Sunday, November 30, 2008

ရန်ကုန် ထိုင်းနိုင်ငံ တရက်ခရီးစဉ် ထိုင်းအဲယားဝေး အထူးလေယာဉ် ပြေးဆွဲ

NEJ/ ၂၉ နိုဝင်ဘာ ၂၀၀၈

နိုဝင်ဘာလ ၂၉ ရက် တရက်တည်းအတွက် ထိုင်း-ရန်ကုန်နှင့် ရန်ကုန် ထိုင်းနိုင်ငံ အထူးလေယာဉ်တစီး ပြေးဆွဲပေးရန် ထိုင်းအဲယားဝေးအင်တာနေရှင်နယ်က စီစဉ်ထားကြောင်း ရန်ကုန် ထိုင်းအဲယားဝေး လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်က ပြောသည်။

၎င်းက “ ဒီညနေ အထူးလေယာဉ်တစီးပြေးဆွဲပေးမယ်၊ ဒါပေမဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ကိုမဟုတ်ဘူး ဘန်ကောက်နားက Utapao လေယာဉ်ကွင်းကိုဆင်းမှာ၊ အဲဒီကမှ ဘန်ကောက်ကို ကားနဲ့လာရမယ်။ အရင်လက်မှတ်ဝယ်ထားသူတွေထဲက ဒီခရီးစဉ်ကို လိုက်ချင်သူတွေရှိရင် လက်မှတ်ချိန်းပေးမယ်။ ဒါဟာ ဒီနေ့တရက်ထဲအတွက်ဖြစ်ပြီး နောက်နေ့တွေ အလားတူ လေယာဉ်ခရီးစဉ် ရှိမရှိ မသိနိုင်သေးဘူး” ဟု ပြောသည်။

အဆိုပါ အထူးလေယာဉ်သည် ထိုင်းနိုင်ငံ Utapao လေဆိပ်မှ ခရီးစဉ်အမှတ် TG-3059 ဖြင့် ထိုင်းစံတော်ချိန် ညနေ ၅နာရီ ၅၅ မိနစ်မှာ ရန်ကုန်ကို ထွက်ခွာလာမှာဖြစ်သည်။ တဖန် ရန်ကုန်မှ ထိုင်းနိုင်ငံ Utapao လေဆိပ်သို့ မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၄၀ တွင် ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

ဘန်ကောက် ဆူဝမ်နဖုန် (သုဝဏ္ဍဘူမိ) လေဆိပ်ကို အစိုးရဆန့်ကျင်သူများ သိမ်းပိုက်ထားသည့်အတွက် ဘန်ကောက်ပြန်မည့် နိုင်ငံခြားသားများ ရန်ကုန်တွင် ပိတ်မိနေပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာလည်း ခြောက်ကပ်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။

ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်အ၀င်ဂိတ်ကို အစောပိုင်းတွင် ထိုင်းရဲများက နေရာယူထားသော်လည်း မကြာခင် ဆန္ဒပြသူများက ပြန်သိမ်းလိုက်သည်။ ထိုင်းဝန်ကြီးချုပ်က ပီအေဒီဆန္ဒပြခေါင်းဆောင်အချို့နှင့် ဆွေးနွေးလိုသော်လည်း ပီအေဒီဘက်လက်မခံဟု ပြောသည်။ ဆူဝမ်နဖုန်နှင့် ဒွန်မောင်းလေဆိပ်များအနီး ထိုင်းရဲများ နေရာယူထားသော်လည်း ဆန္ဒပြသူများက လေဆိပ်သပိတ်စခန်းများကို လက်မလွတ်ဖို့ ဆုံးဖြတ်ထားသည်။

ဆူဝမ်နဖုန်လေဆိပ်ကို စနေနေ့ ညနေ ၆ နာရီထိ ပိတ်ထားမည်ဟု ထိုင်းလေဆိပ်တာဝန်များက သတင်းထောက်တွေကို ပြောခဲ့သော်လည်း ထိုင်းနိုင်ငံရေး ရှုတ်ထွေးနေသည့်အတွက် မည်သည့်နေ့မှ လေဆိပ်ပြန်ဖွင့်နိုင်မည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

စစ်တပ်ကလည်း အစိုးရ အရေးပေါ်အမိန့်ကို အကောင်အထည် မဖော်သည့်အတွက် ထိုင်းဝန်ကြီးချုပ်၏သြဇာကျဆင်းနေသည်ဟု ဘန်ကောက်မြို့ခံများက ပြောသည်။ ထိုင်းအစိုးရအခြေအနေမှာ အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်နေပြီး ၀န်ကြီးချုပ်ဆွန်ချိုင်း ချင်းမိုင်မှာ သောင်တင်နေသည့်အတွက် ချင်းမိုင်အစိုးရအဆင့်သာရှိနေသည်ဟု ထိုင်းအချို့က ယူဆသည်။

0 comments: