Saturday, November 22, 2008

အသျှင်ဂမ္ဘီရကို စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ် - စွယ်စုံအနုပညာရှင် ကိုဇာဂနာကို (၄၅) နှစ်

ခေတ်ပြိုင်-ကိုဝိုင်း/ ၂၁ နိုဝင်ဘာ ၂၀၀၈

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဆရာတော် အသျှင်ဂမ္ဘီရကို ပုဒ်မ (၄) ခုဖြင့် အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၁၂) နှစ် ယနေ့ ထပ်မံချလိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ်ဖြစ်သွားကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အသျှင်ဂမ္ဘီရကို အနောက်ပိုင်းခရိုင်တရားရုံး၊ ကမာရွတ်မြို့နယ်တရားရုံးနှင့် အလုံမြို့နယ်တရားရုံးတို့မှ စွဲချက်များတင်ပြီး အင်းစိန်ထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ်များချမှတ်ခြင်းဖြစ်သည်။

ယမန်နေ့ကလည်း အနောက်ပိုင်းခရိုင်တရားရုံးမှ (၁၅) နှစ်၊ ကမာရွတ်မြို့နယ်က အမှု (၉) မှုအတွက် (၂၉) နှစ် စုစုပေါင်း (၄၄) နှစ် ချမှတ်ခဲ့သည်။ ယခုလ (၁၉) ရက်နေ့တွင်လည်း ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံခဲ့ရပြီး (၃) ရက်စာ စီရင်ချက် စုစုပေါင်း (၆၈) နှစ်ဖြစ်သွားပြီး တပေါင်းတည်းကျခံရမည်ဟု သိရသည်။

ထို့အပြင် အသျှင်ဂမ္ဘီရ၏ နောင်တော်ဖြစ်သူ ကိုအောင်ကျော်ကျော်ကို (၁၄) နှစ်၊ ကိုကျော်ကျော်နိုင် (၁၄) နှစ်၊ ဦးရွှေမောင်၊ ၀ဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့ကို (၄) နှစ်စီ၊ ကိုသန်းနိုင်ကို (၆) နှစ်၊ မဂ္ဂင်ဆရာတော်ဦးဣန္ဒကနှင့် ဦးကေလာသကို (၄) နှစ်စီ၊ ဦးဣဿရိယကို (၁၄) နှစ်၊ ဦးသုမန (လူအမည် ကိုမင်းဆက်) ကို (၆) နှစ် စသည်ဖြင့် အင်းစိန်ထောင်အထူးတရားရုံးက ယနေ့ ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

စွယ်စုံအနုပညာရှင် ကိုဇာဂနာခေါ် ကိုသူရကို အမှု (၃) ခုအတွက် (၄၅) နှစ်ချလိုက်ပြီး လာမည့် တနင်္လာနေ့တွင် နောက်ထပ် အမှု (၄) ခု ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ကိုဇာဂနာ၏ မိသားစုဝင်များက ပြောသည်။ ကိုဇာဂနာ၏ အမှုတွဲများဖြစ်သည့် ကိုဇော်သက်ထွေး (၁၅) နှစ်၊ ကိုသန့်ဇင်အောင် (၁၅) နှစ်၊ ကိုတင်မောင်အေးခေါ် ကတုံး (၂၉) နှစ် အသီးသီးချလိုက် ကြောင်းလည်း သိရသည်။

0 comments: