Friday, November 28, 2008

အာဏာသိမ်းမည့် သတင်းများ ဘန်ကောက်တွင် ပျံ့နှံ့ လွှတ်တော်ဖျက်ဘို့ စစ်တပ်က ရာဇသံပေး

NEJ/ ၂၇ နိုဝင်ဘာ ၂၀၀၈

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင်နှင့် ထိုင်းအစိုးရအကြား သဘောထားကွဲလွဲမှုများ ရှိသော်လည်း ထိုင်းအစိုးရအနေဖြင့် ဗိုလ်ချုပ်ကြီး အာနုပေါင်အား ရာထူးမှ ဖယ်ရှားရန် ရည်ရွယ်ချက်မရှိဟု ထိုင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

တဆက်တည်း၌ပင် စစ်သားများအား ဘားတိုက်တွင် နေကြရန် ထိုင်းအစိုးရက မေတ္တာရပ်ခံထားသည်။ သို့သော် ကြာသပတေးနေ့ည သန်းခေါင်မတိုင်မီ လွှတ်တော်ဖျက်သိမ်းပေးမလား သို့မဟုတ် အာဏာသိမ်းမှုကို ရင်ဆိုင်မလားဟု ဆွန်ချိုင်းအစိုးရကို ဗိုလ်ချုပ်ကြီး အာနုပေါင်က ကြိတ်ပြီးရာဇသံပေးထားသည်ဆိုသည့် ကောလာဟလများလည်း ပျံ့နှံ့နေသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း တည်ငြိမ်အေးချမ်းမှုအခြေအနေရရှိစေရန်အတွက် အရေးပေါ်အမိန့်ထုတ်ပြန်ရေးကိစ္စကို အရေးပေါ်ဝန်ကြီးအစည်းအဝေးက စဉ်းစားမည်ဟု ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

သို့သော် ပြုတ်သွားသည့် ၀န်ကြီးချုပ်စမတ်လက်ထက်တွင် စတင်ခဲ့သည့် ဆန္ဒပြမှုသူများ ၀န်ကြီးချုပ်ရုံးသိမ်းပိုက်မှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သော်လည်း ထိုင်းစစ်တပ်က လက်ရှောင်နေခဲ့သည်။ ယခုလည်း အရေးပေါ်အခြေအနေကြေညာသည့်တိုင် ထိုင်းအစိုးရမျှော်မှန်းသည့်အတိုင်း တည်ငြိမ်အေးချမ်းမှုရရန် မသေချာဟု ဘန်ကောက်မြို့ခံအချို့က ယူဆသည်။

ထိုင်းနိုင်ငံရေးအခြေအနေ တင်းမာနေသည့်အလျောက် အစိုးရရုံးများမှ ၀န်ထမ်းများအား အလုပ်ခွင်မှ စောဆင်းခွင့်ပြုထားသည်။

ဘန်ကောက်မြို့ရှိ အဓိက လေဆိပ် (၂) ခုကို ဆန္ဒပြသူများ သိမ်းထားသော်လည်း ဒီဇင်ဘာ ဒုတိယပတ်အတွင်း ချင်းမိုင်တွင်ကျင်းပမည့် အာဆီယံ ထိပ်သီးစည်းဝေးပွဲကို စီစဉ်ထား သည့်အတိုင်း ကျင်းပနိုင်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Tharit Charungvat က ပြောသည်။

သို့သော် ချင်းမိုင်အာဆီယံထိပ်သီးစည်းဝေးပွဲကို ရွှေ့ဆိုင်းရန်စဉ်းစားနေကြောင်း ဂျာမနီနိုင်ငံတွင် သောင်တင်နေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sompong Amornwiwat က ပြောသည်။ ဘန်ကောက် ဆူဝမ်နဖုန် (သူဝဏ္ဏဘူမိ) လေဆိပ်ကို ဆန္ဒပြသူများ စီးထားသည့်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sompong ဂျာမနီနိုင်ငံတွင် သောင်တင်နေခြင်းဖြစ်သည်။

0 comments: