိုတာ ပြသရာ ရောက်ပါလိမ့်မယ်” ဟု ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ဤအတောအတွင်း Human Right Watch ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းဖြင့် စစ်အစိုးရသည် ဥပဒေကို ခြယ်လှယ် ချိုးဖောက်နေသည်ဟု ဆိုလိုက်သည်။

ဥပဒေကို ဤကဲ့သို့ လိုသလို ခြယ်လှယ် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုလျှင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ထိန်းသိမ်းမှု သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်ဟု (HRW) ၏ မြန်မာပြည်ရေးရာ အတိုင်ပင်ခံ David Scott Mathieson က ပြောသည်။

“စစ်အစိုးရ အနေနဲ့ လွှတ်ကို လွှတ်ရမယ်။ ဒီလိုပြောတာက ဥပဒေက ဒီအတိုင်း ဆိုထားလို့သာ မဟုတ်ဘူး၊ ဒါ လုပ်ကိုလုပ်ရမယ့် မှန်ကန်တဲ့ ကိစ္စလည်း ဖြစ်လို့ပဲ” ဟု Mathieson က ပြောသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ် အသိုင်းအဝိုင်းမှ ရရှိသော သတင်းအရ ဗိုလ်ချုပ်ကြီးများသည် နောက်ထပ် တနှစ် ဆက်လက် တိုးမြှင့်ရန် ပြင်ဆင် လုပ်ဆောင်နေကြပြီး၊ ယင်းကို စနေနေ့တွင် ကြေညာဖွယ် ရှိသည်။ ဤသည်မှာ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ကုလနှင့် အာဆီယံ ပူးတွဲကျင်းပမည့် အလှူရှင်များ ကွန်ဖရင့် မတိုင်ခင် ၁ ရက်အလို ဖြစ်သည်။

“ဒီ့ထက်ကောင်းတဲ့ အချိန် မရှိတော့ပါဘူး” ဟု Genser က သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားသွားခဲ့ပါသည်။

အကယ်၍ မြန်မာစစ်အစိုးရသာ သူတို့ ဥပဒေကို လေးစား လိုက်နာခဲ့မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် တနင်္ဂနွေနေ့၌ ကျင်းပမည့် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

“သူ့ကို လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး သန်းရွှေက ငြင်းဆန်ခဲ့မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ အာဆီယံ သံတမန်တွေရဲ့ မျက်နှာကို ဖြတ်ရိုက် ခံလိုက်ရသလို ဖြစ်မှာပဲ။ ဒီသံတမန်တွေက စစ်အစိုးရက တောင်းခံမယ့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံဖိုး နိုင်ငံတကာ အကူအညီတွေကို နားထောင်ဖို့ ရောက်လာမှာမို့ပါ” ဟု သူက ဆက်ပြောသည်။

အပြည့်အစုံသို့...

မုန်တိုင်းအပြီး ၃ ပတ်အကြာ အနံ့အသက်များ ဆိုးရွား

မဇ္ဈိမသတင်းဌာန၊ မေလ ၂၄ ရက် ၂၀၀၈

ချင်းမိုင်။ ။ မုန်တိုင်ဒဏ်သင့် ကျေးရွာများနှင့် မြစ်ချောင်းတလျှောက် ၃ ပတ်ခန့် ကြာမြင့်သည်အထိ ရှင်းလင်းသူမဲ့ ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေသည်။

ဟိုင်းကြီးကျွန်း၊ ဧရာဝတီတိုင်း ဖျာပုံ၊ လပွတ္တာနှင့် ဘိုကလေးမြို့အနီးရှိ ကျေးရွာများတွင် ပြန့်နှံ့နေသည့် လေဘေးသင့် ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေကြောင်း ယင်းဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်လုပ်ကိုင်နေသူများက ပြောဆိုကြသည်။

“ဖျာပုံ တဖက်ကမ်း ဒေးဒရဲမြို့နယ်အတွင်းမှာ၊ ဖျာပုံ မြစ်ဝ ကမ်းရိုးတမ်းတလျှောက် ကျေးရွာ တော်တော်များများမှာ လူသေ အလောင်းတွေကို ရှင်းလင်းသူမရှိလို့ ပုပ်တဲ့ အနံ့အသက်တွေ ရှိနေတယ်” ဟု ဖျာပုံဒေသ လေဘေး ကယ်ဆယ်ရေး လုပ်နေသူ ရန်ကုန်သားတဦးက ပြောသည်။

ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်း၊ မှော်ဘီ၊ အချာကြီး၊ အချာလေး၊ လိပ်တလန်ချောင်း၊ စွယ်တော်ကုန်း၊ လေးအိမ်တန်း၊ ဆိတ်လေးကုန်၊ တံတားကြောင်း၊ မြစိမ်းငယ်နှင့် ကွမ်းမှုံကျေးရွာ တလျှောက်တွင်လည်း အလောင်းများ တွေ့ရဆဲ ဖြစ်သည်။

“ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်းမှာ ရေလုပ်ငန်း လုပ်ကိုင်စားသောက်နေတဲ့ သူတွေဆိုရင် စာရင်းတောင် မရှိတော့ဘူး။ အကုန်လုံး သေကုန်ကြတယ်။ အဲဒီဒေသမှာဆိုရင် အပုပ်နံ့တွေက အရမ်းကို နံနေတာ” ဟု သူက ဆက်ပြောသည်။

ဟိုင်းကြီးကျွန်း အနီးရှိ ပြင်ခရိုင် ချောင်းဝအုပ်စု၊ ကန်ဆိပ်၊ စက်ဆိပ်၊ ပြင်းဆိပ်နှင့် ဆားကုန်ကျေးရွာများတွင်လည်း အနံ့အသက်များ မကောင်းပုံကို ကယ်ဆယ်ရေး လုပ်ငန်း လုပ်နေသူ တဦးက ပြောသည်။

အပြည့်အစုံသို့...

Friday, May 23, 2008

မြန်မာသံတမန်များ မြန်မာပြည်ပြန်ရန် ဂျာမန်များ ဆန္ဒပြ

NEJ/ ၂၃ မေ ၂၀၀၈

ဂျာမန်ကယ်ဆယ်ရေးအဖွဲ့များ ယမန်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံးရှေ့ လာရောက်ပြီး မြန်မာသံတမန်များ မြန်မာပြည်ပြန်ကြရန် အော်ဟစ်ဆန္ဒပြခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမန်စစ်သား (၂၀) ကျော် လိုက်ပါလာသည့် ဂျာမန်စစ်လေယာဉ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်သို့ ဆင်းသက်ခွင့်ပြုသော်လည်း လေယာဉ်ပေါ်ပါ ကယ်ဆယ်ရေးပစ္စည်းများကိုမူ လေယာဉ်မှ ချခွင့်မပေးဘဲ ဆိုင်းထားသည်ဟု စုံစမ်းသိရသည်။ ။

အပြည့်အစုံသို့...

မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ကုလသမဂ္ဂမှ ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆို

Nagoya, Japan၊ မေလ ၂၂ ရက် ၂၀၀၈
ဂျပန်နိုင်ငံ၊ နဂိုယာမြို့တွင် မြန်မာ့ ဒီမိုကရေစီ အဖွဲ့ချုပ် (League for Democracy in Burma – Nagoya Branch) မှ အဖွဲ့ဝင်များ နဂိုယာမြို့ အပြည်ပြည်ဆိုင်ရာ စင်တာရှိ ကုလသမဂ္ဂရုံး ( United Nations Centre for Regional Development) သို့ သွားရောက်ကာ မြန်မာနိုင်ငံ မုန်တိုင်း လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေး ကုလသမဂ္ဂမှ ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆိုကြပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှုးသို့လိပ်မူ၍ နိုင်ငံတကာ ကယ်ဆယ်ရေးကျွမ်းကျင်သူများနှင့် ကုလသမဂ္ဂ ကယ်ဆယ်ရေး အဖွဲ့များ မြန်မာပြည်သို့ အမြန်ဆုံး ၀င်ရောက် ကယ်ဆယ်ရန် တောင်းဆိုချက်စာအား ပေးပို့ပါသည်။

ထိုမှတဆင့် နဂိုယာမြို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်ကာ မြန်မာနိုင်ငံ မုန်တိုင်း လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး ထိရောက်စွာ ကူညီဆောင်ရွက်ရန် တောင်းဆိုကြပါသည်။

အပြည့်အစုံသို့...

ဘိုကလေးမြို့နယ်တွင်း အငတ်ဘေးကြုံနေ

NEJ/ ၂၃ မေ ၂၀၀၈

ဘိုကလေးမြို့နယ်အတွင်းရှိ မုန်တိုင်းကြောင့် အသက်မသေ ကျန်ခဲ့သူ အများစုမှာ မုန်တိုင်းအပြီး တပတ်ကတည်းက အစာငတ်နေကြသူများဖြစ်ပြီး မကြာခင် အဟာရချို့တဲ့သည့်ရောဂါများ ဖြစ်လာနိုင်သည်ဟု အကူအညီပေးရေးအဖွဲ့တခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘိုကလေးမြို့နယ်တွင်းရှိ မုန်တိုင်းကြောင့် အသက်မသေကျန်ခဲ့သူ အများစုမှာ နေ့စဉ် အစာရှာဖွေ နေရသလို ရသည့်အစာကို မည်သို့ချက်ပြုတ်ရမည်ကိုပါ နည်းလမ်းရှာနေရသည်ဟု Action Against Hunger / Action Contre la Faim (ACF) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ACF အဖွဲ့ သုတေသနပြုမေးမြန်းခဲ့သည့် ဘိုကလေးမြို့နယ်ရှိ အသက်မသေ ကျန်ခဲ့သူများ၏ (၈၆) ရာနှုန်းမှာ မကောင်းသည့်ဆန်များကို နေ့စဉ်စားနေရပြီး စားပြန်တော့လည်း တနပ်ကို စားနေကျထက် ထက်ဝက်မျှ လျှော့စားနေကြရသည်။ (၇၂) ရာနှုန်းမှာ မုန်တိုင်းမတိုင်မီကကဲ့သို့ တနေ့ ထမင်းသုံးနပ် မစားနိုင်ဘဲ နှစ်နပ်သာစားနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ ထြို့ပင် မုန်တိုင်းကြောင့် ငါးဖမ်းကိရိယာများ ဆုံးရှုံးခဲ့သည့်အလျှောက် နေ့စဉ်အသက်ရှင်ရန်အတွက် ရှိတာ ရောင်းချပေါင်နှံ စားသောက်နေကြရသည်ဟုပါ ဖော်ပြထားသည်။

ACF အဖွဲ့မှ မေးမြန်းခဲ့သူများ၏ (၇၅) ရာနှုန်းမှာ ပင်လယ်ရေနှင့် တိရိစ္ဆာန်အသေကောင်များကြောင့် မသန့်သည့် ရေကန်များမှ ရေကိုသုံးနေသလို အိမ်သာ (၉၆) ရာနှုန်းမှာ ပျက်စီးကုန်သည်ဟု (ACF) အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ။

အပြည့်အစုံသို့...

မဲလိမ်မှုများအပေါ် တရားစွဲဆိုနိုင်ရန် ဒီချုပ်ပြင်ဆင်နေ

မဇ္ဈိမသတင်းဌာန/ဖနိဒါ၊ မေလ ၂၃ ရက် ၂၀၀၈

ချင်းမိုင်။ ။ ကျင်းပပြီးစီးခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဆိုကာ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုပြီး စစ်အစိုးရ ထုတ်ပြန်ထားသော မဲရလာဒ်ကို ပယ်ဖျက်နိုင်ရန် ပြင်ဆင်မှု ပြုလုပ်လျှက် ရှိသည်။

မြို့နယ် ၄၇ မြို့နယ်မှအပ တနိုင်ငံလုံးတွင် မေလ ၁ဝ ရက်က ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲအတွင်း မဲလိမ်မှု အမျိုးမျိုး လုပ်ခဲ့သည် ဆိုခြင်းများနှင့် ပတ်သက်၍ မျက်မြင်သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများကို စုစည်းနေခြင်း ဖြစ်သည်။

“ကျနော်တို့ သတင်းအချက်အလက် အပြည့်အစုံရအောင် လုပ်နေတယ်။ အချက်အလက်တွေ ပြည့်စုံရင် ဥပဒေနဲ့အညီ ဖြစ်နိုင်ဖို့ စဉ်းစား ဆုံးဖြတ်ကြမယ်၊ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေ မဲလိမ်လည်မှုတွေ အားလုံး အသေးစိတ် တပြည်လုံး အတိုင်းအတာနဲ့ရအောင် စုစည်းနေပါတယ်။ ကျနော်တို့ ဗဟိုအဖွဲ့ဝင်တွေ မြို့နယ်၊ တိုင်း အားလုံးကို အချက်အလက်တွေ ရဖို့ စုစည်း ခိုင်းထားတယ်။ တချို့လည်း ရပါပြီ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အဖွဲ့ချုပ်တွင် လက်ရှိအားဖြင့် ပဲခူးတိုင်း ကဝမြို့နယ်တွင် ရပ်ကွက်ကြီး ၆ ခုနှင့် ကျေးရွာအုပ်စု ၉၆ အုပ်စုအတွင်းက မဲလိမ်မှုများအကြောင်း စုစည်း ထားရှိပြီး ဖြစ်သည်။

ရှေ့နေ ဦးအောင်သိန်းက “ဒီလုပ်ရပ်ကတော့ အစိုးရကို တရားစွဲရင်၊ တရားမကြောင်းအရ တရားစွဲရင် စွဲလို့ရမှာပေါ့။ Notice စာထုတ်ပြီး တရားစွဲရမှာပဲ။ ခွင့်ပြုတာ မပြုတာ ရှိမယ်။ တရားစွဲဆိုခွင့်တော့ ဥပဒေအရ ပြဋ္ဌာန်းထားတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်းက ပေးပို့လိုက်သည့် မဲလိမ်မှု လျှောက်လဲစာတွင် ဆန္ဒခံယူပွဲနေ့ မဲပေးရာတွင် ကိုယ်စားမဲပေးခွင့် ပြုလုပ်ခိုင်းခြင်းများနှင့် မဲရုံမှူးများ ကိုယ်တိုင် အစားထိုးမဲများ ထည့်ခြင်းတို့အကြောင်း သက်သေ ထွက်ဆိုချက်များ ပါရှိသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်စီ) နှင့် အတိုက်အခံ အဖွဲ့အစည်းများကလည်း ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဟု စွပ်စွဲ ပြောဆိုထားပြီး သက်သေ အထောက်အထားများ စုဆောင်းနေသည်။

“မဲလိမ်လည်မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာပေါ့နော်၊ ပထမဆုံး အနေနဲ့က သက်သေခံချက်တွေကို ပို့ဖို့အတွက် လုပ်နေပါတယ်။ အထဲမှာသွားပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့တဲ့ သက်သေခံ အထောက်အထား ယူခဲ့တာတွေ ရှိတယ်ပေါ့နော်။ အဲလိုပဲ တခြားအတိုက်အခံ အဖွဲ့အစည်းတွေမှာလည်းပဲ သက်သေ အထောက်အထားတွေကို ပူးပေါင်းပြီးတော့ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ လုပ်နေပါတယ်” ဟု ရှေ့နေများ ကောင်စီမှ ဦးသိန်းဦးက ပြောသည်။

သူက ဆက်ပြီး “အားလုံးက ဒီကိစ္စကို ပြိုင်တူ ဝိုင်းပြီးတော့ တွန်းဖို့ လိုပါတယ်။ ဒီလို ဝိုင်းတွန်းမယ်ဆိုရင် ကျနော်တို့ တစုံတရာ အကောင်အထည် ဖော်နိုင်လိမ့်မယ်။ တဦးတယောက်ထဲ လုပ်လို့ရမှာ မဟုတ်တဲ့ အတွက်ကြောင့် ပူးပေါင်း ဆောင်ရွက်ကြဖို့ စနစ်တကျ ဆောင်ရွက်နေပါတယ်” ဟု သူက ပြောသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေအရ ငါးနှစ်ထက် ကျော်လွန်ကာ ချုပ်နှောင်ထားခွင့် မရှိဟု သူမ၏ရှေ့နေ အမေရိကန် အခြေစိုက် ဂျာရတ်ကန်ဆာက ဗီအိုအေ သို့ ပြောကြားခဲ့သည်။

ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ် မေလတွင် နေအိမ် အကျယ်ချုပ် နောက်တကြိမ် ပြန်လည်ချထားခဲ့သည်။ ဒေါ်စုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နေအိမ် အကျယ်ချုပ်သက်တမ်း ၁၁ နှစ် ကျော်မြင့်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကို ၁၉၇၅ ခုနှစ် စတင် ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်ထိ ဖမ်းဆီး ချုပ်နှောင့်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ တဖန် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး (၅) နှစ်ထိ ချုပ်နှောင်ထားနိုင်သည်ဟု စစ်အစိုးရက ပြင်ဆင် သတ်မှတ်ခဲ့သည်။

အပြည့်အစုံသို့...

မုန်တိုင်းဒဏ်သင့် လူသေအလောင်းများ ကောက်ယူသင်္ဂြီုဟ်နိုင်ခြင်း မရှိသေး

ဧရာဝတီ-ကိုစိုး | မေ ၂၃၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီး၍ သုံးပတ်ခန့် ကြာမြင့်လာသော်လည်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသ မြစ်ချောင်းများ၊ လယ်ကွင်းပြင်များတွင် ရှိနေသည့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သော လူသေအလောင်း များကို ကောက်ယူသင်္ဂြီုဟ်ခြင်း မပြုလုပ်နိုင်သေးကြောင်း လေဘေးဒုက္ခသည်များကို ကူညီနေသူများက ပြော သည်။

ယင်းမုန်တိုင်းဒဏ်ခံရသော ဒေသများရှိ ဒုက္ခသည်များကို သွားရောက်အကူအညီပေးနေသည့် ရန်ကုန်အခြေစိုက် နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူကလည်း ၎င်းတို့ သွားရောက်ခဲ့သည့် မြစ်ဝကျွန်းပေါ် ဘိုကလေးမြို့နယ် ကန်စု ကျေးရွာတွင် ကောက်ယူသင်္ဂြီုဟ်ခြင်း မပြုလုပ်ရသေးသော အဆိုပါ လူသေအလောင်း များကို တွေ့ရှိခဲ့ရသည်ဟု ဧရာဝတီသို့ ပြောသည်။

ကိုကျော်သူကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး စစ်အစိုးရ က တလ ခန့် ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသည်။

ကိုကျော်သူတို့၏ နာရေးကူညီမှုအသင်းသည် လေဘေးဒုက္ခသည်များ အကူအညီပေးရေးလုပ်ငန်းကို ကျယ်ပြန့် စွာပြုလုပ် နေသော အဖွဲ့တဖွဲ့ဖြစ်ရာ ၎င်းတို့အား ဒေသခံဒုက္ခသည်များက လူသေအလောင်းများအား ရှင်းလင်း ပေးရန် အကူအညီ တောင်းခံကြသည်ဟုလည်း သိရသည်။

“အဲဒီ နေရာတွေမှာ လူသေအလောင်းတွေက အခုအချိန်အထိကိုရှိနေတုန်းပဲ ဆိုတော့ မလွှဲမရှောင်သာကို လုပ်ရ မယ့် အလုပ်တခုပါပဲ၊ ဒါပေမယ့် ကျနော်တို့မှာ ရေထဲကအလောင်းတွေဆယ်ယူဖို့ လူအင်အားနဲ့ ပစ္စည်းကိရိယာ လိုအပ်ချက်တွေ ရှိနေတယ်”ဟု ကိုကျော်သူက ပြောပြသည်။

မုန်တိုင်းဒဏ်ကြောင့် ဘိုကလေးမြို့ရှိ ၎င်းတို့အသင်းမှလှူဒါန်းထားသော မီးသင်္ဂြီုဟ်စက်ပျက်စီးသွားသည့် အတွက်လည်း လူသေအလောင်းများကို မီးသင်္ဂြီုဟ်ရန်အခက်အခဲရှိကြောင်း ကိုကျော်သူက ထည့်သွင်းပြောကြား သည်။

ကိုကျော်သူက ဆက်လက်ပြီး“မြန်မာထုံးတမ်းစဉ်လာအရ သေဆုံးသူအလောင်းတွေကို ကောက်ယူ သင်္ဂြီုဟ်ပေး ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်”ဟု လည်း ပြောဆိုသည်။

ဘိုကလေး မြို့ခံတဦးက မူ အစိုးရ အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများမှ မည်သူတဦး တယောက်ကမျှ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် လူသေအလောင်းများကို ကောက်ယူသင်္ဂြီုဟ် ခြင်းမရှိ သေးကြောင်း ပြောသည်။

ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်နေသည့်အဖွဲ့တဖွဲ့မှ ဆရာဝန်တဦးကလည်း“ဒီ လူသေအလောင်း တွေကို မြင်ရတာ စိတ်မချမ်းသာ စရာပါ၊ ကျနော်တို့ဟာ မြန်မာတွေဖြစ်ပါတယ်၊ ဒီလို အခြေအနေကြားထဲမှာ လုပ်နေကြရတာ ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပါဘူး”ဟု ပြောပြသည်။

ယင်းဒေသများရှိ စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသော ကြံ့ဖွံ့အဖွဲ့ဝင်များကမူ လူသေအလောင်းများကို ရေထဲသို့ မျှောလွှတ်ပစ်သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ နာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၂.၅ သန်း ခန့် ၎င်းတို့၏ လုပ်ငန်းများပျက်စီး ဆုံးရှုံး၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ ကြောင်း ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။
မေလ ၂ ရက်နှင့် ၃ ရက်အတွင်း တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသော ဒေသအားလုံး တွင် ဝန်ထမ်း ၁၅၉ ဦးအပါအဝင် သေဆုံးသူပေါင်း ၇၇၇၃၈ ဦး၊ ဝန်ထမ်း ၈၅ ဦး အပါအဝင် ပျောက်ဆုံး သူ ၅၅၉၁၇ ဦး နှင့် ဝန်ထမ်း ၄ ဦး အပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း စစ်အစိုးရ သတင်း ဌာနများက ထုတ်ပြန်ထားသည်။

အပြည့်အစုံသို့...

အသင့်အမှန်ခြစ်ပြီး မဲပေးရမည့်ကတ်ပြားများ စတင်ဝေနေ

NEJ/ ၂၃ မေ ၂၀၀၈

အမှန်အသင့်ခြစ်ထားသည့် မဲကတ်ပြားများကို ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်နှင့် ကြံ့ဖွံ့ရုံးများက ယနေ့ နံနက်မှစပြီး တအိမ်တက်ဆင်း လိုက်ပေးနေသည်။

မနက်ဖြန် မေ (၂၄) တွင် ရန်ကုန်အပါအ၀င်(၄၇) မြို့နယ်၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ် တော့မည်ဖြစ်သည့်အတွက် ဆန္ဒမဲပေးရန် ကတ်ပြားများကို လိုက်ပေးနေခြင်းဖြစ်သည်ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို အခုလာပြီး အမှန်ခြစ်ပြီးသား မဲလက်မှတ်လာပေးတယ်။ တခါတည်းကို ပုံနှိပ်ပြီးသားပါ” ဟု ပြောသည်။

တာမွေမြို့နယ်တွင်မူ ယနေ့ည နောက်ဆုံးထားပြီး ရက်ကွက်အလိုက် သက်ဆိုင်ရာ ဆယ်အိမ်မှူး များမှတဆင့် အဆိုပါကတ်ပြားများကို ပေးသွားမည်ဟု တာမွေမြို့နယ် တာမွေကြီး က/ဂ မှ ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

“ရန်ကုန်မှာ မဲပေးမယ့်သူတွေက အခုချိန်မှာ ဘယ်သူမှ စိတ်ဝင်စားမယ်မထင်ဘူး။ လူတွေကိုယ်စီ စိတ်ထဲမှာ လေဘေးသင့်သူတွေအတွက် ကြေကွဲနေရတာ၊ ပြီးတော့သူတို့က (၉၂.၄) ရာခိုင်နှုန်းနဲ့ မဲရလဒ်ကို ကြေညာထားတယ်။ ဒါလောက်လိမ်ထားပြီး မရမက ယူထားတာတောင် လေဘေးသင့် လို့ မေ (၁၀) ရက်မှာ မဲမပေးဘဲ ကျန်ခဲ့ရတဲ့ (၄၇) မြို့နယ်မှာ ဒီပုံစံအတိုင်းထပ်လိမ်ဖို့ လုပ်ပြန်ပြီ” ဟု မဟာဗန္ဓုလပန်းခြံလမ်းရှိ ရှေ့နေများရုံးခန်းတခုမှ တရားရုံးချုပ်ရှေ့နေတဦးက ပြောသည်။

ယခု မဲပေးမည့်သူများအား အိမ်တိုင်ရာရောက် လာပေးသည့် မဲကတ်ပြားများမှာ ရှေ့မျက်နှာစာ
တွင် အမှန်ခြစ်ထားပြီး နောက်ကြောတွင် မဲရုံဖွင့်မည့်အချိန်၊ မြို့နယ်မဲရုံ လမ်းညွှန်၊ မဲပေးမည့်သူ အမည်၊ နေရပ်လိပ်စာနှင့် မဲပေးရမည့် အမှတ်စဉ်တို့ ပါရှိသည်။

လေမုန်တိုင်းသင့်သည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မြို့နယ် (၄၇) မြို့နယ်မှလွဲ၍ နအဖ စစ်အစိုးရက အခြေခံဥပဒေမူကြမ်းဆန္ဒခံယူပွဲကို ယခုလ (၁၀) ရက်တွင် ကျင်းပခဲ့ပြီး ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးသူ (၉၂. ၄) ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြောင်း ကော်မရှင်က ကြေညာခဲ့သည်။

အပြည့်အစုံသို့...

ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သဘောတူဟု ဘန်ကီမွန်းပြောကြား

မဇ္ဈိမသတင်းဌာန/သောကြာနေ့၊ မေလ ၂၃ ရက် ၂၀၀၈

ချင်းမိုင်။ ။ ကယ်ဆယ်ရေး ဝန်ထမ်း အားလုံးကို ဝင်ရောက် ကူညီခွင့်ပေးရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံမှ သဘောတူညီချက် ရပြီဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။

နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့ နေ့လည်က (၂) နာရီကြာ တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂ အကြီးအကဲက သတင်းထောက်များအား ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံသားမဆို ဝင်ရောက်ခွင့် ရမည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာပြည်တွင် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသော ၂ သန်းခွဲကို အကူအညီ ပေးနိုင်ရေးအတွက် နိုင်ငံတကာမှ အကူအညီများ မြန်မာပြည် ဝင်ရောက်ရေး ဖိအားပေးရန် ယမန်နေ့က ရောက်ရှိနေခြင်း ဖြစ်သည်။

ယမန်နေ့က စစ်အစိုးရ ဝန်ကြီးချုပ် သိန်းစိန်၊ နိုင်ငံတကာမှ အေဂျင်စီများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သလို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဒေးဒရဲနှင့် မော်ကျွန်းသို့ ၂ နာရီကြာ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

မစ္စတာ ဘန်ကီမွန်းသည် ယနေ့ညနေတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန်လာပြီးနောက် တနင်္ဂနွေနေ့တွင် ရန်ကုန်သို့ ပြန်လည် သွားရောက်ပြီး နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ထားသည်၊

မြန်မာပြည်တွင် မုန်ုတိုင်းအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးနှင့် အာဆီယံတို့က ကြီးမှူး ကျင်းပမည့် အစည်းအဝေးသို့ နိုင်ငံပေါင်း (၃ဝ) ကျော်နှင့် ကုလသမဂ္ဂ အေဂျင်စီများ တက်ရောက်မည်ဟု သိရသည်။

အပြည့်အစုံသို့...

Wednesday, May 21, 2008

မုန်တိုင်းကြောင့် ရန်ကုန်တွင် လူ (၇) သိန်း၊ ဧရာဝတီမှာ လူ (၁) သန်းခွဲ ဒုက္ခရောက်

NEJ/ ၂၁ မေ ၂၀၀၈

မေ (၂၁) ရက် ထုတ်ပြန်သည့် UNOCHA အဖွဲ့ အစီရင်ခံစာအရ နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်တွင် လူ (၁) သန်းခွဲ ဒုက္ခရောက်နေပြီး ရန်ကုန်တွင် လူ (၇) သိန်းနီးပါး ဒုက္ခရောက်နေသည်။ ဧရာဝတီတိုင်း ကိုယ့်မြို့ကိုယ့်ရွာတွင် ဖွင့်ထားသည့် ကယ်ဆယ်ရေး စခန်းများ၌ ဒုက္ခသည် (၉) သောင်းကျော်ရှိပြီး တခြားမြို့နယ်များသို့ ရွှေ့ပြောင်းထားသည့် ဒုက္ခသည်ပေါင်း (၂၅,၀၀၀) ရှိသည်။

မုန်တိုင်းဒုက္ခသည်များထောက်ပံ့ရန် ပြည်ပက ဆန်တင်သွင်းရန်လို
လာမည့် (၆) လအတွင်း ဒုက္ခသည်များအတွက် အစားအစာ တန်ချိန် (၆၅,၀၀၀) လိုမည်ဖြစ်ပြီး ပြည်ပက ဆန်တင်သွင်းရန် လိုသည်ဟုပါ UNOCHA က မှန်းထားသည်။

မြန်မာကလေး (၁) သန်း မုန်တိုင်းဒဏ်သင့်
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ နာဂစ်မုန်တိုင်းဒဏ် ခံရသည့် လူဦးရေ (၂) သန်းခွဲအနက်
(၄၀) ရာနှုန်းမှာ ကလေးများဖြစ်သည်၊ မုန်တိုင်းဒဏ်ခံရသည့် ကလေးများကို စိတ်ဓာတ်ရေးရာ အားပေးရေးကိစ္စမှာ ဦးစားပေးဖြစ်သည်ဟု UNICEF အဖွဲ့က ထုတ်ပြန်ထားသည်။

အပြည့်အစုံသို့...

ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသည့်အတွက် မအူပင်မြို့တွင် အခက်အခဲဖြစ်နေ

ရိုးမ ၃-ဗထူး။ မေ ၂၁၊ ၂၀၀၈

လေဘေးသင့်ဒေသအဖြစ် သတ်မှတ်ခြင်းမခံရသည့် မြို့နယ်အတွင်းမှ ဒုက္ခသည်များမှာ အကူအညီမရရှိသဖြင့် အခက်အခဲဖြစ်နေရသည်။

စစ်အစိုးရအာဏာပိုင်များက မအူပင်မြို့နယ်အတွင်းမှ ဒုက္ခသည်များကို အသိအမှတ်မပြုထား သည့်အတွက် ရပ်ရွာအတွင်းမှစေတနာရှင်များက လာရောက်ကျွေးမွေးသည်များနှင့် ရပ်တည် နေရကြောင်း မအူပင်ဒေသခံတဦးက ဆိုသည်။

စစ်အစိုးရက ယခုလဆန်းပိုင်းတွင် ရန်ကုန်တိုင်းမှ မြို့နယ် (၄၀) နှင့် ဧရာဝတီတိုင်းမှ (၇) မြို့နယ်တို့အား သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများအဖြစ် သတ်မှတ်ခဲ့ရာ ကျန်ပြည်နယ်တိုင်းအချို့ရှိ ကျေးရွာများတွင်လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ဧရာဝတီတိုင်း အတွင်းမှ မြောင်းမြနှင့် မအူပင်မြို့နယ်များလည်း ပါဝင်သည်။

“မအူပင်မှာ စာရင်းမ၀င်တဲ့ဒုက္ခသည် မြို့ပေါ် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၆) အုပ်စုရှိတာ၊ အားလုံးဆိုရင် (၈၀) ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်၊ ဒီမှာက ရေမတက်လို့ အသက်ဆုံးရှုံး တာတော့ မရှိဘူး၊ နေအိမ်အဆောက်အဦတွေတော့ ပျက်စီးသွားတယ်၊ ဒုက္ခသည်အဖြစ် အသိမှတ်မပြုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ နေရတယ်”ဟု ပြောသည်။

မအူပင်မြို့ပေါ်တွင် ဒုက္ခသည်စခန်း (၈) ခုရှိပြီး ဗောဓိကျောင်း၊ ဓမ္မာရုံကျောင်း၊ ကုန်တိုက် ဟောင်းနှင့် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားကာ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် မအူပင် မြို့နယ်အတွင်း ကျေးရွာများမှ ဒုက္ခသည်များကိုထားရှိသည်။

အဆိုပါလေဘေးဒုက္ခသည်များအတွက် အာဏာပိုင်များက နေရာချထားပေးခြင်းမရှိခြင်း ကြောင့် မြို့ခံလူထုနှင့် ရန်ကုန်မှလာရောက်၍ ပုဂ္ဂလိကလှူဒါန်းမှုများအပေါ်တွင် မှီခို စားသောက်နေရသည်ဟု ဆိုသည်။

“အခုဆိုရင် တောင်သူလယ်သမားတွေမှာ တော်တော်အခက်အခဲဖြစ်လာတယ်၊ တချို့ဆိုရင် တဲအိမ်တွေတောင်မှ ပြန်မပြင်နိုင်သေးဘူး၊ မိုးရေထဲမှာ ဘုန်းကြီးကျောင်းကပ်နေရတာတွေ ရှိတယ်၊ နီးစပ်ရာအိမ်မှာ ကပ်နေရတာတွေလဲရှိတယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။

မအူပင်မြို့နယ်အတွင်း ကျေးရွာမှလယ်သမားတဦးက “ အခု လယ်ဆင်းချိန်ရောက်လာတဲ့အခါ ကျတော့ လယ်တွေထဲမှာ ရေတွေတင်ကျန်ခဲ့တော့ စိုက်ရေးပျိုးရေး ဘာမှလုပ်လို့မရတော့ဘူး၊ မျိုးစပါးကလဲ ရေတွေစိုသွားတော့ အခုစိုက်ရတဲ့အချိန်မှာ အကုန်မရှိဖြစ်နေတယ်၊ မျိုးစပါးကလဲ တော်တော်လေး အခက်အခဲဖြစ်နေပါတယ်၊ မအူပင်မှာ လယ်စိုက်ဧက သိန်းချီရှိတယ်၊ သေချာ တာတော့ လယ်သမား (၈၀) ရာခိုင်နှုန်းက ဘာမှမလုပ်နိုင်တော့ဘူး”ဟု ပြောဆိုခဲ့သည်။

အပြည့်အစုံသို့...

နာဂစ်အကူအညီ ၂၅ ရာနှုန်းသာရှိသေးဟု ဘန်ကီမွန်း ပြောကြား

မဇ္ဈိမသတင်းဌာန-ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၀၈

ဘန်ကောက်။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှု အခြေအနေမှာ လက်ရှိအချိန်အထိ ၂၅ ရာခိုင်နှုန်းသာ ရှိနေသေးကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်ခြင်း ဖြစ်ပြီး ဒုက္ခသည်များထံ အကူအညီ အပြည့်အဝ ရောက်ရှိသည်အထိ သူ့အနေဖြင့် ကြိုးစား လုပ်ဆောင်သွားမည်ဟု ကတိပြုလိုက်သည်။

ကုလအတွင်းရေးမှုးသည် မြန်မာနိုင်ငံ ရန်ကုန်သို့ မနက်ဖြန် မနက်တွင် သွားရောက်မှာ ဖြစ်ပြီး သောကြာနေ့တွင် ထိုင်းနိုင်ငံသို့ သောကြာနေ့တွင် ပြန်လာမည်ဖြစ်သည်။ သို့သော် မေ ၂၅ နေ့တွင် ပြုလုပ်မည့် အာဆီယံ အစည်းအဝေးကို တဖန် ပြန်လည် တက်ရောက်ဖွယ် ရှိသည်။

သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံမည် ဖြစ်ပြီး ပြည်တွင်း ပြည်ပ ကယ်ဆယ်ရေးအဖွဲ့များ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင် အကူအညီများ ပေးခွင့်ရအောင် ကြိုးပမ်းသွားမည်ဟု ပြောသည်။

ထောက်ပံ့ကူညီရေး လုပ်ငန်းများသည် ရေရှည် စီမံကိန်း ဖြစ်သင့်သည်ဟု ဆိုကာ နိုင်ငံတကာ အကူအညီများသည် နိုင်ငံရေး ပတ်သက်မှု မရှိသင့်ဟု သူက အလေးအနက် ပြောကြားသွားသည်။

အပြည့်အစုံသို့...

မုန်တိုင်းသင့် စာသင်ကျောင်းများကို မဲရုံများပြုလုပ်ရန် နအဖ အပူတပြင်းဆောင်ရွက်

NEJ/ ၂၁ မေ ၂၀၀၈

လာမည့် မေ (၂၄) ရက်တွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အတွက် နာဂစ်မုန်တိုင်းဒဏ် ခံရသော စာသင်ကျောင်းများကို မဲရုံများ ပြုလုပ်ရန် နအဖက အပြင်းအထန် ဆောင်ရွက်နေကြောင်း သိရသည်။

“(၂၄) ရက်နေ့အတွက် ဒီမှာ ပျက်စီးသွားတဲ့ ကျောင်းတွေကို အမြန်ဆုံး ပြုပြင်နေတာဗျ။ ဒါပေမယ့် ကျနော်တို့ကိုတော့ သူတို့က ဇွန် (၁) ရက်မှာ ကျောင်းတွေဖွင့်မှာဖြစ်လို့ အမြန်လုပ် တာလို့ ပြောစေချင်တယ်” ဟု ဒလနဲ့ ဆိပ်ကြီး ခနောင်တိုတွင် တည်ဆောက်ရေး လုပ်ငန်းများ တာဝန်ယူနေရသော ရှိုင်းဆောက်လုပ်ရေး ၀န်ထမ်းတဦးက ပြောသည်။

ယခုလ (၂၄) ရက် မဲဆန္ဒခံယူပွဲ ပြုလုပ်ပြီး နောက် (၂၅) ရက်မှစ၍ ကျောင်းသားများ ကျောင်းအပ်နှံ နိုင်ပြီဖြစ်ကြောင်း အချို့ကျောင်းများတွင် ကြေညာထားသည်။

အချို့မြို့နယ်များတွင် ယမန်နေ့ (၂၀-၅-၂၀၀၈) မှစ၍ ကျောင်းအပ်နှံနေကြပြီဖြစ်ကြောင်း သိရသည်။

“ကျနော့်သမီးလေးက ပထမတန်း ကျောင်းအပ်လက်ခံနေလို့ အပ်ပြီးပြီ။ ကျောင်းဝင်ကြေးကတော့ မနှစ်ကလိုပါပဲ။ အ-မ-က (၁၂) အင်းစိန်ကျောင်းမှာပါ” ဟု ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောသည်။

ကျောက်တံတားမြို့နယ်အတွင်းမှ အ-မ-က ကျောင်းတကျောင်းတွင် ကျောင်းသားသစ်/ဟောင်း များကို (၂၅) ရက်မှစ၍ မူလတန်းအတွက် အခမဲ့လက်ခံကြောင်း ရေးသားဖော်ပြထားသည်။

တာမွေမြို့နယ် အ-ထ-က (၄) မှ အလယ်တန်းပြဆရာမတဦးက ကျောင်းဖွင့်ရန် လက်ခံနေသော် လည်း ကျောင်းတက်ရမည့်ရက် အတိအကျကိုမူ သက်ဆိုင်ရာက ညွှန်ကြားချက် မထုတ်သေး ကြောင်း ပြောသည်။

ရှိုင်းဆောက်လုပ်ရေးမှ တာဝန်ခံတဦးက လောလောဆယ် ၎င်းတို့အနေဖြင့် ရန်ကုန်တဖက်ကမ်းရှိ ကျောင်းများကို ပြင်ဆင်နေကြောင်း ပြောသည်။

“ဒီ ဒလမှာတော့ ရှိုင်းဆောက်လုပ်ရေးက မူလတန်းကနေ အထက်တန်းထိ (၇၂) ကျောင်း၊ ဆိပ်ကြီးခနောင်တိုမှာရှိတဲ့ကျောင်း စုစုပေါင်း (၁၄) ကျောင်းကို ပြင်ဆင်နေတယ်။ ဒလမှာ
ဆေးရုံ (၁) ရုံ၊ တိုက်နယ်ဆေးရုံ (၂) ရုံ၊ ဆိပ်ကြီးမှာ ဆေးရုံ (၁) ရုံ၊ ဒေသန္တရဆေးရုံ (၁) ရုံ ကိုလည်း အမိုးအကာတွေ ပြင်နေတယ်” ဟု ၎င်းက ပြောသည်။

အစိုးရအနေဖြင့် မေ (၂၄) ရက် မဲပေးနိုင်ရန် မဲရုံများ ပြုလုပ်နိုင်ရေးအတွက် ကျောင်းများကို အမြန် ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို စီမံခန့်ခွဲထားခြင်းဖြစ်ကြောင်း သိရသည်။ ။

အပြည့်အစုံသို့...

မြန်မာ သတင်းထောက်များ လပွတ္တာတွင် ၁ ည အဖမ်းခံရ

ဧရာဝတီ | မေ ၂၁၊ ၂၀၀၈

နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် လပွတ္တာမြို့နယ်အတွင်းရှိ ရွာတရွာသို့ သွားရောက်ခဲ့သော ဂျာနယ်လစ်အဖွဲ့ တဖွဲ့ကို သက်ဆိုင်ရာ အာဏာပိုင်များက ၁၉ ရက်နေ့ည တညခေါ်ယူထိန်းသိမ်း ထားခဲ့ကြောင်း သတင်းဂျာနယ် အသိုင်း အဝန်းမှ ကြားသိရသည်။

၎င်းအဖွဲ့တွင် သည်ဗွိုက်စ်ဝိကလီးဂျာနယ်၊ 24/7 သတင်းဂျာနယ်၊ ဆဲဗင်းဒေးနယူးစ် ဂျာနယ်နှင့် ရန်ကုန် မီဒီယာဂရု(ပ်) တို့မှ သတင်းထောက် ၈ ဦး ပါဝင်သည်။

ည ၁၁ နာရီခန့်တွင် ၎င်းတို့တည်းခိုရာ ဟိုတယ်သို့ စစ်သားများ ရောက်လာပြီး ဧည့်သည်စာရင်း လာတောင်း ယူခဲ့ပြီးနောက် စာရင်းနှင့် မလုံလောက်ဟု ဆိုကာ လူများကိုပါ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက် တဦးကပြောပြသည်။

“စစ်သားတွေက သူတို့ရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို အားလုံးဖျက်ပစ်လိုက်တယ်။ ပြီးတော့ သူတို့ကို နောက်တခါ ဒါမျိုးအကြောင်း မကြားဘဲ ဝင်လာရင် ဖမ်းချုပ်မယ်လို့ ပြောတယ်တဲ့” ဟု ၎င်း သတင်းထောက်ကပြောသည်။

စစ်သားများထဲတွင် ဗိုလ်မှူးတဦးပါဝင်ပြီး သတင်းထောက်များကို နောက်တဖန် ၎င်းတို့အား အကြောင်းမကြားဘဲ သတင်း မယူပါဟု ခံဝန် လက်မှတ်ထိုးခိုင်းကြောင်း သိရသည်။ ထိုစစ်သားများမှာ တပ်မ ၆၆ မှ စစ်သားများဖြစ်ကြသည်ဟု ဆိုသည်။

တညလုံး ထိန်းသိမ်းထားသော သတင်းထောက်များကို ၂၀ ရက်နေ့ နံနက် ၇ နာရီတွင်မှ ပြန်လည် လွှတ်ပေးခဲ့သဖြင့် ရန်ကုန်ကို ထွက်သွားသည့် နံနက် ၇ နာရီမော်တော် လွတ်သွားခဲ့သည်။ ၎င်း သတင်းထောက် အဖွဲ့မှာ နံနက် ၉ နာရီခွဲတွင် ထွက်သော မော်တော် နောက်တစီးဖြင့် ရန်ကုန်ပြန်ခဲ့ရာ ထိုနေ့ သန်းခေါင်အချိန်တွင်မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရသည်။

မြန်မာ သတင်းဂျာနယ်များတွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်သည့် အပျက်အစီး သတင်းများ၊ လူသေသည့် သတင်းများကို ဖော်ပြခွင့်မပြုဘဲ လှူဒါန်းသည့်သတင်းမျိုးသာ ဖော်ပြခွင့်ပြုကြောင်း သတင်း အယ်ဒီတာတဦးက ပြောသည်။

“လှူတဲ့သူတွေ မရောက်နိုင်သေးတဲ့နေရာတွေ ရှိသေးတယ် ဆိုတာမျိုးလည်း ရေးလို့မရဘူး” ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်သွင်းဖော်ပြပြီးသည့် သတင်းများကို ပြန်လည်ရေးသား ရာတွင်ပင် တခါတရံ တည်းဖြတ်၊ ဖြုတ်ပယ်မှုများ ရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာန တခုမှ သိရသည်။

ယခုနောက်ပိုင်းတွင် လပွတ္တာ နှင့် ဘိုကလေး မြို့နယ်အတွင်းရှိ ဟိုတယ်များ တည်းခိုခန်းများကို ဧည့်သည် မျက်နှာစိမ်း ဝင်ရောက်ပါက မည်သည့်အဖွဲ့အစည်း၊ မည်သည့် နိုင်ငံသား စသည်ဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားရမည်ဟု အာဏာပိုင်များက အမိန့်ထုတ်ထားကြောင်း ကြားသိရသည်။

အဖွဲ့အစည်းတခုခု သို့မဟုတ် တဦးချင်း လှူဒါန်းလိုသည့် အလှူရှင်များ အနေနှင့်လည်း မိမိသဘောဖြင့် လှူဒါန်းခွင့်မရှိဘဲ သက်ဆိုင်ရာ မြို့နယ် လှူဒါန်းရေးကော်မရှင်သို့ အကြောင်းကြားပြီးမှ လှူဒါန်းခွင့်ရှိကြောင်း စစ်အစိုးရက အမိန့်ထုတ် ထားသည်။

“ကျနော်တို့မြို့မှာ ကားနဲ့လိုက်ကြေညာတယ်။ လှူချင်တဲ့သူတွေက ကိုယ့်သဘောနဲ့ကိုယ် မလှူဘဲ ကော်မရှင်ကို အကြောင်း ကြားရမယ်တဲ့။ ကိုယ့်ဘာသာ သွားလှူရင် ဒုက္ခသည်တွေ သိက္ခာကျမှာ စိုးလို့ လို့ပြောတယ်” ဟု သန်လျင်မြို့မှ စေတနာ့ ဝန်ထမ်း တဦးကပြောသည်။
မြန်မာစစ်အစိုးရသည် နိုင်ငံတကာမှ ဝင်ရောက်လာမည့် ပစ္စည်းအကူအညီများကိုသာ လက်ခံမည်ဖြစ်ပြီး နိုင်ငံခြားသား ကယ်ဆယ်ရေး ကျွမ်းကျင်လုပ်သားများကို လက်ခံမည်မဟုတ်ကြောင်း မေလ ၉ ရက်နေ့က ကြေညာခဲ့သည်။

အပြည့်အစုံသို့...

မြို့တွင်း ကန့်သတ်မိန့် ရန်ကုန်တွင် ထုတ်ပြန်

မဇ္ဈိမသတင်းဌာန- ဗုဒ္ဓဟူးနေ့၊ မေလ ၂၁ ရက် ၂၀၀၈

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲ နီးလာချိန်တွင် ရန်ကုန်မြို့တွင် တားမြစ်အမိန့်တခု အာဏာပိုင်များက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

"မေ ၂၃ ရက်နေ့နှင့် ၂၄ ရက်များတွင် ဆန္ဒမဲပေးရန် ကျန်ရှိသော မြို့နယ်နေ ပြည်သူများ အနေဖြင့် မိမိသက်ဆိုင်ရာ မြိ့နယ်များ ပြင်ပသို့ သွားရောက်ခြင်းအား တားမြစ်သည်" ဟု မြို့တွင်း မြို့နယ်များတွင် ရဲများ လိုက်ပါလာသော ကားနှင့် လှည့်လည်အော်သော ကြေညာချက်တွင် ပါရှိသည်။

တားမြစ်ချက်ကို မလိုက်နာသူကို မည်သို့ အရေးယူမည်ကို ထည့်သွင်း ပြောဆိုထားခြင်း မရှိသော်လည်း ဘယ်အတွက်ကြောင့် တားမြစ်သည်ကို ရန်ကုန်မြို့သားများ နားမလည်နိုင်ဘဲ ဖြစ်နေသည်။ ထို ထူးဆန်းသော ကြေညာချက်ကို မကြားလိုက်မိသူများလည်း အများအပြား ရှိနေသည်။

မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တွင်းရှိ မြို့နယ် ၄၇ မြို့နယ်တွင် စစ်အစိုးရ စိတ်ကြိုက်ဖြစ်သော အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲများ မေ ၂၄ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။

"မဲပေးမယ့် နေ့ကိုတောင် အပြင်မသွားရဘူးဆိုတော့ ပေါတောတော ဆန်တယ် ဆိုမလား" ဟု ကြေညာချက်ကို နားဆင်လိုက်ရသူ တဦးက မဇ္ဈိမသို့ ပြောကြားသည်။

မနက်ဖြန်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည် သွားရောက်မည် ဖြစ်ပြီး ရဲပတ်တရောင်လှည့်မှုများ နေ့ရော ညပါ တိုးမြှင့် လုပ်နေချိန်လည်း ဖြစ်သည်။

အပြည့်အစုံသို့...

မေ (၂၀) ရက်ထိ အလောင်းကောက်သူ မရှိသေး

NEJ/ ၂၁ မေ ၂၀၀၈

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂) ပတ်ကျော်ကြာသည့်တိုင် မုန်တိုင်းကြောင့် သေဆုံးခဲ့သူများ၏ အလောင်းများကို သက်ဆိုင်ရာမှ မြှုပ်နှံသင်္ဂြိုဟ်ခြင်းမလုပ်သည့်အပြင် ရှင်းလင်းနေသူများ ကိုလည်း အာဏာပိုင်များက ဟန့်တားနှောင့်ယှက်နေကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နှင့် လပွတ္တာဘက်သို့ သွားရောက်ခဲ့သည့် သတင်းထောက်အဖွဲ့မှ ဂျာနယ် အယ်ဒီတာတဦးက “အဲဒီမှာ စက်လှေနဲ့ တပတ်ပတ်ကြည့်လိုက်တာ အလောင်းပေါင်း (၃၄) လောင်း တွေ့သေးတယ်။ တချို့က ကမ်းစပ်မှာ၊ တချို့က မြောင်းတွေထဲမှာ၊ တချို့က လယ်ကွင်းထဲမှာ၊ ကောက်ရိုးတွေ အမှိုက်တွေ ဖုံးနေတဲ့အောက်မှာလည်း ရှိနိုင်သေးတယ်” ဟု ပြောသည်။

ထို့အပြင် ၎င်းတို့အဖွဲ့က လပွတ္တာမြို့နယ် လှိုင်းဘုန်းကျေးရွာသို့လည်း ရောက်ခဲ့ရာ အဆိုပါ ရွာမှ ရွာသားအချို့က မုန်တိုင်းကျပြီးနောက် ကိုယ့်အသိဖြင့်ကိုယ် အလောင်းများကို ရှာဖွေ၊ ရှင်းလင်း မြှုပ်နှံမှုများ လုပ်ခဲ့သည်ကို တွေ့ရကြောင်း ပြောသည်။

သို့သော် ရွာ၌ အခြေစိုက်သည့် တပ်မ (၆၆) မှ တပ်ရင်းမှူးအဆင့်ရှိ ဒု-ဗိုလ်မှူးကြီး အောင်ကျော် ဇေယျက မည်သည့်အကြောင်းပြချက်မှမပေးဘဲ ဆက်မလုပ်ရန် တားမြစ်ခဲ့သည့်အတွက် နောက်ပိုင်း အလောင်းရှာဖွေ မြှုပ်နှံရေးလုပ်ငန်းများကို ရွာသားများက မလုပ်နိုင်တော့ကြောင်း အဆိုပါ ဂျာနယ်အယ်ဒီတာက ပြောသည်။

အခြား သတင်းထောက်တဦးကလည်း ရက်ကြာလာသည့်အလောင်းများမှာ ပုပ်ပွနေကာ ဦးခေါင်းပိုင်းက အရိုးကျနေပြီး အချို့အလောင်းများမှာ ရုပ်ပျက်ဆင်းပျက် မြင်တွေ့ရကြောင်း ပြောသည်။

ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာအစိုးရကို မုန်တိုင်းကြောင့် သေဆုံးခဲ့သူများ၏ အလောင်းများ ကောက်ယူရာတွင် အသုံးပြုရန် အလောင်းထည့်သည့် အိတ်သောင်းနှင့်ချီ၍ ပေးအပ်ခဲ့ကြောင်း ပြည်တွင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

သို့သော် အစိုးရအနေဖြင့် အလောင်းကောက်ယူရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကို မည်သည့် နေရာကမှ သတင်းမရရှိသကဲ့သို့ မုန်တိုင်းဒဏ်ခံ ကျေးရွာအများအပြားကလည်း အလောင်းများ မရှင်းလင်းရသေးသည့် မြစ်၊ ချောင်း၊ ရေကန်များမှ ရေကိုသာ သောက်သုံးနေကြကြောင်း အဆိုပါ ဒေသမှ ပြန်လည်ရောက်ရှိလာကြသူများက ပြောသည်။ ။

အပြည့်အစုံသို့...

တောင်ဒဂုံတွင် လူထုနဲ့အာဏာပိုင် ရုန်းရင်းဆန်ခတ်ဖြစ် ရာအိမ်မှူးအိမ်ကို လူထုကဖြိုဖျက်ခဲ့

ရိုးမ ၃။ မေ ၂၁၊ ၂၀၀၈

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဒုက္ခသည်များအတွက် ပစ္စည်းများအား ပေးဝေခြင်း မပြုဘဲ ကိုယ်ကျိုးအတွက်သုံးစွဲသည့် အာဏာပိုင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရပ်ကွက်လူထုက ရာအိမ်မှူးအိမ်အား ဖြိုဖျက်ခဲ့သည်။

တောင်ဒဂုံ (၇၁) ရပ်ကွက်မှ ရာအိမ်မှူး ဦးသိန်းအောင်က နေအိမ်တွင် ကိုယ်ကျိုးအတွက် ဆန်များသိုလှောင်ထားပြီး ဒုက္ခသည်များအား ဆန်ပေးဝေသည့်အခါ ဆဲဆိုကြိမ်းမောင်းခဲ့သဖြင့် ရပ်ကွက်နေပြည်သူများက ၎င်းး၏အိမ်အား ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

“ဖြစ်တာက မနေ့က ည (၁၀) နာရီလောက်မှာ၊ ရာအိမ်မှူးအိမ်နဲ့ ဝေါဗွီးရှင်းအဖွဲ့က အဖွဲ့ဝင် တယောက်အိမ်လည်း ပါတယ်၊ သူတို့အိမ်မှာ ဆန်နဲ့ တခြားပစ္စည်းတွေ ယူထားကြတယ်၊ ပစ္စည်း ဝေတော့လဲ ဘက်လိုက်မှုတွေလုပ်တော့ ရပ်ကွက်က ဒေါသထွက်နေတဲ့လူတွေက လုပ်တာ” ဟု အဆိုပါရပ်ကွက်နေသူတဦးက ပြောသည်။

ယင်းကဲ့သို့ အိမ်ကိုဖြိုဖျက်နေစဉ် ရာအိမ်မှူးနှင့်ဇနီးမှာ ထွက်ပြေးသွားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ရောက်ရှိလာသဖြင့် ည (၁၂) နာရီလောက်တွင် အခင်းဖြစ်ပွားမှုပြီးဆုံးသွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ အဆိုပါရပ်ကွက်ရှိ (ရယက)ရုံးတွင် လေဘေးသင့်သူများအားမဝေဘဲ ဆန်များ သိမ်းဆည်းထားသဖြင့် ရပ်ကွက်လူထုက (ရယက)ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအား လိုက်လံ ရှာဖွေ၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

“ဖမ်းမလို့လိုက်ရှာတုန်း ရဲတွေက ဒုတ်တွေဒိုင်းတွေနဲ့ရောက်လာပြီး လူတွေကိုခြိမ်းခြောက်တော့ ရပ်ကွက်လူထုကလည်း ဒုတ်တွေဓားတွေဆွဲပြီး အကြီးအကျယ်ဖြစ်မလို့ပဲ၊ သေနတ်နှစ်ချက် ဖောက်လိုက်တော့မှ လူစုကွဲသွားတယ်”ဟု ရပ်ကွက်နေသူတဦးက ပြောသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၇၁) ရပ်ကွက်တွင် အိမ်ခြေ တထောင်ကျော်ခန့်ရှိပြီး မုန်တိုင်းဒဏ် ကြောင့် ပြည်သူအများမှာ စားဝတ်နေရေးကြပ်တည်းနေပြီး စစ်အစိုးရလက်အောက်ခံအဖွဲ့များမှ လေဘေးသင့်ပြည်သူများအား ပေးဝေမည့် ပစ္စည်းများအား ကိုယ်ကျိုးရှာသုံးစွဲခြင်း၊ ရောင်းချ ခြင်းများ ပြုလုပ်နေသဖြင့် ရပ်ကွက်အတွင်း မကျေနပ်မှုများ တိုးပွားလာနေခြင်းဖြစ်သည်။

“ကြံ့ခိုင်ရေးအဖွဲ့က ကိုစိန်လင်း၊ မအေးမှုံ၊ အမျိုးသမီးရေးရာက မအေးမူ၊ မမူမူအေး၊ သူတို့ အိမ်မှာ ဆန်တွေယူထားတာတွေ့တယ်၊ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအိမ်မှာက သွပ်အချပ် ၅၀ နဲ့ ဆန် ၃ အိတ် တွေ့တယ်၊ ဒုက္ခသည်တွေကို နည်းနည်းပဲပေးပြီးတော့ သူတို့ယူထားကြတာလေ” ဟု ရပ်ကွက်နေသူတဦးက ပြောသည်။

ပြည်သူများအား ဆန်ဝေစဉ် ဥက္ကဋ္ဌဦးအောင်ကြည်သိန်း ဆက်ဆံပုံနှင့်ပတ်သက်၍ မျက်မြင် တဦးက “မင်းတို့ဆင်းရဲသားတွေ၊ စောက်သုံးလဲမကျတဲ့ကောင်တွေ၊ မင်းတို့ ဘာလား ညာလားဆိုပြီး ကြိမ်းမောင်းတာတွေ လုပ်တယ်၊ ပြီးတော့ လာတန်းစီတဲ့အထဲက အမျိုးသမီး နှစ်ယောက်ဆိုရင် လက်သီးနဲ့ ဗိုက်ကို အထိုးခံလိုက်ရတယ်”ဟု ပြောဆိုခဲ့သည်။

အပြည့်အစုံသို့...

ကြိုတင်ထောက်ခံမဲနှင့် ကယ်ဆယ်ရေးပစ္စည်းများ လဲနေ

NEJ/ ၂၁ မေ ၂၀၀၈

ရန်ကုန်မြို့ မြို့နယ်အချို့တွင် လေဘေးဒုက္ခသည်များအား ကြိုတင်ထောက်ခံ ဆန္ဒမဲပေးခိုင်းကာ ဆန်၊ ဆီနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ပေးဝေနေကြောင်း သိရသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ ဆင်ခြေဖုန်းရပ်ကွက်တခုမှ ကိုယ်တိုင်ကြိုတင်မဲ ပေးခဲ့ရသူတဦးက “ကျမက သင်္ကန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်နားကပါ။ ကျမတို့ရပ်ကွက်ထဲမှာ အိမ်တွေ ပြိုပျက်သွားတာချည်းပဲ။ လေဘေးဒုက္ခသည်ဘ၀ ရောက်ကုန်တယ်။ အခု ကြိုတင်မဲပေးရတယ်၊ သူတို့ကို အမှန်ခြစ်ပေးရတယ်။ သူတို့က ဆန်၊ ဆီတွေ ထုတ်ယူလို့ရအောင် တုံကင်ပေးလိုက် တယ်” ဟု ပြောသည်။

နအဖလက်အောက်ခံ ကြံ့ဖွံ့များက ကြိုတင်ထောက်ခံမဲများ အရယူရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

နအဖစစ်အစိုးရက ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် အခြေခံဥပေဒေမူကြမ်း ဆန္ဒခံယူပွဲကို မုန်တိုင်းဘေးသင့်သည့် နေရာများမှလွဲ၍ မြန်မာနိုင်ငံတ၀န်းလုံး၌ ယခုလ (၁၀) ရက်တွင် ကျင်းပခဲ့သည်။

လေဘေးဒဏ်ခံရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ မြို့နယ် (၄၇) မြို့နယ်တို့၌ လာမည့် (၂၄) ရက်၌ ဆန္ဒခံယူပွဲ ကျင်းပရန် ကျန်ရှိနေသေးသည်။

စမ်းချောင်းမြို့နယ်အတွင်း၌လည်း ကြိုတင်မဲပေးခြင်းကို ယခုလ (၁၇) ရက်မှ စတင်နေကြောင်း၊ မဲပေးရန် စာရွက်ပေါ်တွင် အမှားအမှန်ကို မိမိဆန္ဒသဘောဖြင့် ဆောင်ရွက်ခွင့်မရှိကြောင်း စမ်း ချောင်း လင်းလွန်းတောင် ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်း အရေးတကြီး လုပ်ဆောင်ရန် နိုင်ငံတကာက တိုက်တွန်းနေသည့် ကြားမှ နအဖ စစ်အစိုးရက အခြေခံဥပေဒေမူကြမ်း ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပြီး ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးသူ (၉၂. ၄) ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြောင်း ကော်မရှင်က ကြေညာခဲ့သည်။

လေဘေးဒုက္ခသည်များအား အကူအညီများပေးနေသည့် အနုပညာရှင် ကိုဇာဂနာကလည်း အထူးဆောက်ထားသည့် ကယ်ဆယ်ရေးစခန်းများရှိပြီး ထိုစခန်းများတွင် လာရောက် နေထိုင် သူများအား ထောက်ခံမဲပေးကြရန် တိုက်တွန်းမှုများရှိကြောင်း ပြောကြားသည်။

၎င်းက “သူတို့ စပါယ်ရှယ်ဆောက်ထားတဲ့ camp တွေ ရှိတယ်လေ၊ ရွက်ဖျင်တဲ ကောင်းကောင်း နဲ့လုပ်ထားတာ။ အဲဒီထဲမှာ လာနေတဲ့သူတွေဆိုလို့ရှိရင် ဒီမှာနေဖို့အတွက် မင်းတို့အားလုံး ထောက်ခံမဲ ထည့်ရမယ်ဆိုပြီးတော့ ပြောတယ်လို့ သူတို့က ပြောတယ်။ အဲဒါတော့ ဟုတ်တယ်။ အဲဒီကို မသွားတဲ့သူတွေကို မင်းတို့နိုင်ငံတော်က ကျွေးတာစားမလား၊ အလှူရှင်တွေက ကျွေးတာ စားမလားလို့ ပေါ်တင်ကို မေးတာ” ဟု ပြောသည်။

မရမ်းကုန်းမြို့နယ်မှ တရားရုံးချုပ်ရှေ့နေတဦးကမူ “ လေဘေးရောက်လို့ အတိဒုက္ခရောက်နေတဲ့ အချိန်မှာ ထောက်ခံမဲကိုရဖို့ ဂရုစိုက်နေတာတော့ ရှက်စရာပါ” ဟု ဆိုသည်။

အပြည့်အစုံသို့...

စိုက်ပျိုးရေး ပြန်စရန် တောင်သူကြီးများ အစစ အခက်ကြုံနေရ

ဧရာဝတီ-အေးချမ်းမြေ့ | မေ ၂၁၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံခဲ့ရသည့် ကွမ်းခြံကုန်း မြို့နယ်အပိုင် ဆင်ဒိုး ကျေးရွာတွင် ကျွဲ၊ နွားများ ဆက်တိုက် သေဆုံးနေသောကြောင့် တိရိစ္ဆာန်ဆေးကု ဆရာဝန်များ လိုအပ်နေကြောင်း ထိုဒေသသို့ စေတနာ့ဝန်ထမ်း အဖွဲ့တဖွဲ့နှင့် လိုက်ပါသွားခဲ့သူ တဦးကပြောပြသည်။

ကျွဲနွားများမှာ ရေငတ်၊ မောပန်းသည့်ပုံစံဖြစ်ပြီး ရုတ်တရက် လဲကျသေဆုံးရသဖြင့် တောင်သူဦးကြီးများမှာ ၎င်းတို့တွင် အသက်ရှင်ကျန်ရှိနေသေးသော လယ်ယာသုံး အဖိုးတန် တိရစ္ဆာန်များအတွက် စိုးရိမ်သောက ရောက်နေရသည်ဟု သိရသည်။ ၎င်း ဒေသတွင် မျိုးစပါးများ ကျန်ရှိနေသေးရာ တောင်သူဦးကြီးများက လယ်စတင်စိုက်ပျိုးချင်နေကြသည်ဟု ထိုသူကပြောသည်။

“အိမ်တွေလည်း မရှိ၊ စားဖို့လည်း အနိုင်နိုင် ဆိုပေမယ့် ခုအချိန်က စပါးစိုက်ချိန်ဆိုတော့ သူတို့က စိုက်ကြည့်ချင်ကြတယ်။ မြေကြီးကတော့ ဆားငန်ရေထိသွားတော့ ရမရတော့ မပြောတတ်ဘူးလို့ လယ်သမားတွေက ပြောတယ်။ ဒါပေမယ့် နွားတွေ ကျွဲတွေက သေကုန်တော့ လယ်ထွန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ၎င်း ကဆက်ပြောပြသည်။

ထိုရွာအနီးပတ်ဝန်းကျင်မှ ရွာ လေးငါးရွာခန့်မှာ နေစရာမရှိသဖြင့် ဆင်ဒိုးရွာ မူလတန်းကျောင်းတွင်ပင် ညလာအိပ်ကြရပြီး သောက်ရေအနေဖြင့် တုံကင်မှရေကိုသာ သောက်ကြရသည်ဟု သိရသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့ တဘက်ကမ်းရှိ ဥယျာဉ်ကျေးရွာနှင့် အခြား အနီးတဝိုက်ရွာများသည်လည်း နာဂစ် မုန်တိုင်း ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး ယခုအခါ မျိုးစပါးများကို ဆုံနှင့် ထောင်းစားနေရကြောင်း သန်လျင်မြို့မှ စေတနာ့ ဝန်ထမ်း တဦးကပြောသည်။

“စားစရာလုံးဝမရှိလို့ မျိုးစပါးတွေကို ဆုံနဲ့ထောင်းပြီး ဖွတ်စားနေရတယ်ကြားတယ်။ အဲဒါ ကျနော်တို့ သွားကူ ကြမလို့ပါ” ဟု ၎င်းက ပြောပြသည်။

ရန်ကုန်မြို့ရှိ စေတနာရှင်များအနေနှင့် ဒုက္ခသည်များကို စုံစမ်းရှာဖွေကာ လိုက်လံလှူဒါန်းလျှက် ရှိသော်လည်း ကူညီမှု လုံးဝမရရှိသေးသူ များစွာကျန်ရှိနေသေးကြောင်း ကြားသိရသည်။

“ကူညီတဲ့ အလှူရှင်တွေကတော့ရှိပါတယ်။ ဒါပေမယ့် လုံးဝမရောက်နိုင်တဲ့ ရွာတွေရှိသေးတယ်။ တချို့ရွာတွေဆို အဝတ် အစားမရှိလို့ အပြင်မထွက်ရဲတဲ့ သူတွေတောင် ရှိတယ်လို့ ကြားလို့ အဲဒီရွာကိုရှာပြီး အဝတ်အစားတွေ သွားလှူမလို့ပါ” ဟု စေတနာ့ဝန်ထမ်း တဦးကပြောသည်။

စေတနာရှင်များမှာ အစားအသောက်၊ အဝတ်အထည်နှင့် တခြားပစ္စည်းများကို အဓိက လှူဒါန်း နေကြသော်လည်း ဒုက္ခ သည်များအတွက် ကျန်းမာရေးစောင့်ရှောက်ရန် စေတနာရှင် ကျန်းမာရေး ဝန်ထမ်းများလည်း များစွာလိုအပ်နေသေး သည်ဟု သူက ဆိုသည်။

“လမ်းတွေက အရမ်းကြမ်းတယ်။ တချို့ဒေသတွေကျတော့ မော်တော်နဲ့သွားမှရတယ်။ တချို့ရွာတွေ ကျတော့ ဟယ်လီ ကော်ပတာနဲ့သွားမှ ဖြစ်နိုင်တဲ့ နေရာတွေ အများကြီးကျန်သေးတယ်” ဟု အထက်ပါ စေတနာ့ ဝန်ထမ်းက ပြောပြသည်။

ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် ဇာဂနာကလည်း ကယ်ဆယ်ရေးတွင် အမှန်တကယ်ကျွမ်းကျင်သူများ လိုအပ်သည်ဟု ဆိုသည်။

“ကျနော်တို့တွေကတော့ တတ်နိုင်သလောက် အရောက်အပေါက်နည်းတဲ့ ဒေသတွေကို သွားတာပါပဲ။ ဒါပေမယ့် တကယ် ကျွမ်းကျင်တဲ့ သူတွေလိုကို လိုတယ်။ ခုဟာက အားလုံးလုပ်နေကြတယ် ဆိုပေမယ့် ထိထိရောက်ရောက်မလုပ်နိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းအပါအဝင် ရုပ်ရှင်သရုပ်ဆောင်များက အဖွဲ့များခွဲကာ မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့ သွားရောက်၍ အစား အသောက်၊ ဆေးဝါး၊ အိုးခွက်ပန်းကန်၊ မိုးကာစ၊ အဝတ်အထည် စသည်ဖြင့် လိုအပ်သည့် ပစ္စည်းများ လှူဒါန်းလျှက်ရှိသည်။
တချို့သောစက်လှေပိုင်ရှင်များကလည်း ဆီထည့်ပေးရုံဖြင့် စေတနာရှင်များ သွားလိုရာ မောင်းပို့ပေးလျှက် ရှိနေကြောင်း သိရသည်။

အပြည့်အစုံသို့...

လေဘေးဒုက္ခခံရသည့် နေရာများသို့ ကုလ ရဟတ်ယာဉ်များကို သွားခွင့်ပြု

NEJ/ ၂၁ မေ ၂၀၀၈

လေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးပစ္စည်များ သယ်ယူပို့ဆောင်ရန် ကုလသမဂ္ဂ ရဟတ်ယာဉ် (၉) စီးကို မြန်မာစစ်အစိုးရက သယ်ယူပို့ဆောင်ခွင့် ပြုလိုက်သည်ဟု ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံသို့ မထွက်ခွာမီ နယူးယော့ခ်မြို့၌ ပြောကြား သည်။

မစ္စတာဘန်ကီမွန်းက “ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (ဒဗ လျူအက်ဖ်ပီ) ရဲ့ ရဟတ်ယာဉ် (၉) စီးကို သယ်ယူပို့ဆောင် ရေးလုပ်ငန်းလုပ်ဖို့ အစိုးရဆီက ခွင့်ပြုချက် ကျနော်တို့ ရရှိခဲ့ပါတယ်။ ဒါကြောင့် အလွန် အလှမ်းဝေးကွာတဲ့ နေရာတွေ သွားရောက်နိုင်မှာဖြစ်တယ်” ဟု ပြောကြားကြောင်း ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

မစ္စတာ ဘန်ကီမွန်းသည် ကြာသပတေးနေ့ အစောပိုင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ဆိုင်ကလုန်း မုန်တိုင်းဒဏ် အခံရဆုံးဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဘက်သို့ ဆက်လက် သွားရောက်မည်ဟု သိရသည်။ တနင်္ဂနွေနေ့၌ ရန်ကုန်မြို့တွင် အာဆီယံနှင့် ပူးပေါင်းကျင်းပမည့် လေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အလှူငွေ ရှာဖွေရေး ဆိုင်ရာ နိုင်ငံတကာ ညီလာခံတခုသို့ တက်ရောက်ရန်ရှိသည်။

ယခုအချိန်သည် မြန်မာနိုင်ငံတွက် သေရေးရှင်ရေး အချိန်ဖြစ်ကြောင်း၊ လေဘေးဒုက္ခခံနေရသူ များ၏ (၂၅) ရာခိုင်နှုန်းထံသို့သာ အကူအညီ ပေးရေးအဖွဲ့များ ရောက်ရှိကြောင်းနှင့် မြန်မာ နိုင်ငံသို့ရောက်ရှိပါက ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်း အင်အားဖြည့်တင်း လုပ်ကိုင်သွား မည်ဟု ကုလသမဂ္ဂ အကြီးအကဲက ပြောသည်။

၎င်းက “ကျနော် မြန်မာပြည်သူလူထုအတွက် ကျနော် တတ်နိုင်သလောက် အစွမ်းကုန် ဆောင်ရွက် သွားပါမယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ လုပ်ကိုင်နေရတဲ့ အခြေအနေကို ကျနော်ကြည့်ချင်ပါတယ်။ သူတို့အားစိုက်လုပ်ကိုင်နေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းအတွက် အင်အားဖြည့်တင်းပေးမယ်။ ပြီး တော့ မြန်မာအာဏာပိုင်တွေရယ် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေရယ်နဲ့ ညှိနှိုင်းဆောင် ရွက်သွားမယ်” ဟု ပြောကြားသည်။

မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် ပျက်စီးသွားကြောင်းနှင့် ဆိုင်ကလုန်းကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးအပေါ် ထိခိုက်မှုသည် ၂၀၀၄ ခုတွင် ဖြစ်ပွားခဲ့သည့် ဆူနာမိထက် ပိုမိုဆိုးရွားပြီး အချိန်ပိုမိုကြာရှည်နိုင်သည်ဟုလည်း မစ္စတာဘန်ကီမွန်းက ပြောကြား သည်။

မြန်မာနိုင်ငံတွင်း၌ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ စသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက မုန်တိုင်းဘေးဒုက္ခသည် များအတွက် အစားအစာ၊ ဆေးဝါး၊ အမိုးအကာ၊ ရေသန့်စင်ပစ္စည်းများ ပံ့ပိုးပေးခြင်းနှင့် ရောဂါဖြစ် ပွားမှု စောင့်ကြည့်သည့်လုပ်ငန်းများ ဆောင်ရွက်နေကြသည်။

လေဘေးဒုက္ခသည်များအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ခွင့်ကို ရန်ကုန်မြို့ အထိသာ မြန်မာစစ်အစိုးရက ခွင့်ပြုထားပြီး သဘာဝဘေးဒဏ် ခံရသည့် နေရာများသို့ နိုင်ငံခြားသားများအား သွားရောက်ခွင့်နှင့် အကူအညီပစ္စည်းများ တိုက်ရိုက်ပေးအပ်ခွင့်တို့ကို ပိတ်ပင်ထားဆဲဖြစ်သည်။ ။

အပြည့်အစုံသို့...

ရဲနှင့် ဒုက္ခသည်များ အဓိကရုဏ်းဖြစ်

မဇ္ဈိမသတင်းဌာန၊ မေလ ၂၀ ရက် ၂၀၀၈

ချင်းမိုင်။ ။ ရဲနှင့် လေဘေး ဒုက္ခသည်များအကြား အချင်းများမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ တောင်ဒဂုံမြို့နယ် အမှတ် ၇၂ ရပ်ကွက်တွင် ပုဂ္ဂလိက အလှူရှင်များမှ လာရောက် လှူဒါန်းထားသော ပစ္စည်းများကို ရပ်ကွက် အာဏာပိုင်များက ထိန်းချုပ်မှု လုပ်သည်ဆိုကာ ဒုက္ခသည်များက တောင်းဆိုရာမှ နှစ်ဖက် တင်းမာလာပြီး လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်။

“ရုတ်ရုတ်ဖြစ်တော့ ရဲကားတွေနဲ့ ရဲတွေ ရောက်လာတယ်။ ဒိုင်းတွေနဲ့ ရဲတွေ ပါလာတယ်။ ဝေခြမ်းပေးနေတဲ့ လူတွေကို ရဲတွေက လူအုပ်ထဲကနေ ဆွဲထုတ်သွားတယ်” ဟု အမည်မဖော်လိုသူ တောင်ဒဂုံနေသူ တဦးက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် တောင်ဒဂုံ အ၀င်လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ စီစစ်မှုများ လုပ်ခဲ့သော်လည်း ယနေ့ ညနေပိုင်းတွင်တော့ ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။

အလှူရှင်များက တအိမ်ထောင်လျှင် ဆန် ၆ ပြည်နှင့်အတူ ပုဆိုးတထည်၊ ပိတ်စတစ၊ စောင်တထည်စီ မျှဝေပေးရာ လူဦးရေ ၅ဝဝ ခန့်အတွက် ပေးပြီးနောက် ညနေ ၆ နာရီခန့်တွင် လှူဒါန်းမည့် ပစ္စည်းများကို ရပ်ကွက်နှင့် မြို့နယ် အာဏာပိုင်များ လက်သို့ အပ်နှံခဲ့ပြီးနောက် အာဏာပိုင်များက ရယက ရုံးတံခါးပိတ်၍ ဝေငှသည့်ကိစ္စ ရပ်ဆိုင်းလိုက်သည်ဟု ဒေသခံများက ပြောကြသည်။

“ရဝတ ရုံးကို တံခါးပိတ်လိုက်တယ်။ နောက်ထပ် အလှူပစ္စည်းတွေ မဝေတော့ဘူးလို့ ပြောတယ်။ ရှေ့မှာ တန်းစီနေတဲ့ သူတွေက ဒေါသဖြစ်တယ်။ လှူတဲ့သူတွေက လာလှူတာကို ဘာ့လို့ မပေးတာလဲလို့ ပြောတော့၊ တန်းစီနေတဲ့ မိန်းမတွေက ပြောတော့ ရာအိမ်မှူးက တယောက်ကို ၆ လုံး ပေးမယ် ယူမလားလို့ မေးတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

သူက ဆက်ပြီး “တန်းစီတဲ့ မိန်းမတွေက ယူမယ်လို့ ပြောတော့ အမျိုးသမီးရေးရာက မအေးမူက အိမ်ထဲကို လာလို့ပြောတော့ ပထမ ဝင်လာတဲ့ ကလေးမလေးကို ဝါးရင်းဒုတ်နဲ့ စီးရိုက်လိုက်တယ်။ ကလေးမလေး လက်ကို ရိုက်မိတဲ့အတွက် ကလေးမလေးက လက်ကျိုးသွားတယ်။ နောက်က တန်းစီနေတဲ့ လူတန်းက ဒေါသဖြစ်ပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ နောက်ကတန်းစီနေတဲ့ အမျိုးသမီးတွေက အထဲကို ဝင်ပြီးတော့ သတ်မယ် ဖြတ်မယ်တွေ ဖြစ်ကုန်တယ်” ဟု ပြောသည်။

စိုးရိမ်ကြောင့်ကြမှု ရှိနေသော စစ်အစိုးရက မြို့နယ်အတွင်း ရဲများ တိုးမြှင့် ချထားလိုက်သည်။

ရဲသတင်းရပ်ကွက် အပြောအရ ယနေ့နံနက်ပိုင်း ၁၀ နာရီ ခန့်တွင် ကရင်ပြည်နယ်မှ ဒုပြည်နယ်မှူး ဦးဆောင်သည့် ရဲ စုစုပေါင်း ၁၀၀ ခန့် တောင်ဒဂုံမြို့နယ်တွင် ရောက်ရှိလာသည်။

မယက ရုံး၊ မြို့နယ် ရဲစခန်းဝန်း အပါအ၀င် နေရာအနှံ့ နယ်မြေများခွဲ၍ အရပ်ဝတ်များဖြင့် ၁၀ ယောက်တတွဲ၊ ၁၂ ယောက်တတွဲ ချထားသည်။

အပြည့်အစုံသို့...