Thursday, December 18, 2008

လူ့အခွင့်အရေးသမား ဦးမြင့်အေးကို ထောင်ပြောင်း

ဧရာဝတီ-ကိုစိုး၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၀၈

စစ်အစိုးရက ဖောက်ခွဲရေး သမားဟု စွပ်စွဲဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသော လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ (HRDP) မှ ဦးမြင့်အေးနှင့် တခြားသော HRDP အဖွဲ့ဝင်များကို ဝေးလံသည့် အကျဉ်းထောင်များသို့ ပြောင်း ရွှေ့လိုက်ကြောင်း သိရသည်။

စစ်အာဏာပိုင်များက ပုဒ်မ ၃ ခုဖြင့် စွဲဆို၍ ထောင်ဒဏ်စုစုပေါင်း ၂၈ နှစ်ခန့် ချမှတ်ထားသည့် ဦးမြင့်အေးအား ဒီဇင်ဘာ ၁၆ ရက်နေ့က အင်းစိန်ထောင်မှ ကယားပြည်နယ် လွိုင်ကော် ထောင်သို့ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည် ဟု ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့က ပြောသည်။

“လွိုင်ကော် ထောင်ကို ၁၆ ရက်နေ့က ပြောင်းလိုက်တာ၊ အဲဒီလိုကြားတော့ ဘာလုပ်ရမှန်တောင်မသိဘူးဖြစ်သွား တယ်၊ လောလောဆယ်တော့ ကျန်းမာရေးကောင်းပါတယ်၊ စစ်ဆေးတာ နည်းနည်းကြမ်းလို့ သွေးပေါင်တွေ ဘာတွေ ကျတယ်လို့တော့ ကြားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဦးမြင့်အေးကို ယခုနှစ် သြဂုတ်လ ၈ ရက်နေ့ ၈ လေးလုံး အနှစ် ၂၀ ပြည့်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၃(၅) နှင့် ထောင်ဒဏ် ၅ နှစ်၊ ၁၇(၁) နှင့် ထောင် ၃ နှစ် ၊ ပုဒ်မ ၃/၆ ဖောက်ခွဲရေး ပုဒ်မ ဖြင့် ထောင် တသက် တကျွန်း ချမှတ်ခဲ့ဖြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောပြသည်။

ဒေါ်လဲ့လဲ့ကဆက်လက်ပြီး“တသက်တကျွန်း ဆိုတာက အနှစ် ၂၀ နဲ့ လဲလို့ ရတယ်တဲ့၊ စုစုပေါင်း ၂၈ နှစ်ပေါ့၊ အယူခံကိစ္စကို ဦးမြင့်အေးက ဘာမှ မပြောဘူး၊ ကျမအနေနဲ့လည်း အယူခံ တက်ချင်စိတ်မရှိတော့ပါဘူး”ဟု ပြောဆိုသည်။

အဆိုပါ ဦးမြင့်အေးကို စက်တင်ဘာလဆန်းက ပြုလုပ်သည့် စစ်အစိုးရသတင်းစာ ရှင်းလင်းပွဲ ၁/၂၀၀၈ တွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရွှေပြည်သာ မြို့နယ် ကြံ့ဖွံ့ရုံး ဗုံးကွဲမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူအဖြစ် စွပ်စွဲထားပြီး အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်များဖြစ်သော ကိုရန်ရွှေ(ထန်းတပင်မြို့နယ်)၊ ကိုဇော်ဇော်အောင် (ရွှေပြည်သာမြို့ နယ်) နှင့် ကိုရန်နောင်စိုး (လှိုင်သာယာမြို့နယ်)တို့ကို အဓိက ဖောက်ခွဲရေးပြုလုပ်သူများဟု ပြောဆိုချက်ကို စက်တင်ဘာ ၈ ရက်ထုတ်မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ယင်း စွပ်စွဲ အရေးယူခံရသူများဖြစ်သည့် ကိုရန်ရွှေ အား ကလေးထောင်၊ ကိုဇော်ဇော်အောင်ကို ရမည်းသင်း ထောင် များသို့ ပြောင်းရွှေ့လိုက်ကြောင်းနှင့် HRDP အဖွဲ့မှ ကိုမျိုးမင်းကို ထောင်ပြောင်းလိုက်သော်လည်း မည်သည့်ထောင်သို့ ပြောင်းသည်ကို မသိရှိရသေးကြောင်း ဦးမြင့်အေး၏ ဇနီးကပြောသည်။

ဦးမြင့်အေးကို ဖမ်းဆီးစဉ် ၎င်း၏ အိမ်အား အာဏာပိုင်များက တနာရီခွဲခန့် မွှေနှောက်ရှာဖွေပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဌ ဦးအောင်ရွှေသို့ လိပ်မူပို့သည့်စာနှင့် စာရွက်စာတမ်းတချို့အပါအ၀င် ၁၉၇၆ ခုနှစ်က အစိုးရထုတ်သည့် အဓိကရုဏ်းနှင့် ပတ်သက်သည့် စာအုပ်၊ HRDP အဖွဲ့၏ နာဂစ် ကူညီရေးလုပ် သည့် အချက် အလက်များ၊ ယင်း နာဂစ် ဒုက္ခသည်များ ကိုယ်တိုင် အကူအညီတောင်းခံထားသော စာများကို ရှာဖွေပုံစံ နှင့် သိမ်းဆည်းသွားကြောင်းလည်း ၎င်းက ဆိုသည်။ ဦးမြင့်အေး၏ နေအိမ်တွင် အန်အယ်လ်ဒီ ရုံးခန်း အငှားထား သည်ဟု သိရသည်။

အလားတူ သြဂုတ်လ ၆ ရက်နေ့က HRDP အဖွဲ့မှ ကိုမျိုးမင်း နှင့် ကိုသန့်ဇော်မြင့်တို့ ၂ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့သောကြောင့် HRDP မှ ဖမ်းဆီးခံရသူပေါင်း ၃၀ ၀န်းကျင်ခန့် ရှိပြီဖြစ်သည်။

0 comments: