Saturday, November 22, 2008

အမေရိကန်ကြီးစိုးသည့်ခေတ် ကုန်တော့မည် နောင်အနှစ် (၂၀) အကြာ ကမ္ဘာကြီးအခြေအနေ စိုးရိမ်ဘွယ်ရှိ

NEJ/ ၂၁ နိုဝင်ဘာ ၂၀၀၈

နောက်လာမည့် အနှစ် (၂၀) အကြာ ကမ္ဘာကြီး၏အခြေအနေမှာ နေ့စဉ် အဏုမြူစစ်ပွဲ ခြိမ်းခြောက်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုးကြီးများနှင့် ကြုံတွေ့နေရမှာ ဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံမှာလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် လွှမ်းမိုးထားသည့်အခြေအနေမျိုးမှ ကျဆုံးတော့မည်ဟု အမေရိကန်ထောက်လှမ်းရေးအသိုင်းအ၀န်း၏ သုံးသပ်ချက် အစီရင်ခံစာတွင် ကြောက်ခမန်းလိလိ ဖော်ပြထားသည်။

(၁၂၁) မျက်နှာရှိ အဆိုပါ အစီရင်ခံစာကို အမျိုးသားထောက်လှမ်းရေးကောင်စီအဖွဲ့က ပြုစုထားခြင်းဖြစ်သည်။ ထွန်းကားလာသည့် အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့စီးပွားရေးပေါင်းစည်း လာမှု၊ အနောက်နိုင်ငံများမှ ဓနအင်အား အရှေ့နိုင်ငံများသို့ ပြောင်းသွားမှု၊ အန်ဂျီအိုများကဲ့သို့ အစိုးရမဟုတ်သည့် အဖွဲ့များ သြဇာကြီးလာမှုတို့ကြောင့် ၂၀၂၅ ခုနှစ် နိုင်ငံတကာစနစ်မှာ မမှတ်မိလောက်အောင် ပြောင်းလဲသွားမည်ဟုလည်း အမျိုးသားထောက်လှမ်းရေးကောင်စီ အဖွဲ့က ဟောကိန်းထုတ်ထားသည်။

အမေရိကန်နိုင်ငံအနေဖြင့် အင်အားအကြီးဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားနိုင်စရာ အကြောင်းရှိသော်လည်း စစ်ရေးလို နယ်ပယ်မျိုးမှာပင် အမေရိကန်အစိုးရ၏ အင်အားတစုံတရာ ယုတ်လျော့လာနိုင်ပြီး အမေရိကန်သြဇာလည်း အခက်အခဲတွေ့ လာနိုင်သည်ဟု အစီရင်ခံစာက ထောက်ပြသည်။

Newsweek မဂ္ဂဇင်း အယ်ဒီတာ Fareed Zakaria ၏ အမေရိကန်ခေတ်လွန်ကမ္ဘာ (Post-American World) စာအုပ်ထွက်ပြီးမကြာခင် အမေရိကန် အမျိုးသားထောက်လှမ်းရေး ကောင်စီအဖွဲ့က လာမည့် နှစ် (၂၀) အကြာ ကြုံရမည့် အမေရိကန်ခေတ်လွန် အခြေအနေများကို ယခုကဲ့သို့ စစ်တမ်းထုတ်လိုက်ခြင်းဖြစ်သည်။

အမျိုးသားထောက်လှမ်းရေးကောင်စီသည် (၅) နှစ်တကြိမ် နောင်လာမည့် ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာတ၀ှမ်းဖြစ်လာနိုင်သည့် အခြေအနေများကို သုံးသပ်ပြုစုပြီး အဆိုပါ မူဝါဒရေးရာသုံးသပ်ချက်များကို အမေရိကန်သမ္မတ အိမ်ဖြူတော်နှင့် ထောက်လှမ်းရေးအသိုင်းအ၀န်းကို တင်ပြခြင်းဖြစ်သည်။

0 comments: