Friday, November 28, 2008

မြန်မာစစ်တပ်မှ ဒု-တပ်ကြပ် (၃) ဦး ကေအန်ယူထံ လက်နက်ချ

NEJ/ ၂၈ နိုဝင်ဘာ ၂၀၀၈

မြန်မာစစ်တပ်မှ ဒု-တပ်ကြပ် (၃) ဦး လက်နက်များနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) တပ်စခန်းသို့ မကြာခင်က လာရောက်ပူးပေါင်းခဲ့ကြသည်။

အဆိုပါ စစ်သည် (၃) ဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ယမန်နေ့က ရောက်ရှိလာခဲ့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၆) လက်အောက်ခံ၊ ရှေ့တန်းစခန်း တပ်ရင်း (၁၆) သို့ ယခုလ (၁၁) ရက်နေ့က ရောက်ရှိလာကြသူများ ဖြစ်သည်။

လာရောက်ပူးပေါင်းကြသည့် စစ်သည်များမှာ ကေအန်အယ်လ်အေ တပ်မဟာ (၆) အခြေစိုက်ရာ ဘုရားသုံးဆူဒေသအတွင်းရှိ မြန်မာစစ်တပ် ခလရ (၂၀)၊ အနန်းကွင်းဗျူဟာ လုံခြုံရေးတပ်ဖွဲ့မှ ဒု-တပ်ကြပ် အောင်ကိုဦး (ကိုယ်ပိုင်အမှတ် တ/ ၂၆၈၆၄၀)၊ ဒု-တပ်ကြပ် စိန်ကြာထွန်း (ကိုယ်ပိုင်အမှတ် တ/ ၈၆၆၇၆၁) ဒု-တပ်ကြပ်မောင်ဋ္ဌေး (ကိုယ်ပိုင်အမှတ် တ/၂၆၈၀၃၆) တို့ ဖြစ်ကြသည်။

ယမန်နေ့က တပ်မဟာ (၆) လက်အောက်ခံ တပ်စခန်းတခုသို့ ရောက်ရှိလာသည့် အဆိုပါ စစ်သည် (၃) ဦးက မြန်မာစစ်တပ်အတွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုမျိုးစုံနှင့် အထက်ကပေးသည့် အမိန့်အတိုင်း လူထုဆန့်ကျင်ရေးလုပ်ငန်းများ နေ့စဉ်လုပ်နေကြရသည်ကို ဆက်လက်မလုပ်ကိုင်လိုတော့သဖြင့် ယခုကဲ့သို့ တပ်ကိုစွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ အလားတူ တပ်ကိုစွန့်ခွာလိုသည့် စစ်သည်များလည်း အများအပြားရှိ သည်ဟု ၎င်းတို့ လာရောက်ရခြင်းအကြောင်းကို ရှင်းပြခဲ့ကြသည်။

၎င်းတို့နှင့်အတူ M-79 (၁) လက်၊ MA-11 (၃) လက်၊ D6M စကားပြောစက် (၁) လုံး ပါရှိပြီး ၎င်းတို့အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ (၆) မှ လက်ခံကူညီစောင့်ရှောက်ထားသည်။

လာရောက်ပူးပေါင်းကြသည့် မြန်မာစစ်သည်များနှင့် ပတ်သက်၍ တပ်မဟာ (၆) တပ်မဟာစစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက “ကျနော်တို့ကတော့ သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ တော်လှန်ရေး ဆက်လုပ် ချင်ရင်လည်း ခွင့်ပြုတယ်။ သာမန်အရပ်သားလို နေထိုင်သွားမယ်ဆိုရင်လည်း ကူညီပေးတယ်။ ဒီထက်တဆင့် တတိယနိုင်ငံတို့ ဘာတို့ သွားမယ်ဆိုလို့ရှိရင်လည်း သူတို့ဆန္ဒအတိုင်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

0 comments: