Wednesday, November 26, 2008

နာဂစ်ဒဏ်ထိ ဘုန်းကြီးကျောင်းများ (၇) လကြာထိ ပြန်မဆောက်နိုင်

ခေတ်ပြိုင်-ကိုဝိုင်း/ ၂၅ နိုဝင်ဘာ ၂၀၀၈

ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့သည်မှာ (၇) လခန့်ရှိသွားပြီဖြစ်သော်လည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့ပေါ်နှင့် ကွမ်းခြံကုန်းမြို့ နယ်အတွင်း၌ ပြန်လည်မတည်ဆောက်နိုင်သေးသော ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း (၅၀-၆၀) ကျောင်းခန့်ရှိကြောင်း ဒေသခံ သံဃာများက မိန့်ကြားသည်။

ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည့် ဘုန်းကြီးကျောင်းများမှာ ကွမ်းခြံကုန်းမြို့ပေါ်မှ ဘုန်းကြီးကျောင်း (၂) ကျောင်းအပါအ၀င် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဘီလင်း၊ ဘန့်ဘွေးကုန်း၊ ၀က်ကိုက် စသည့်ရွာများမှ ဖြစ်ကြောင်း ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူးမြို့နယ်တို့တွင် နာဂစ်စတင်ဖြစ်ခဲ့စဉ်မှစ၍ ယနေ့အထိ အကူအညီပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသော အမည်မဖော်လိုသည့် သံဃာတပါးက မိန့်ကြားသည်။ အဆိုပါကျောင်းများမှ သံဃာတော်များသည် အမိုးအကာအား တာပေါ်လင်စများကို အသုံးပြုနေကြရပြီး ကြမ်းခင်း၊ ၀ါးခင်းများဖြင့် ဖြစ်သလို သီတင်းသုံးနေကြရကြောင်း သိရသည်။

“ဒိ့ပြင် ဧရိယာကို မပြောသေးဘူးဗျာ။ လတ်တလော ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာပဲ ကျောင်းပေါင်း (၁၃၇) ကျောင်းရှိတယ် နော်။ ဒါပေမယ့် အဲဒီမှာကိုက ကျောင်း (၅၀) ကျော်၊ (၆၀) လောက်က အခြေအနေ မကောင်းတာ ဖြစ်နေတယ်။ သံဃာအပါး (၁၀၀) ကျော် (၂၀၀) ၀န်းကျင်လောက်ရှိမယ်။ ကိုယ်ထူကိုယ်ထစနစ်ကိုပဲ မဖြစ်နိုင်တာ။ ဘာကြောင့် ပြောနိုင်လည်းဆိုတော့ ဝေခြမ်းရေးမှာ ဦးဇင်းကိုယ်တိုင် လိုက်သွားတာတွေရှိတယ်” ဟု အဆိုပါအမည်မဖော်လိုသည့် သံဃာက မိန့်ကြားသည်။

နာဂစ်ဘေးသင့်သူများကို အကူအညီပေးနေသည့် ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကမူ ကုလသမဂ္ဂ သာမက အကူအညီပေးရေးအသိုင်းအ၀န်းက ဒေသခံသာသနာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှုများရှိကြောင်း၊ သို့သော် ဘုန်းကြီးကျောင်းများ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည်မှာ ဒေသခံများအနေဖြင့် စားဝတ်နေရေး လုံးပန်းနေရခြင်း၊ ကူညီရေးဦးစားပေးများထဲတွင် မပါဝင်ခြင်းတို့ကြောင့်ဟု ပြောသည်။

ဦးအေးဝင်းက “ရပ်ရွာမှာရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေပေါ်မှာလည်း မူတည်တယ်လေ။ ကိုယ့်မှာ အပိုအလျှံရှိ နိုင်မှသာ ဦးစားပေးလို့ ရမယ်လေ။ ကိုယ့်မှာတောင် အမိုးအကာ လုံခြုံဖို့ ကြိုးပမ်းတုန်းဆိုရင် ဘုန်းကြီးကျောင်းအတွက်က သူတို့ အနေနဲ့ ခက်ခဲလိမ့်မယ်။ ယူအန်နဲ့ အတူတူလုပ်တဲ့အဖွဲ့အစည်းတွေကတော့ အဲဒီမှာရှိတဲ့ဒေသခံတွေအတွက် အမိုးအကာလုံခြုံမှု တတ်နိုင်သလောက် လက်လှမ်းမီသလောက်တော့ လုပ်နေတာပေါ့။ ဒါကလည်း ငွေကြေးအခြေအနေပေါ်လည်း မူတည်တာပေါ့။ အကုန်လုံးကတော့ မရသေးဘူးပေါ့ဗျာ” ဟုပြောသည်။

ယင်းသို့ ဘုန်းကြီးကျောင်းများ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသည်မှာ ဒေသခံများ၏ စားဝတ်နေရေးအဆင်မပြေမှု သည်လည်း အချက်အလက်အဖြစ်ပါဝင်သည်ကို သဘောတူကြောင်း၊ သို့သော် စစ်အစိုးရအပါအ၀င် အကူအညီပေးရေးအဖွဲ့ များအနေဖြင့် ဘုန်းကြီးကျောင်းများအတွက် ဦးစားပေးလုပ်ငန်းအတွင်း ထည့်သွင်းသင့်ကြောင်း ဒေသခံသံဃာက မိန့်ကြားသည်။

ဒေသခံသံဃာက “ရွာတွေကိုက အခြေအနေမကောင်းတဲ့အခါကျတော့ ဘုန်းကြီးကျောင်းဘက် မလှည့်နိုင်ဘူး။ အခုထိ ကယ် ဆယ်ရေးအပိုင်း ထောက်ပံ့ရေးအပိုင်းသွားရတုန်းရှိသေးတယ်။ ဘုန်းကြီးကျောင်းတွေအတွက်ကို သီးသန့်လုပ်တာတော့မရှိဘူး။ လူထုအတွက်တော့ တချို့လုပ်ပေးကြပါတယ်။ သူတို့ (အာဏာပိုင်များ) သွားတယ်ဆိုတာ မြို့ပေါ်လောက်သွားတာ။ ဟိုးချောင် ချိုချောင်ကြား၊ မြစ်ကြိုမြစ်ကြား၊ ပင်လယ်ကြို ပင်လယ်ကြားအထိ အလောင်းကြားထဲ သူတို့မသွားဘူး” ဟုမိန့်ကြားသည်။

အဆိုပါ ဒေသခံသံဃာကိုယ်တိုင် ဆက်သွယ် အကူညီပေးခဲ့သည့် ရွာပေါင်း (၁၀၀) ကျော်ရှိသွားပြီဖြစ်ပြီး ရွာသူရွာသားများနှင့် သံဃာတော်များအတွက် ရိက္ခာများသာ အဓိကထား လှူဒန်းခြင်းဖြစ်ကြောင်း၊ ဒေသခံလက်လုပ်လက်စားများသည် ယခုထိ တိုင် အလုပ်အကိုင် အဆင်မပြေသေးဘဲ ၀င်ငွေရလမ်းမရှိဖြစ်နေကြောင်း၊ အာဏာပိုင်အဆင့်ဆင့်၏ အနှောင့်အယှက်ပေးမှုကြောင့် ပုဂ္ဂလိကအလှူရှင်များလည်း သွားရောက်လှူဒါန်းခြင်း မရှိသလောက်ဖြစ်နေကြောင်း သိရသည်။

နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဘုန်းကြီးကျောင်း (၇၄၀) သည် လုံးဝပျက်စီးသွားပြီး (၃,၂၃၅) ကျောင်းသည် ဆိုးရွားစွာထိခိုက်ခဲ့ကြောင်း စစ်အစိုးရ လူမှုဖူလုံရေးဌာနကို ကိုးကား၍ သတင်းများတွင် ဖော်ပြသည်။

0 comments: