Wednesday, November 26, 2008

ဒေါ်စုကို Club of Madrid အဖွဲ့က ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်

ဧရာဝတီ-အေးလဲ့၊ နိုဝင်ဘာလ ၂၅ ရက် ၂၀၀၈

ဒီမိုကရေစီ တိုးတက် ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘ့ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်းများ၊ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် စပိန်နိုင်ငံ အခြေစိုက် “Club of Madrid” အဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်းသိရသည်။

၎င်းအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သည့် နော်ဝေးနိုင်ငံသမ္မတဟောင်း Kjell Magne Bondevik က “ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့က အလေးထားရတဲ့ အကြောင်းကတော့ သူ့နိုင်ငံ သူ့ပြည်သူတွေ လွတ်လပ်ရေးအတွက် ကျနော်တို့ရဲ့လွတ်လပ်မှုကိုအသုံးပြုပြီး ဆောင်ရွက်ပေးဖို့ စွမ်းဆောင်နေသူ တဦးဖြစ်လို့ပါပဲ” ဟု ပြောသည်။

သူက ဆက်လက်ပြီး “ဒီမိုကရေစီကို ဦးတည်တဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ မြန်မာ စစ်အစိုးရကို ထပ်မံတောင်းဆိုပါတယ်” ဟု လည်း ပြောသည်။

အဆိုပါ “Club of Madrid”ကို ဒီမိုကရေစီ တိုးတက်ပြန်ပွားရေးရည်ရွယ်ချက်ဖြင့် ၂၀၀၁ ခု အောက်တိုဘာလ က စပိန်နိုင်ငံတွင် ပြုလုပ်သော ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆွေးနွေးပွဲမှ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် အမေရိက၊ ဥရောပ၊ အာဖရိက၊ အာရှ စသည့် နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင် ၃၅ ဦးနှင့် ကမ္ဘာတ၀န်းရှိ ပညာရှင်များ၊ မူဝါဒရေးရာ ကျွမ်းကျင်သူများ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန်အထက်လွတ်တော်က အရပ်သားများကို ချီးမြှင့်သည့် ဆုများထဲ မှအမြင့်ဆုံးရွှေတံဆိပ်ဆုကို ဒေါ်အောင်ဆန်းဆုကြည်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် နိုဘဲလ်ငြိမ်းချမ်း ရေး ဆုအပါ အဝင် နိုင်ငံတကာဆုပေါင်းများစွာကို ရရှိထားသူလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းဆုကြည်သည် ၁၉၉၀ခုနှစ်တွင် နော်ဝေးနိုင်ငံက နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရရှိထား သော်လည်း ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ ထဲတွင် တဦးတည်းသော နေအိမ်အကျယ်ချူပ် အကျဉ်းချ ခံနေရဆဲဖြစ်သည်။

သူသည် ၂၀၀၃ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်ကာ နေအိမ် အကျယ်ချူပ်ဖြင့် ထိန်းသိမ်းခံဘဝဖြင့် ၅နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိနေအိမ်အကျယ်ချူပ် နေရချိန်စုစုပေါင်း ၁၃နှစ်ရှိပြီဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)ကိုလည်း အမေရိကန်အခြေစိုက် Medeleine K.Albright Grant အဖွဲ့က 2008 Albright Grant ဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

၎င်းဆုကို ချီးမြှင့်ခြင်းသည် ကမ္ဘာပေါ်ရှိ အမျိုးသမီများ၏ နိုင်ငံရေးအသိစိတ်ကို နိုးကြားမြှင့်တင်သည့် အနေဖြင့် အမျိုးသမီး အဖွဲ့အစည်းများကို ထောက်ပံ့ချီးမြှင့်ခြင်းဖြစ်သည်။

WLB သည် တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်း ၁၂ဖွဲ့တို့ဖြင့်ဖွဲ့စည်းထားပြီး ၁၉၉၉ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် ဖွဲ့စည်းသည့် ပထမဆုံး အမျိုသမီးအဖွဲ့အစည်းဖြစ်သည်။

WLB သည် အမျိုးသမီးများ၏ အရည်အချင်းမြှင့်တင်ခြင်းစသည့် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်လုပ်ကိုင် လာစေရန်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

0 comments: